backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Mumps (ပါးချိတ်ရောင်ရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. May Myat Hnin Aung မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Mumps (ပါးချိတ်ရောင်ရောဂါ) ကဘာလဲ။

ပါးချိတ်ရောင်ရောဂါဟာ လူတစ်ဦးမှတစ်ဦး တံတွေး၊ နှာရည်၊ လက်ပွန်းတတီးနေခြင်းတို့မှ ကူးစက်တတ်သော ဗိုင်းရပ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ပါးချိတ်မှာရှိတဲ့ တံတွေးထုတ်ပေးတဲ့ တံတွေးဂလင်းကို အဓိကထိခိုက်စေပါတယ်။ မျက်နှာတစ်ခြမ်းစီအတွက် နားရွက်အနောက်နဲ့အရှေ့မှာ တံတွေးဂလင်းသုံးစုံစီ ရှိပါတယ်။ တံတွေးဂလင်းရောင်လာခြင်းဟာ အဓိကရောဂါလက္ခဏာ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူများမှာဖြစ်လျှင် ကလေးများထက်ပိုပြီး ပြင်းထန်စွာခံစားရနိုင်ပါတယ်။ ရောဂါဖြစ်သူ သုံးပုံတစ်ပုံမှာ လက္ခဏာအနည်းငယ်မှ လုံးဝမပြသည်အထိ ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးများကတော့ ၁၅%မှာ ဦးနှောက်အမြှေးရောင်ခြင်း၊ ၄%မှာ ပန်ကရိယရောင်ခြင်း၊ နားပင်းသွားခြင်းနှင့် ရှားရှားပါးပါးမျိုးမပွားနိုင်သည်အထိ ဖြစ်စေတဲ့ ဝှေးစေ့ရောင်ရမ်းနာကျင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ အမျိုးသမီးများတွင်လည်း မျိုးဥအိမ်ရောင်ရမ်းခြင်း ဖြစ်စေနိုင်သော်လည်း မျိုးပွားနိုင်စွမ်းကို မထိခိုက်စေပါ။

Mumps (ပါးချိတ်ရောင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ကာကွယ်ဆေးမထိုးသူများမှာ တစ်နှစ်လျှင် ဝ.၁မှ ၁% အထိဖြစ်ပွားပါတယ်။ ကာကွယ်ဆေးကျယ်ကျယ်ပြန့်ပြန့် ထိုးလာကြခြင်းကြောင့် ရောဂါဖြစ်နှုန်း၉၀%ကျော် ကျဆင်းခဲ့ပါတယ်။ ကာကွယ်ဆေးထိုးနှုန်းနည်းတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ပိုအဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Mumps (ပါးချိတ်ရောင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပါးချိတ်ရောင်ရောဂါရဲ့ ရောဂါလက္ခဏာတွေဟာ ဗိုင်းရပ်စ်နဲ့ထိတွေ့ပြီး ၂ပတ်အတွင်း ပေါ်လာတတ်ပါတယ်။ တုပ်ကွေးနဲ့တူသော လက္ခဏာများဖြစ်တဲ့

  • ပင်ပန်းနွမ်းနယ်ခြင်း
  • ကိုယ်လက်ကိုက်ခဲခြင်း
  • ခေါင်းကိုက်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • အဖျားငွေ့ငွေ့ရှိခြင်းတို့ အရင်ဆုံးဖြစ်လာပါတယ်။
  • နောက်ရက်အနည်းငယ်အတွင်း အဖျားကြီးပြီး တံတွေးဂလင်းများ သိသိသာသာရောင်လာပါမယ်။ ဂလင်းအားလုံး တပြိုင်တည်း မရောင်ဘဲလည်း ဖြစ်တတ်ပါတယ်။ အချိန်ပိုင်းနဲ့ရောင်ပြီး နာတာ အဖြစ်များပါတယ်။ ဗိုင်းရပ်စ်နဲ့ထိတွေ့ချိန်မှ တံတွေးဂလင်းရောင်ချိန်ကြားအချိန်မှာ အခြားလူတစ်ယောက်ဆီ ရောဂါကူးနိုင်ပါတယ်။

    ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အများစုမှာ ရောဂါလက္ခဏာပြသော်လည်း အချို့ကတော့ လက္ခဏာအနည်းငယ်မှ လုံးဝမပြသည်အထိ ဖြစ်နိုင်ပါတယ်။

    အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

    အကြောင်းရင်းများ

    Mumps (ပါးချိတ်ရောင်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

    ပါးချိတ်ရောင်ဗိုင်းရပ်စ်ပိုးဟာ Paramyxo မိသားစုဝင် Rubulaမျိုးကွဲ တစ်မျှင်တည်းဖြစ်ပြီး အခွံပါတဲ့ RNA ဗိုင်းရပ်စ်အမျိုးအစား ဖြစ်ပါတယ်။ သူ့မျိုးဗီဇမှာ ပရိုတင်း ကိုးခုကို ကိုယ်စားပြုတဲ့ ဘေ့စ်ပေါင်း ၁၅၃၈၄ခု ပါဝင်ပါတယ်။ ဗိုင်းရပ်စ်ပွားများဖို့လိုအပ်တဲ့ ပရိုတင်းများမှာ nucleoprotein, phosphoprotein, polymerase protein တို့ဖြစ်ပါတယ်။ ဒီရောဂါကို သဘာဝအတိုင်းဆိုလျှင် လူတွေကပဲ သယ်ဆောင်နိုင်ပါတယ်။ ရောဂါရှိသူထံမှ တံတွေးစသော အသက်ရှူလမ်းကြောင်းမှ အရည်များကို ထိမိရာမှ လူအချင်းချင်းကူးနိုင်ပါတယ်။ ရောဂါရှိသူက နှာချေ၊ချောင်းဆိုးလျှင် လေထဲမှာအမှုန်ငယ်များ ပြန့်နှံ့သွားပြီး အခြားလူတစ်ယောက်ရဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်ထဲသို့ ဝင်နိုင်ပါတယ်။ ဗိုင်းရပ်စ်ဟာ မျက်နှာပြင်တစ်ခုပေါ်မှာ ရှင်သန်နေနိုင်ပြီး အလားတူကူးစက်နိုင်ပါတယ်။ ပါးချိတ်ရောင်ရောဂါကူးစက်ခံရသူ တစ်ယောက်မှာ ရောဂါလက္ခဏာများမပေါ်မီ ၇ရက်ခန့်နှင့် ရောဂါလက္ခဏာပေါ်ပြီး ၈ရက်ခန့်အထိ ရောဂါဖြန့်ဝေနိုင်စွမ်းရှိပါတယ်။

    ဖြစ်နိုင်ခြေများ

    ငါ့ဆီမှာ Mumps (ပါးချိတ်ရောင်ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

    အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Mumps (ပါးချိတ်ရောင်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

    ရောဂါပြန့်ပွားနေချိန်အတွင်းမှာ ပါးချိတ်ရောင်ခြင်းနှင့် လတ်တလောထိတွေ့မှုကို ကြည့်ပြီး အတည်ပြုနိုင်ပါတယ်။ သို့သော် ရောဂါဖြစ်ပွားနှုန်းနည်းနေချိန်မှာ အခြားပါးချိတ်ရောင်စေနိုင်တဲ့အကြောင်းအရင်းများ ဥပမာ HIV, coxsackie virus, တုပ်ကွေးတို့ကို ထည့်သွင်းစဉ်းစားရပါမယ်။ Enterovirus ကဲ့သို့ အချို့ဗိုင်းရပ်စ်များဟာ ပါးချိတ်ရောင်ရောဂါနဲ့ ဆင်တူတဲ့ ပိုးမတွေ့ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွားစေပါတယ်။ ဂလင်းရောင်ခြင်းကို စမ်းသပ်ကြည့်လျှင် သိနိုင်ပါတယ်။ အများအားဖြင့် ရောဂါကို စမ်းသပ်ပြီးအတည်ပြု၍ ဓါတ်ခွဲစစ်ဆေးရန် မလိုပါ။ ရောဂါအမည်သေချာမတပ်နိုင်လျှင်တော့ တံတွေး/သွေးကို PCR နည်းပညာအသစ်ဖြင့် စမ်းသပ်နိုင်ပါသည်။ တံတွေးဂလင်း ဘာကြောင့်ရောင်ရောင် တံတွေးထဲရှိ amylase ပမာဏများနေတတ်ပါတယ်။

    Mumps (ပါးချိတ်ရောင်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

    ဗိုင်းရပ်စ်ဖြစ်သောကြောင့် ပဋိဇီဝဆေး/အခြားဆေးများကို မတုန့်ပြန်ပါ။ ရောဂါခံစားရစဉ် နေသာထိုင်သာရှိရန် ရောဂါလက္ခဏာများကိုတော့ ကုသနိုင်ပါတယ်။

    • ပင်ပန်းနေလျှင်အနားယူပါ။
    • အဖျားကျစေရန် ပါရာစီတမော Ibuprofen ကဲ့သို့ ဆေးများကို ဝယ်သောက်နိုင်ပါတယ်။
    • ရောင်နေသော ဂလင်းကို ရေခဲကပ်ပေးနိုင်ပါတယ်။
    • အဖျားကြောင့် ရေဓါတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ဖို့ ရေများများသောက်ပါ။
    • ဂလင်းတွေရောင်နေပါက ဝါးစားလျှင်နာနိုင်သောကြောင့် စွတ်ပြုတ်၊ ဒိန်ချဉ်တို့ကဲ့သို့ ဝါးရမခက်သော အစာပျော့ပျော့စားပါ။
    • တံတွေးဂလင်းများကို ပိုနာစေသည့် အချဉ်နှင့် အဖျော်ယမကာများကို ရှောင်ပါ။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ပါးချိတ်ရောင်ရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ပါးချိတ်ရောင်ရောဂါကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

    ကာကွယ်ဆေးထိုးခြင်းဖြင့် ပါးချိတ်ရောင်ခြင်းကို ကာကွယ်နိုင်ပါတယ်။ မွေးကင်းစနဲ့ ကလေးအများစုဟာ ပါးချိတ်ရောင်၊ ဝက်သက်၊ ဂျိုက်သိုးအတွက် ကာကွယ်ဆေး MMRကို တချိန်တည်းထိုးကြရပါတယ်။ MMRဆေး ပထမအကြိမ်ကို ကလေးအသက် ၁၂လမှ ၁၅လအတွင်း ပုံမှန်ဆေးခန်းပြစဉ် ထိုးရပါတယ်။ ဒုတိယအကြိမ်ကို ကျောင်းနေအရွယ် ၄နှစ်နဲ့ ၆နှစ်အတွင်း ထိုးရပါတယ်။

    ၁၉၅၇ခုနှစ် မတိုင်ခင်ကမွေးပြီး ပါးချိတ်မရောင်ဖူးသူ လူကြီးများလည်း ထိုးနိုင်ပါတယ်။ ကူးစက်နိုင်ခြေမြင့်သော ဆေးရုံ၊ ကျောင်းတို့မှာ အလုပ်လုပ်သူတိုင်း ကာကွယ်ဆေးထိုးထားသင့်ပါတယ်။ သို့သော် ကိုယ်ခံအားနည်းသူများ၊ gelatin, neomycin တို့နဲ့ ဓါတ်မတည့်သူများ၊ ကိုယ်ဝန်ဆောင်မိခင်များကတော့ မထိုးသင့်ပါ။

    အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. May Myat Hnin Aung မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement