backup og meta

အာရုံစူးစိုက်မှုကောင်းစေမယ့်ဆေးတွေကြောင့် ရေရှည်မှာ ဆိုးကျိုးပိုများနိုင်


Yun Sandi Nan Mon မှ ရေးသားသည်။ · 23/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အာရုံစူးစိုက်မှုကောင်းစေမယ့်ဆေးတွေကြောင့် ရေရှည်မှာ ဆိုးကျိုးပိုများနိုင်

    လူငယ်တွေ၊ အထူးသဖြင့်ကျောင်းသားတွေလေ့လာနိုင်စွမ်းပိုကောင်းဖို့၊ အလုပ်မှာ အာရုံစိုက်နိုင်ဖို့ အလွယ်တကူဝယ်သောက်နိုင်တဲ့ဆေးဝါးတွေရှိပါတယ်။ ဒါပေမယ့် ဒီဆေးတွေက ခဏတာ အကျိုးကျေးဇူးကိုသာပေးနိုင်ပြီးရေရှည်မှာ ဦးနှောက်စွမ်းဆောင်ရည်ကို ဆုတ်ယုတ်စေနိုင်တယ်လို့ သုတေသနအသစ်ကဖော်ပြလာပါတယ်။

    Adderall ဟာ လှုပ်ရှားမှုလွန်ကဲပြီးအာရုံမစူးစိုက်နိုင်တဲ့ADHDရောဂါ ဒါမှမဟုတ် အချိန်မရွေးရုတ်တရက်အိပ်မောကျသွားတတ်တဲ့narcolepsyရောဂါရှိသူတွေအတွက် ဆရာဝန်တွေညွှန်းပေးလေ့ရှိတဲ့amphetamine အခြေခံတဲ့ဆေးဝါးတစ်မျိုးပါ။

    ဒီရောဂါရှိသူတွေကို အာရုံလန်းဆန်းပြီး အာရုံစူးစိုက်နိုင်အောင် ကူညီပေးဖို့ ထုတ်လုပ်သူတွေက ဒီဆေးကို ဖန်တီးခဲ့တာပါ။ ဒါပေမယ့်ရောဂါမရှိတဲ့လူငယ်တွေက အလုပ်ခွင်နဲ့ကျောင်းစာတွေမှာ စွမ်းဆောင်ရည်ကောင်းဖို့ ဒီဆေးနဲ့ အလားတူဆေးတွေကို သုံးလာကြပါတယ်။

    အမေရိကန်နိုင်ငံ၊ ဘယ်လ်တီမိုးပြည်နယ်မှာရှိတဲ့ Johns Hopkins Bloomberg School of Public Health သုတေသီတွေရဲ့၂၀၁၆ ခုနှစ်သုတေသနအရAdderallဆေးကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲသောက်သုံးသူအရေအတွက်က ၆ နှစ်တာအတွင်း ၇၆ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ သိရပါတယ်။

    University of California သုတေသီတွေရဲ့လေ့လာမှုအရတော့Adderall လို စိတ်ပိုင်းဆိုင်ရာနှိုးဆွပေးတဲ့ဆေးတွေကို ဆရာဝန်မညွှန်ဘဲသောက်တာကရေတိုအကျိုးကျေးဇူးပဲရှိတယ်လို့ ဆိုပါတယ်။ရေရှည်မှာဆိုရင်တော့ အာရုံစိုက်မရတာတွေ၊ အလုပ်မှာ မှတ်ဉာဏ်မကောင်းတော့တာ၊ကောင်းကောင်းအိပ်မပျော်တော့တာတွေဖြစ်လာနိုင်တယ်လို့ သုတေသနကတွေ့ရှိခဲ့ပါတယ်။

    သုတေသနမှာ ပါဝင်သူတွေကို အုပ်စုနှစ်ခုခွဲပြီး ပထမအစုကို အာရုံစိုက်နိုင်စွမ်း၊ဦးနှောက်စွမ်းဆောင်ရည်တို့အပေါ် သက်ရောက်မှုနဲ့ ဒုတိယအစုကို အိပ်စက်မှုနဲ့ အလုပ်ခွင်မှတ်ဉာဏ်တို့အပေါ် သက်ရောက်မှုတို့ကိုလေ့လာခဲ့ပါတယ်။

    လေ့လာမှုစစချင်းမှာ ပါဝင်သူအားလုံးကို မှတ်ဉာဏ်နဲ့ အာရုံစိုက်နိုင်စွမ်းစစ်ဆေးမှုတွေပြုလုပ်ထားပြီးဖြစ်ပါတယ်။ ဒါမှလေ့လာမှုပြီးဆုံးတဲ့အခါ ရလဒ်တွေပိုတိကျစေမှာဖြစ်ပါတယ်။ ပါဝင်သူတွေကို အာနိသင်မပါတဲ့ ဗလာဆေး နဲ့Adderall ပါတဲ့ဆေးကိုတိုက်ခဲ့ပါတယ်။ တစ်ပတ်ကြာတဲ့အခါ ကုသမှုကိုပြောင်းလဲလိုက်တာကြောင့် သူတို့ကို တစ်လှည့်စီသောက်စေခဲ့တာပါ။

    ပါဝင်သူတွေကို နှိုင်းယှဉ်တဲ့အခါ ရက်တိုကာလအတွင်း Adderall သောက်ထားတဲ့သူတွေက ဗလာဆေးသောက်ထားတဲ့သူတွေထက် အာရုံစိုက်နိုင်စွမ်းပိုကောင်းပြီးရေရှည်မှာတော့Adderall သောက်ထားတဲ့သူတွေက အာရုံစိုက်နိုင်စွမ်းနဲ့ မှတ်ဉာဏ်တွေ ကျဆင်းသွားတာတွေ့ရပါတယ်။

    ရောဂါမရှိတဲ့သူတွေမှာ ဒီလိုဆေးတွေနဲ့ လုပ်ဆောင်ချက်မြှင့်တင်တာဟာ အမှန်တော့ အကျိုးအာနိသင်ကို ချဲ့ကားထားတာဖြစ်ပြီး တိုးတက်မှုက အနည်းငယ်သာတွေ့ရတယ်လို့ တွဲဖက်သုတေသီSara Mednick ကပြောပါတယ်။

    Adderall ပါဝင်တဲ့dextroamphetamine ရဲ့အာနိသင်ကို ဆက်ပြီးလေ့လာတဲ့အခါသောက်သုံးထားတဲ့ပါဝင်သူတွေဟာ အလုပ်ခွင်မှတ်ဉာဏ်မှာ ဗလာဆေးသမားတွေထက် လုပ်ဆောင်ချက်ပိုဆိုးတာကိုတွေ့ရပါတယ်။

    ဒါ့အပြင် ညဘက်ဦးနှော်က်လုပ်ဆောင်ချက်စကင်န်နဲ့ အိပ်စက်မှုအရည်အသွေးစစ်ဆေးမှုတွေအရဆေးသောက်ထားတဲ့ပါဝင်သူတွေက သိပ်အိပ်မပျော်ကြသလို တခြားသူတွေနဲ့ယှဉ်ရင်ကောင်းကောင်းအိပ်မပျော်တာကိုတွေ့ရပါတယ်။

    “အာရုံလန်းဆန်းစေတဲ့၊ စိတ်ကိုနှိုးဆွစေတဲ့ဆေးတွေက အိပ်စက်မှုကိုမူတည်နေတဲ့ ဦးနှောက်စွမ်းဆောင်ရည်တွေကို မကောင်းတဲ့သက်ရောက်မှုရှိနေနိုင်ပါတယ်။ ဒါ့ကြောင့်ကျောင်းစာတွေပိုတော်အောင်၊ အလုပ်မှာ ပိုထက်မြက်အောင်လို့ ဒီဆေးတွေသောက်နေတဲ့သူတွေဟာ ကိုယ်ပိုပြီးတိုးတက်လာတယ်လို့ ခံစားရနိုင်ပေမယ့်လေ့လာမှုအချက်အလက်တွေအရရေရှည်မှာ ဒီလိုမတွေ့ရပါဘူး”လို့Sara က သတိပေးပါတယ်။

    ဒီရလဒ်တွေအရ ဦးနှောက်ဉာဏ်ရည်ထက်မြက်စေဖို့မြှင့်တင်ပေးမယ့်ဆေးတွေကိုသောက်ရတာဟာ မတန်ပါဘူးလို့ သုတေသီတွေက သတိပေးခဲ့ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 23/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement