backup og meta

ဂျပန်ဦးနှောက်ရောင်ရောဂါ အကြောင်း သိသင့်သမျှ


Yun Sandi Nan Mon မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဂျပန်ဦးနှောက်ရောင်ရောဂါ အကြောင်း သိသင့်သမျှ

    ဂျပန်ဦးနှောက်ရောင်ရောဂါဆိုတာ ဘာလဲ

    ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese encephalitis) ဆိုတာ Culex ဆိုတဲ့ ခြင်မှတဆင့် ကူးစက်ပြန့်ပွားနိုင်ပြီး ဦးနှောက်တွင်းရောဂါပိုးပျံ့နှံ့စေတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ အရှေ့တောင်အာရှ၊ ပစိဖိတ်ကျွန်းတွေနဲ့ ကမ္ဘာ့ အရှေ့ဖျားနိုင်ငံတွေရဲ့ကျေးလက်ဒေသတွေအတွင်း ကလေးတွေမှာ အဖြစ်များဆုံးရောဂါလည်းဖြစ်ပါတယ်။

    ဦးနှောက်တစ်ရှူးများရောင်ရမ်းပျက်စီးခြင်းကို ဖြစ်စေနိုင်တဲ့ ဒီရောဂါဟာ ကုသနိုင်တဲ့ဆေးဝါး မရှိသေးဘဲ ပြင်းထန်တဲ့ကူးစက်မှုတွေမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်စေပြီး ထိရောက်စွာ ကုသမှုမရှိရင် အသက်ဆုံးရှုံးရတဲ့အထိ အန္တရာယ်ပေးနိုင်ပါတယ်။ အသက်ဆုံးရှုံးမှုမရှိဘဲ ပြန်ကောင်းလာတဲ့ လူနာတွေမှာလည်း တစ်ဝက်ခန့်က နားလေးခြင်း၊ မျက်စိကွယ်ခြင်း၊ ကိုယ်လက်မသန်စွမ်းခြင်း၊ ဉာဏ်ရည်နိမ့်ကျခြင်း၊ စိတ်မူမမှန်ခြင်းစတဲ့ နောက်ဆက်တွဲတွေခံစားရနိုင်ပါတယ်။

    ဒီဗိုင်းရပ်စ်ကို ဝက်၊ ငှက်၊ ခို၊ ဘဲ၊ လင်းနို့တို့မှာ တွေ့ရပြီး သူတို့ကိုကိုက်ခဲ့တဲ့ ခြင်ကတဆင့် လူနဲ့ နို့တိုက်သတ္တဝါတွေဆီ ပြန်ကူးစက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဝက်မွေးမြူရေးနဲ့ စပါးစိုက်ခင်းတွေရှိတဲ့ ကျေးလက်ဒေသတွေမှာ ပိုအဖြစ်များတာပါ။ လူကလူကို တိုက်ရိုက်မကူးစက်နိုင်ပါဘူး။

    ရောဂါလက္ခဏာများ

    ဂျပန်ဦးနှောက်ရောင်ရောဂါပိုးကူးစက်ခံရသူဟာ လက္ခဏာလုံးဝမပြဘဲလည်းရှိနိုင်ပါတယ်။ တကယ်လို့ လက္ခဏာပြရင်လည်း ကူးစက်ခံရပြီး ၅ ရက်ကနေ ၁၅ ရက်အတွင်းမှ သိသာလာမှာဖြစ်ပါတယ်။ သိပ်မပြင်းထန်တဲ့ကူးစက်မှုမျိုးမှာ အဖျားရှိပြီးခေါင်းကိုက်ရုံသာဖြစ်ပေမယ့်ပြင်းထန်တယ်ဆိုရင် ရောဂါလက္ခဏာက မြန်မြန်ဆန်ဆန်ပိုဆိုးရွားလာနိုင်ပါတယ်။

    ရောဂါလက္ခဏာတွေကတော့ –

    • ကိုယ်ပူမယ်၊
    • အားယုတ်မယ်၊
    • အစားပျက်မယ်၊
    • လည်ပင်းနာမယ်၊
    • အန်မယ်၊
    • ခေါင်းကိုက်မယ်၊
    • စိတ်မကြည်မလင်ဖြစ်မယ်၊
    • ကြွက်သားအားနည်းမယ် ၊လမ်းလျှောက်တာ မမှန်ဖြစ်မယ်၊
    • အိပ်ချင်နေမယ်၊
    • အလင်းရောင်စူးတာမကြည့်ချင်ဖြစ်မယ်။
    • ခေါင်းကိုက်မယ်
    • အဖျားတက်မယ်
    • ခြေတုန်လက်တုန်ဖြစ်မယ်
    • ဇက်ကြောတောင့်တင်းနေမယ်၊
    • စကားမပြောနိုင်ဖြစ်မယ် စတာတွေခံစားရနိုင်ပါတယ်။

    အသက်မဆုံးရှုံးတဲ့လူနာတွေမှာလည်း လက္ခဏာတွေက တဖြည်းဖြည်းချင်းပဲ ကောင်းမွန်လာလေ့ရှိပါတယ်။ အပြည့်အဝပြန်လည်ကျန်းမာလာဖို့ လပေါင်းများစွာကြာမြင့်တတ်ပြီး အသက်ရှင်ကျန်နိုင်သူ တစ်ဝက်လောက်က ဦးနှောက်ထိခိုက်မှုကို တစ်သက်တာခံစားရတာမျိုးရှိနိုင်ပါတယ်။ စကားပြောတဲ့အခါ အသံလေးပြီး မပီသခြင်း၊ အသံမထွက်တော့ခြင်း၊ ကိုယ်အင်္ဂါမသန်စွမ်းတော့ခြင်းတို့လို အသက်မသေပေမယ့် ကိုယ်အင်္ဂါအစိတ်အပိုင်းတခု ချို့ယွင်းမှုတွေ ကျန်ရစ်စေခဲ့နိုင်ပါတယ်။

    အသက်ရှင်နိုင်တဲ့ရာခိုင်နှုန်းကတော့ တစ်ယောက်နဲ့ တစ်ယောက်မတူကြပေမယ့် ရောဂါလက္ခဏာပြင်းထန်တဲ့သူ သုံးဦးမှာ တစ်ဦးနှုန်းအထိ အသက်ဆုံးရှုံးရနိုင်ခြေရှိပါတယ်။

    ဘယ်လိုအခြေအနေမှာ ကူးစက်ခံရနိုင်ခြေပိုများလဲ

    အာရှဒေသကို လာရောက်တဲ့သူတွေမှာ ဂျပန်ဦးနှောက်ရောင်ရောဂါ ကူးစက်ခံရနိုင်ခြေပိုများပါတယ်။ အဓိကကတော့ကျေးလက်ဒေသကို သွားမယ်ဆိုရင်၊ အပြင်မှာပဲနေတာများတယ်ဆိုရင်၊ ခရီးရက်ရှည်ထွက်မယ်ဆိုရင် ပိုသတိထားဖို့လိုပါတယ်။နွေရာသီနဲ့ဆောင်းဦးတို့မှာ လူကိုကူးစက်နိုင်ခြေပိုများပြီး အပူပိုင်းနဲ့ သမပိုင်းဒေသတွေမှာတော့ တစ်နှစ်တာလုံး တိရစ္ဆာန်တွေမှာ ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်လာနိုင်တဲ့အန္တရာယ်ရှိပါတယ်၊ အထူးသဖြင့်မိုးတွင်းကာလပါ။

    ကြိုတင်ကာကွယ်မှု

    အဓိကနည်းလမ်းက နှစ်ခုပဲရှိပါတယ် –

    (၁) ကာကွယ်ဆေးထိုးတာ

    ဂျပန်ဦးနှောက်ရောင်ရောဂါအတွက်က ကုသနိုင်တဲ့ဆေးဝါးမရှိသေးပေမယ့် ကလေးတွေကို ကာကွယ်ဆေးထိုးလို့ရနိုင်ပါတယ်။ အခုဆိုရင် အသက် ၉ လကနေ ၁၅ နှစ်အတွင်းတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံရေးအစီအစဉ်မှာဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို ထည့်သွင်းထားပြီဖြစ်ပါတယ်။

    (၂) ခြင်မကိုက်အောင် ကာကွယ်ပါ

    • ခြင်ဆေးသုံးပါ။ အိမ်မှာရှိနေတဲ့အချိန် ခြင်ကိုက်မခံရအောင် ခြင်ဆေးခွေထွန်းတာ၊ ခြင်ဆေးလိမ်းတာ၊ ခြင်ဆေးဖျန်းတာ နည်းလမ်းတစ်ခုခုသုံးပြီး ကာကွယ်လို့ရပါတယ်။ ပူအိုက်လို့ အင်္ကျီလက်ရှည်ကိုလည်း ကြာရှည်စွာမဝတ်ထားနိုင်၊ စောင်လည်း အမြဲမခြုံနိုင်တဲ့အခြေအနေမှာ ခြင်နိုင်ဆေး သုံးတာပဲ အားထားကြပါတယ်။ ခြင်တွေ ခိုအောင်းတတ်တဲ့နေရာတွေကို ခြင်ဖျန်းဆေးဖျန်းတာ သို့မဟုတ် အိမ်ထဲမှာလျှပ်စစ်အပူပေး ခြင်ပြေးစက်နဲ့ ကာကွယ်ထားတာတွေလုပ်နိုင်ပါတယ်။
    • ကလေးကို ခြင်မကိုက်အောင် တတ်နိုင်သလောက် လုံလုံခြုံခြုံဝတ်ထားပေးပါ။ ရာသီဥတုအရမ်းပူနေတဲ့အချိန်ကလွဲလို့ ကလေးကို အပြင်ခေါ်သွားတိုင်း တတ်နိုင်သလောက် အင်္ကျီလက်ရှည်၊ဘောင်းဘီရှည် ချည်သားလေးတွေဝတ်ဆင်ပေးပါ။
    • ခြင်များတဲ့အချိန်တွေ၊ ခြင်များတဲ့နေရာတွေကို ရှောင်ပါ။ ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်စ်ကိုသယ်ဆောင်ထားတဲ့ခြင်တွေဟာနေဝင်ရီတရောကနေ အရုဏ်တက်ချိန်အတွင်းနေအေးချိန်မှာ ပိုကိုက်တတ်ပါတယ်။
    • ခြင်ထောင်နဲ့ သိပ်ပါ။ တစ်နေရာရာသွားကြတာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် ကလေးကိုအမြဲခြင်ထောင်နဲ့သိပ်ပါ။ အိမ်မှာခြင်လုံဇကာတပ်ထားရင်ပိုကောင်းပါတယ်။
    • ညနေစောင်းဆို ပြတင်းပေါက်တွေပိတ်ပါ။ ညနေမှောင်ရီပျိုးတာနဲ့ ခြင်တွေအလုံးအရင်းလိုက် မြင်တွေ့ရတတ်တာ သတိထားမိကြမှာပါ။ အဲဒီအချိန် တံခါးတွေ ဖွင့်ထားမိရင် ခြင်ဆိုးတွေက အိမ်ထဲဝင်ရောက်ခိုအောင်းနိုင်ပြီး တစ်မိသားစုလုံး ခြင်ကိုက်ခံရနိုင်ပါတယ်။

    ကုသမှု

    ဒီရောဂါအတွက် ကုသမှုမရှိသေးတာမို့ ကြိုတင်ကာကွယ်တာပဲ အကောင်းဆုံးပါ။ ကူးစက်ခံခဲ့ရရင် ဆေးရုံတင်တာ အနီးကပ်ကြည့်ရှုစောင့်ရှောက်မှုပေးတာနဲ့ အနီးကပ်ကုသတာတွေတော့လိုအပ်ပါတယ်။

    လက္ခဏာကို လျော့ပါးသက်သာအောင်ပဲ ကုသပေးတာဖြစ်ပြီး အနားယူခိုင်းတာ၊ ရေဓာတ်ဖြည့်တာ၊ အဖျားကျအောင် ဆေးပေးတာ၊ အကိုက်အခဲပျောက်ဆေးပေးတာတွေက သက်သာစေနိုင်ပါတယ်။ လေ့လာချက်တွေအရတော့ လူနာ ၂၀ ကနေ ၃၀ % ကတော့ သေဆုံးနိုင်ခြေရှိပါတယ်။

    ဖျားပြီးနောက်မှာ တချို့ လက္ခဏာတွေပြန်သက်သာကောင်းသက်သာနိုင်ပေမယ့် ၂၀ ကနေ ၃၀ % ကတော့ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ ယွင်းမှုတွေခံစားရတတ်ပါတယ်။

    ဒါ့ကြောင့် ခြင်ပေါတဲ့ ရာသီရောက်ပြီမို့ ခြင်ပေါက်ဖွားနိုင်တဲ့၊ ရေဝပ်နိုင်တဲ့နေရာတွေကို ရိုးရှင်းတဲ့ ဖုံးသွန်လဲစစ် ဆိုတဲ့ အခြေခံအချက်လေးတွေနဲ့ ရှင်းလင်းသန့်စင်ပြီး ကာကွယ်လိုက်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement