backup og meta

ကျန်းမာရေးဝန်ထမ်းတစ်ယောက် ဖြစ်ရခြင်းရဲ့ နောက်ကွယ်က အန္တရာယ်များ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 03/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးဝန်ထမ်းတစ်ယောက် ဖြစ်ရခြင်းရဲ့ နောက်ကွယ်က အန္တရာယ်များ

    ကျန်းမာရေးဝန်ထမ်းတစ်ယောက်ဖြစ်ရခြင်းဟာ လွယ်ကူတဲ့ကိစ္စတော့မဟုတ် ပါဘူး။ လူတစ်ယောက်ရဲ့ အသက်ကိုကယ်ဆယ်ရင်း မိမိအပေါ်ကိုလည်း ဘေးအန္တရာယ်တွေပြန်လည်ကျရောက်လာနိုင်ပါ တယ်။ COVID-19 ကမ္ဘာ့ကပ်ရောဂါဟာ သာဓကပါပဲ။ ဆရာဝန်တွေ၊ ဆရာမတွေဟာ Corona virus ကူးစက်ခံရသူ လူနာတွေရဲ့ အသက်ကိုကယ်တင်ကုသပေးရင်း သူတို့ပါ Virus ကူးစက်ခံလိုက်ရပါတယ်။ အီတလီနိုင်ငံမှာဆိုရင် ဆရာဝန်စုစုပေါင်း ၅၉ ယောက်ဟာ COVID-19 ကြောင့် သေဆုံးခဲ့ရပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတစ်ယောက်မှာ ဘယ်လိုအန္တရာယ်တွေ ရှိနေသလဲဆိုတာ ကြည့်လိုက်ကြရအောင်။

    ()     ကူးစက်ရောဂါတွေ ကူးစက်နိုင်ပါတယ်

    ကူးစက်ရောဂါတစ်ခုခုရှိနေတဲ့ လူနာတစ်ယောက်ကို ကုသပေးရာမှာ ဆရာဝန်တွေဆီကိုပါ ကူးစက် သွားနိုင်ပါတယ်။  ကူးစက်တဲ့အခါ နည်းလမ်း(၃)မျိုးနဲ့ ကူးစက်နိုင်ပါတယ်။

    • ထိတွေ့ရုံနဲ့ကူးစက်ခြင်း (By contact)
    • လူနာတွေ ချောင်းဆိုး၊ နှာစေးရာမှ ထွက်လာတဲ့ တံတွေး၊ နှာရည်စက်တို့မှ ကူးစက်ခြင်း (By droplets)
    • လေမှတစ်ဆင့်ကူးစက်ခြင်း (By airborne transmission)တို့နဲ့ ကူးစက်နိုင်ပါတယ်။

    ကျန်းမာရေးဝန်ထမ်းတွေဆီ အများဆုံး ကူးစက်နိုင်တဲ့ ရောဂါတွေကတော့ တီဘီရောဂါ၊  အသည်းရောင်အသားဝါဘီပိုး၊ စီပိုး ၊ (HIV) ခုခံအားကျဆင်းမှု  AIDS ရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ ရေကျောက် ရောဂါနဲ့ ခွေးရူးပြန်ရောဂါ၊ ယခုကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID-19 ရောဂါအစရှိတဲ့ ရောဂါတွေပဲဖြစ်ပါတယ်။ ဆရာဝန်၊ ဆရာမတွေဟာ ရောဂါပိုးရှိ လူနာတွေနဲ့ အနီးကပ်စကားပြောတာမျိုး၊ လူနာတွေရဲ့သွေးကို ဖောက်ပေးရတာမျိုး၊ သွေးသွင်းပေးရတာမျိုး၊ ဆေးထိုးပေးရတာမျိုးတွေကြောင့် ကူးစက်ရခြင်းပါ။ သွေးသွင်း/သွေးဖောက်တာတွေ၊ ခွဲစိတ်ပေးရတာတွေပြုလုပ်နေချိန်မှာ လူနာကို ဖောက်ထားတဲ့အပ် မတော်တဆ စူးမိတာမျိုး၊ ဓားရှတာမျိုးတွေ ရှိလာနိုင်ပါတယ်။ လူနာကို အနီးကပ်ကုသပေးရာမှာလည်း လူနာချောင်းဆိုး၊ နှာချေလိုက်တဲ့ အစက်အမှုန်တွေဟာ ကျန်းမာရေးဝန်ထမ်းဆီကို ရောက်ရှိကူးစက်သွားနိုင်ပါတယ်။ ဒါတွေဟာ ဆရာဝန်၊ ဆရာမတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ အကြီးမားဆုံးသော ဘေးအန္တရာယ်ပါပဲ။ ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေဟာ လက်အိတ်၊ mask နဲ့ gown(ခွဲစိတ်ရာမှာသုံးတဲ့ ပိုးသတ်ဝတ်စုံ)တွေကို အကာအကွယ်ယူ ဝတ်ဆင်ထားကြခြင်းပါ။

    ()     အလုပ်အလွန်အကျွံ လုပ်ရခြင်းကြောင့် စိတ်ဖိစီးခြင်း

    ဆရာဝန်တွေဟာ (၂၄)နာရီ ဂျူတီကို ဆင်းပေးရတဲ့တာဝန်ရှိပါတယ်။ အလုပ်ခွင်ထဲမှာ (၂၄)နာရီ လုံးလုံး လူနာတွေကိုကုသပေးရတာပါ။ အိပ်ချိန်စားချိန်တွေဟာ ပုံမှန်မဟုတ်တော့ပါဘူး။ (၂၄)နာရီဂျူတီကို တစ်ပတ်မှာ အနည်းဆုံး(၂)ရက်ကနေ (၃)ရက်ထိဆင်းပေးရပါတယ်။ ဒီအခါမှာတော့ စိတ်ကျရောဂါ တွေခံစား လာရတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာရတာကြောင့် မျှော်လင့်ချက်တွေမဲ့လာတာမျိုး၊ မိမိကိုယ်ကို သတ်သေတာမျိုးတွေရှိလာနိုင်ပါတယ်။ အလုပ်တွေ ဖိစီးလာတဲ့အခါ အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲလာနိုင်တာမျိုးတွေ ရှိနိုင်ပါတယ်။

    ()     မိသားစုဘဝ ထိန်းသိမ်းဖို့ခက်ခဲလာခြင်း

    အလုပ်တွေများတဲ့အခါ၊ night duty တွေများများဆင်းတဲ့အခါ မိသားစုကို အချိန်မပေးနိုင်တာမျိုးတွေ ဖြစ်လာပါတယ်။ အလုပ်ထဲက စိတ်ဖိစီးမှုတွေ အိမ်အထိပါလာတဲ့အခါ အိမ်တွင်းရေးမပြေလည်တာတွေ ရှိလာ နိုင်ပါတယ်။ အကျိုးဆက်ကတော့ အိမ်ထောင်ရှိသူ ဆရာဝန်၊ ဆရာမတွေဆိုရင် အိမ်ထောင်ပြိုကွဲတဲ့အထိ တောင် ဖြစ်နိုင်ပါတယ်။

    ()     အထိုင်များပြီး၊ နာရီပေါင်းများစွာပြုလုပ်ရခြင်းကြောင့်

    အသက်ကြီးလာတဲ့အခါ နှလုံးသွေးကြောကျဉ်း ရောဂါ၊ သွေးတိုးနဲ့ ဆီးချိုရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

    ()     အချိန်အတော်ကြာ ဆေးရုံထဲမှာပဲ အလုပ်လုပ်နေရခြင်းကြောင့် နေရောင်ခြည်နဲ့ ထိတွေ့မှုနည်းပါးလာပါတယ်။

    နေရောင်ခြည်ဟာ ဗီတာမင်ဒီဖွဲ့စည်းဖို့ရန် အရေးကြီးပါတယ်။ နေရောင်ခြည်မရတဲ့အခါ ဗီတာမင် ဒီ ချို့တဲ့တာမျိုး၊ အရိုးကျန်းမာရေးကို ထိခိုက်လာတာမျိုးတွေဖြစ်လာမှာပါ။ နေရောင်ခြည်ကင်းမဲ့ ခြင်းကြောင့်  စိတ်ကျရောဂါလည်း အလွယ်တကူဖြစ်လာနိုင်ပါတယ်။

    ()     ဓါတု ဘေးအန္တရာယ်

    ကျန်းမာရေးဝန်ထမ်းတွေဟာ ဆေးရုံဆေးခန်းတွေမှာ အသုံးပြုတဲ့ပိုးသတ်ဆေးဆွေ၊ လေဆာနဲ့ အခြားလျှပ်စစ်ကို အသုံးပြုပြီး ပြုလုပ်တဲ့ခွဲစိတ်မှုတွေကထွက်တဲ့ မီးခိုးငွေ့တွေ၊ ဓါတ်ရောင်ခြည်တွေနဲ့ ကင်ဆာဓါတ်ကင်မှုတွေနဲ့ ထိတွေ့ရာကနေ ခန္ဓာကိုယ်ပေါ်ကို ဓာတုဘေးအန္တရာယ်တွေ သက်ရောက်လာနိုင် ပါတယ်။

    ()     ပိုးမွှား သယ်ဆောင်သူများ ဖြစ်လာရခြင်း

    ဆရာဝန်၊ ဆရာမနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ဆေးရုံကနေ တာဝန်ပြီးချိန် အိမ်ပြန်တဲ့အခါ ဆေးရုံဆေးခန်းတွေဆီက ရောဂါပိုးတွေဟာ နည်းအမျိုးမျိုးနဲ့ အိမ်ကိုပါလာနိုင်ပါတယ်။ ဒါဆိုရင်တော့ အိမ်က မိသားစုတွေ၊ ကလေးတွေဆီကိုပါ ရောဂါပိုးတွေပျံ့နှံ့ရောက်ရှိသွားမှာပါ။

    ()    ဘေးဥပါဒ်တွေ ဖြစ်လာနိုင်တယ်

    သဘာဝဘေးအန္တရာယ်ဖြစ်ပွားရာဒေသတွေကို လူနာတွေကို သွားရောက်ကုသရတဲ့ အခြေအနေမျိုး တွေ မှာဆိုရင်တော့ တခြား ဘေးဥပါဒ်တွေ ဖြစ်လာနိုင်ပါတယ်။ လူနာတင်ယာဉ် မတော်တဆမှုဖြစ်ပွားခြင်း၊ ရေးကြီးခြင်း၊ ငလျင်လှုပ်ခြင်းတို့မှာ ပါဝင်ထိခိုက်ရခြင်းတွေအထိ ဖြစ်နိုင်ပါတယ်။

    ()     ထိခိုက်ဒဏ်ရာတွေ ခံစားရနိုင်ခြင်း

    ကျန်းမာရေးဝန်ထမ်းတွေဟာ လူနာတွေကို သယ်ယူမတင်ရင်းနဲ့ ခန္ဓာကိုယ်ကို ထိခိုက်ဒဏ်ရာတွေ လည်း ရလာနိုင်ပါတယ်။

    (၁၀)   လုပ်ငန်းခွင် အကြမ်းဖက်မှုများ

    လူနာတိုင်းဟာတော့ ရောဂါသက်သာ ပျောက်ကင်းလာမှာ မဟုတ်ပါဘူး။ ဆိုးရွားတဲ့ရလဒ်မျိုးတွေ လည်း ရှိနိုင်ပါတယ်။ ဒီအခါမှာတော့ လူနာတွေအပါအဝင် လူနာရှင်တွေဟာ စိတ်မကျေနပ်မှုတွေ ရှိလာပါတယ်။ ဆရာဝန်၊ ဆရာမတွေကို ပြစ်တင်ဝေဖန်တာမျိုးတွေရှိလာနိုင်ပါတယ်။ အဖြစ်အများဆုံး ကတော့ နှုတ်နဲ့ရုန့်ရင်းကြမ်းတမ်းစွာ ပြစ်တင်ဝေဖန်ခြင်းပါပဲ။ ဒီထက်ဆိုးလာရင်တော့ ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။ လူနာရှင်တိုင်းကို မဆိုလိုပါဘူး။ အချို့သောသူတွေပါ။

    လူတိုင်းလူတိုင်းဟာ မိမိရဲ့အလုပ်ခွင်မှာအနည်းနဲ့ အများတော့ အန္တရာယ်ရှိကြတာ ချည်းပါပဲ။ ဒါပေမယ့် သတိတစ်ချက်တော့ရပေးစေချင်ပါတယ်။ ဆရာဝန်၊ ဆရာမနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ လူနာတွေရဲ့ အသက်ကိုကယ်ရင်း ထိခိုက်နာကျင်မှုတွေ၊ ရောဂါတွေကို ခံစားနေရပါတယ်။ တရားစွဲခံရတာ မျိုးတွေအထိတောင် ရှိနေနိုင်ပါတယ်။ အထူးသဖြင့် ဒီလိုကပ်ရောဂါကြီးဖြစ်ပွားနေတဲ့ အချိန်အတွင်းမှာ ရှေ့ တန်းက တိုက်နေရတဲ့ ဆရာဝန်၊ ဆရာမတွေကို တတ်နိုင်သလောက် ပံ့ပိုးပေးကြရအောင်နော်။

    ရေးသားသူ-ဒေါက်တာမှူးခင်

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 03/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement