backup og meta

ဗီတာမင် ဒီ လွန်ကဲလို့ ကျောက်ကပ်ပျက်စီးရတဲ့ သာဓက

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗီတာမင် ဒီ လွန်ကဲလို့ ကျောက်ကပ်ပျက်စီးရတဲ့ သာဓက

    နေရောင်ခြည်ကနေပဲအများဆုံးရရှိနိုင်တယ်ဆိုတဲ့ ဗီတာမင်ဒီရဲ့ကောင်းကျိုးတွေအကြောင်း၊ ဗီတာမင်ဒီ ချို့တဲ့ရင်ဖြစ်လာနိုင်တဲ့ပြဿနာတွေအကြောင်း လူသိများလာတဲ့အခါ ဗီတာမင်ဒီကိုဖြည့်စွက်အားဆေးအဖြစ်သောက်သုံးတာခေတ်စားလာပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ ပမာဏမှန်ကန်အောင်သောက်သုံးတာဘာမှမဖြစ်ပေမယ့် ကိုယ့်သဘောနဲ့ကိုယ် အားဆေးတွေသောက်ကြတဲ့အခါ ကွိုင်တက်ပါတော့တယ်။ ဘာလို့ဆို ဗီတာမင်ဒီဟာ တန်ဆေးလွန်ဘေးဆိုတဲ့စကားကို အတိအကျသက်သေပြတဲ့ဓါတ်ဖြစ်နေလို့ပါပဲ။

    တစ်နေ့တာ ရရှိသင့်တဲ့ ပမာဏထက်ကျော်လွန်သွားရင် ဒါမှမဟုတ်ကျော်လွန်တာကြာနေရင် ခန္ဓါကိုယ်မှာ ဆိုးကျိုးအန္တရာယ်ပိုများနိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။ ဥပမာ ဗီတာမင် ဒီအားဆေးကိုတစ်နေ့တစ်လုံးသောက်နေတယ်ထား၊ အရိုးအားဆေး၊ မာလ်တီဗိုက်တာမင်အားဆေး၊ အသည်းအားဆေး စသည်ဖြင့် အမည်တပ်တပ်ပြီး ဗီတာမင်အစုံပါတဲ့တခြားအားဆေးတွေ(ဗီတာမင်ဒီအပါအဝင်)ကို နှစ်မျိုးလောက်ထပ်သောက်လိုက်ရင်ပဲ ဗီတာမင်နဲ့သတ္တုဓါတ်တွေလိုတာထက်ပိုတော့မှာပါ။ ဒီဓါတ်တွေအကုန်လုံးဟာ ခန္ဓါကိုယ်ကြီးလည်ပတ်ရှင်သန်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်တွေဖြစ်ပေမယ့် လိုအပ်တဲ့ပမာဏထက် မလွန်ကဲနေသင့်ပါဘူး။ ဗီတာမင် ဒီလွန်ကဲရင် အရင်ဆုံးပျက်စီးမှာကျောက်ကပ်ပါပဲ။

    လတ်တလောအဖြစ်ဆုံးသာဓကတစ်ခုကိုပြရရင် ကနေဒါအမျိုးသားတစ်ယောက်ဟာ တစ်နေ့တာသောက်သုံးသင့်တဲ့ ဗီတာမင် ဒီပမာဏထက် ၁၂ ဆ ပိုသောက်မိလို့ကျောက်ကပ်ပျက်စီးခဲ့ရပါတယ်။ သူဟာ သဘာဝကုထုံးပညာရှင်တစ်ယောက်ရဲ့အကြံပြုချက်နဲ့ ဗီတာမင်ဒီ ပမာဏအများကြီးကိုနေ့တိုင်းသောက်ခဲ့တာ နှစ်နှစ်ခွဲရှိခဲ့ပါပြီတဲ့။

    အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ အဲဒီအမျိုးသားက ခန္ဓါကိုယ်ထဲမှာ ဗီတာမင် ဒီရဖို့ နှစ်ပတ်တာအားလပ်ရက်မှာ တစ်နေ့ကို ၈ နာရီလောက်နေပူစာလှုံခဲ့ပြီးနောက် ကျန်းမာရေးဆိုးဝါးလာခဲ့တာဖြစ်ပါတယ်။

    ဆေးစစ်ချက်တွေအရ သူ့ရဲ့သွေးထဲမှာcreatinine ပမာဏမြင့်တက်လျက်ရှိတာတွေ့ရပြီး ဒါဟာကျောက်ကပ်ကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့လက္ခဏာတစ်ခုဖြစ်နေပါတယ်။

    သွေးတွင်း ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်ပမာဏက အန္တရာယ်ရှိတဲ့အဆင့်အထိမြင့်တက်နေတာကြောင့်ကျောက်ကပ်လုပ်ဆောင်ချက်တွေပျက်ယွင်းကုန်တာ ဆရာဝန်တွေက သိရှိခဲ့ပါတယ်။

    ဒီလူနာကို ကျန်းမာရေးပြန်ကောင်းလာအောင် အချိန်တစ်နှစ်လောက် ကြိုးစားကုသခဲ့ရတာတောင်နောက်ဆုံးမှာ နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ကျန်ခဲ့ပြီး ကျောက်ကပ်ဆေးနေရတဲ့အဖြစ်ကိုရောက်ရတော့မှာပါ။

    သူ့မှာ အရိုးပါးတဲ့ ဒါမှမဟုတ် ဗီတာမင်ဒီချို့တဲ့တာ လိုမျိုးရောဂါရာဇဝင်မရှိခဲ့ဘဲ တစ်နေ့ကို ဗီတာမင်ဒီ8,000 ကနေ 12,000IU အားသောက်သုံးခဲ့တာဖြစ်ပါတယ်။

    ကျန်းမာရေးအကြံပြုချက်တွေအရ ပုံမှန်ဆို ဗီတာမင်ဒီကို တစ်နေ့1000IU အထိပဲ အများဆုံးသောက်သုံးလို့ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့လိုပဲ တခြားလူတွေအသိအမြင်တွေမှားနေကြမှာကိုToronto General Hospital က ဆရာဝန်တွေက စိုးရိမ်ခဲ့ကြပါတယ်။

    “ဗီတာမင်အားဆေးတွေကတော့ ဘေးမဖြစ်နိုင်ဘူးလို့ သူတစ်ထစ်ချထင်ထားပုံရတယ်။ သူ့အတွေးအရဆိုရင် ဗီတာမင်ဒီကို ပိုသောက်လေ၊ အရိုးပိုကြံ့ခိုင်လေပဲ။”လို့ လူနာရဲ့အသိအမြင်မှားအကြောင်းဒေါက်တာBourne Auguste ကရှင်းပြပါတယ်။

    သူက သဘာဝပစ္စည်းတွေနဲ့ကုသပေးတယ်လို့ဆိုတဲ့homeopathy ကုထုံးပညာရှင်တစ်ဦးနဲ့တွေ့ဆုံခဲ့ဖူးတယ်။ အဲဒီပညာရှင်က တစ်စက်မှာ ဗီတာမင်ဒီ500IU ပါတဲ့ အစက်ချဆေးအမှတ်တံဆိပ်တစ်မျိုးကို တစ်နေ့ ၈ စက်သောက်ဖို့ အကြံပေးခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကို ကနေဒါ ကျန်းမာရေးဂျာနယ်Medical Association Journal မှာဖော်ပြထားတာပါ။

    ဒီဆေးနဲ့တင် တစ်နေ့ကို ဗီတာမင်ဒီ4,000IUဖြစ်နေပြီကို မသိနားမလည်ခဲ့တဲ့ အဲဒီအမျိုးသားဟာ တစ်စက်ကို1,000IU ပါတဲ့တခြား ဗီတာမင်ဒီဆေးတစ်မျိုးကို ထပ်ဝယ်ခဲ့ပါသေးတယ်။ အားလပ်ရက်ခရီးစဉ်ကပြန်လာပြီးတဲ့နောက်တော့ သူဆရာဝန်ပြခဲ့ရပါတော့တယ်။

    အစကတော့ရေဓါတ်ခန်းခြောက်တာ ဒါမှမဟုတ် အပူလျှပ်တာလို့ ဆရာဝန်ကယူဆခဲ့လို့သွေးကျဆေးနဲ့ဆီးဆေးတွေကို ရပ်စေခဲ့ပါတယ်။သွေးစစ်ချက်အရ သိရတော့မှကျောက်ကပ်အထူးကုကိုဆက်ပြခဲ့ရတာပါ။

    အဲဒီတော့မှ သူသောက်နေတဲ့အားဆေးတွေနဲ့ သူစားနေတဲ့ကယ်လ်စီယမ်ကြွယ် အစားအစာတွေကိုရပ်ခိုင်းရပါတယ်။ ဗီတာမင်ဒီအဆိပ်သင့်မှုအတွက် ရောဂါကုသစောင့်ရှောက်မှုတစ်နှစ်နီးပါးရှိတော့မှ သူ့ရဲ့ကယ်လ်စီယမ်နဲ့ဗီတာမင်ဒီပမာဏက ပုံမှန်ပြန်ဖြစ်လာပါတယ်။ ဒါပေမယ့် သူ့မှာ နာတာရှည်ကျောက်ကပ်ရောဂါ အဆင့် ၃ဖြစ်နေခဲ့ပါပြီ။

    တကယ်တော့နေရောင်ခြည် ဒါမှမဟုတ် အစားအသောက်ကရတဲ့ဗီတာမင်ဒီပမာဏက ခန္ဓါကိုယ်အတွက်အန္တရာယ်မရှိနိုင်ပါဘူး။ လိုအပ်ရင် ဆရာဝန်ညွှန်ကြားချက်အရသောက်သုံးရင်လည်းဘေးမရှိစေပါဘူး။ အပေါ်မှာပြောခဲ့သလို ကိုယ့်သဘောနဲ့ကိုယ် သို့မဟုတ် သူများအပြောကြောင့်သောက်သုံးနည်းလွဲမှားရင်တော့ အန္တရာယ်ရှိပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement