backup og meta

အရေပြားအောက်က လှုပ်စိလှုပ်စိ သန်ကောင်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 17/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြားအောက်က လှုပ်စိလှုပ်စိ သန်ကောင်များ

    သန်ကောင်လို့ ပြောရရင် အစာအိမ်နဲ့ အူထဲမှာပဲ ရှိတယ်လို့ သိထားကြတာပါ။ ဒါပေမယ့် ထူးထူးဆန်းဆန်း အရေပြားအောက်က လှုပ်စိလှုပ်စိ သန်ကောင်များ ရှိနေတာကို မျက်စိနဲ့ တွေ့ရလိမ့်မယ်လို့ တွေးတောင် တွေးဖူးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါတကယ်ရှိပါတယ်။ အရေပြားအောက်တွင်မက မျက်သားအဖြူမှာပါ အတိုင်းသားတွေ့ရတဲ့ သန်ကောင်တောင် ရှိသေးတယ်။ နည်းနည်းတော့ လန့်သွားပြီမလား။ ဒီနေ့ ဒီအကြောင်းလေးကို ဆွေးနွေးရအောင်။

    အရေပြားအောက်က လှုပ်စိလှုပ်စိ သန်ကောင်များ

    ဒါက သန်လုံးကောင် အမျိုးအစားဖြစ်ပြီး Gnathostoma spp.လို့ ခေါ်ပါတယ်။ သူ့ကြောင့် ဖြစ်တဲ့ ရောဂါကိုတော့  Gnathostomiasis လို့ ခေါ်တာပေါ့။ အာရှတိုက် အထူးသဖြင့် အရှေ့တောင်အာရှမှာ အဖြစ်များပါတယ်။ သူ့ကို အာရှတိုက်မှာဆိုရင် တို့တွေ မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ တရုတ်၊ ဂျပန်နဲ့ ရှားရှားပါးပါး သြဇီနဲ့ ယူကေဒါနိုင်ငံတွေအထိ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ တွေ့ရတာကိုတော့ နာမည်လေး ပေးထားပါတယ်။ Rangoon tumorပါတဲ့။ ကဲ ဒီတော့ ဒီရောဂါ သိပ်မရှားဘူးဆိုတာ ရိပ်မိလောက်ပါပြီ။

    ဘယ်ကနေ ကူးတာလဲ။

    သန်ကောင်တွေရဲ့ သဘာဝအတိုင်း အစားအစာတွေက ကူးတာပါပဲ။ အစားအစာတောင်မှ မသန့်တဲ့အစားအစာတွေ၊ သေချာ ကျက်အောင် မချက်ထားတဲ့ အစားအစာတွေကနေ ကူးတာပါ။ ဒီGnathostoma spp.ရဲ့  life cycleကို လေ့လာကြည့်မယ်ဆိုရင်

    • သူက အရင်ဆုံး ကြောင်တို့၊ ခွေးတို့၊ ဝက်တို့ရဲ့ မစင်ထဲမှာ ပါလာမယ်။
    • ဒီမစင်က ရေထဲကို ရောက်မယ်။
    • ရေထဲက ငါးတွေ၊ ဖားတွေက ဒီမစင်ကို စားတော့ ငါးတွေ၊ ဖားတွေဆီရောက်မယ်။
    • တစ်ခါ ဒီငါးတွေ၊ ဖားတွေကို လူတွေက တိုက်ရိုက်စားမယ်။ ဒါမှမဟုတ် ဒီငါးတွေ၊ ဖားတွေကို စားထားတဲ့ မြွေတွေ၊ ငှက်တွေကို လူတွေက စားမယ်ဆိုရင် ရောဂါကူးနိုင်ပါတယ်။

    ဒီတော့ ကူးပုံကူးနည်းက ငါးတွေ၊ ဖားတွေ၊ မြွေတွေ၊ ငှက်တွေကို ကျက်အောင် မချက်ဘူး။ အစိမ်းစားမယ်ဆိုရင် ကူးတတ်ပါတယ်။ ဘယ်သူက အစိမ်းစားမှာလဲလို့ဆို ဆူရှီတို့၊ ဆာရှိမိတို့ကတော့ အစိမ်းစားကြတယ်မလား။ ဆူရှီစားတိုင်းတော့ မကူးပါဘူး။ ဆူရှီဆိုင်က ငါးတွေက ခုနကပြောသလို မစင်စားတဲ့ ငါးတွေ မဟုတ်ဘဲ သေချာ သန့်သန့်ရှင်းရှင်း မွေးထားတဲ့ ငါးတွေဆို မကူးနိုင်ပါဘူး။

    နောက်တစ်ခုက ဒီငါးတွေ၊ ဖားတွေကို ကိုင်တွယ်ရင်ရော မကူးနိုင်ဘူးလားပေါ့။ ဒီတိုင်း ထိရုံနဲ့တော့ ကူးသွားတာမျိုး မတွေ့သေးပါဘူး။ ဒါပေမယ့် ဒီကောင်တွေကို ကိုင်ပြီး လက်သေချာ မဆေးဘဲ အစားတွေ စားမယ်ဆိုရင်တော့ ကူးနိုင်ပါတယ်။

    ခုက မိုးတွင်းဆိုတော့ ဖားတွေ၊ ငါးတွေ ပေါတော့ မတော်သတိမထားမိရင် ကူးကုန်မှာစိုးလို့ သတိပေးလိုက်တာပါ။

    ဘယ်လို လက္ခဏာ ပြမှာလဲ။

    လက္ခဏာတွေကတော့ ဒီသန်ကောင်လေး ဘယ်သွားလို့ ဘယ်နေရာရောက်နေလဲပေါ် မူတည်ပါတယ်။ စစချင်း စားလိုက်မိလို့ ကိုယ်ထဲရောက်လာပြီဆိုရင် အစာအိမ်၊ အူလမ်းကြောင်းနဲ့ အသည်းကို အရင်ရောက်ပါတယ်။ ဒီချိန်မှာတော့ ဘာမှ မခံစားရတာလည်း ဖြစ်နိုင်သလို သာမန်ဖျားတာ၊ နုံးတာ၊ အစားအသောက်ပျက်ပြီး ပျို့တာ၊ အန်တာ၊ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာလောက်ပဲ ဖြစ်မှာပါ။ ဒါက ၂ပတ် ၃ပတ်လောက်ကြာပါတယ်။ ဒါကို ဘယ်သူက သန်ကောင်လို့ ထင်မှာ မဟုတ်ပါဘူး။ သာမန် အစားမှားတယ်လို့ တွေးမိမှာပါ။

    ဒီကနေမှ သန်ကောင်က တဖြည်းဖြည်းနဲ့ အရေပြားအောက်ကို တိုးဝင်လာပါတယ်။ သန်ကောင်ကို မြင်ရတာလည်း ဖြစ်နိုင်သလို မမြင်ရဘဲ ဒီတိုင်း ဖောင်းနေတာလေးပဲ တွေ့ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအဖုလေးတွေက နာတာ၊ နီတာ၊ ယားတာ ရှိနိုင်ပါတယ်။ ဖိကြည့်လိုက်ရင်လည်း ချိုင့်ဝင်သွားတာမျိုး မရှိပါဘူး။

    ဒီလို ဖောင်းလာတာက သန်ကောင် ကိုယ်ထဲရောက်ပြီး ၃ပတ်ကနေ ၄ပတ်အတွင်း ဖြစ်နိုင်သလို တချို့ တချို့တွေမှာ ၁၀နှစ်လောက်နေမှ ပေါ်လာတာပါတဲ့။ ဒီအဖုတွေကလည်း ရက်သတ္တပတ်နဲ့ ချီပြီး ကြာတတ်ပါတယ်။ တော်တော်များများကတော့ ဒီအဖုထွက်မှပဲ နာပြီး ယားလို့ ဆေးခန်းသွားပြရင်း သိကြတာပါ။

    တစ်ခါတစ်လေ အဖုမဟုတ်ဘဲ အကောင်ကို တွေ့ရပါတယ်။ ခပ်သေးသေး အမျှင်လေး အရေပြားမှာ ကပ်နေသလိုပေါ့။ ဒီကောင်လေးက တစ်နေရာက တစ်နေရာကို ရွေ့ပါတယ်။ ရွေ့တယ်ဆိုပေမယ့် ငါးရှဉ့်လူးသလို တဖျတ်ဖျတ် လျှောက်သွားနေတာ မဟုတ်ပါဘူး။ တစ်နေ့လုံးနေမှ ၁စင်တီမီတာ သာသာလောက်လေး ရွေ့တာပါ။ နောက်ပြီး လူအချင်းချင်း မကူးပါဘူး။ တော်ကြာ သူ့ဆီကအကောင် ကိုယ့်ဆီခုန်ကူးလာမယ်လို့ ထင်နေမှာ စိုးလို့ပါ။

    ရှားရှားပါးပါး ဒီသန်ကောင်လေးတွေက အရေပြားမှာမနေဘဲ လျှောက်သွားတာမျိုးလည်း ရှိပါတယ်။ ဥပမာ အဆုတ်၊ ဆီးအိမ်၊ မျက်လုံး၊ နားနဲ့ ဦးနှောက်ဆီကိုပေါ့။ မျက်လုံးကိုများ ရောက်သွားရင် မျက်သားမှာ အမျှင်လိုက်လေး တွေ့ရတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မျက်လုံးမမြင်ရတော့တာ ဖြစ်တတ်ပါတယ်။

    ကျောက အာရုံကြောမကြီးဆီကို ရောက်သွားရင်တော့ ရုတ်တရက် အာရုံကြောထိခိုက်တာမျိုးတွေ ရှိတတ်ပါတယ်။ ဦးနှောက်ထဲရောက်သွားရင်တော့ ခေါင်းကိုက်တာ၊ သတိလစ်တာ၊ ကိုမာတွေ ဖြစ်တတ်ပါတယ်။ သန်ကောင်က မျက်နှာအရေပြားအောက်မှာ ရှိနေရင် သတိထားပါ။ မျက်လုံးတို့၊ ဦးနှောက်တို့နဲ့ နီးနေပါပြီ။ ဒါပေမယ့် ဒီလိုမျိုး အရေပြားအောက်မှာ မနေဘဲ တခြား အင်္ဂါအစိတ်အပိုင်းတွေဆီကို သွားဖို့က ရှားပါးတဲ့ ကိစ္စပါ။

    အရေပြားအောက်က လှုပ်စိလှုပ်စိ သန်ကောင်များ ကို ကုလို့ရပါ့မလား။

    ကိုယ့်အရေပြားမှာ သန်ကောင်လေး တွေ့နေရတယ်။ ခုနကလို မကျက်တကျက်တွေ၊ အစိမ်းစားတတ်တဲ့ အကျင့်တွေ ရှိရင် ဆရာဝန်နဲ့ ပြပြီး သေချာ ပြောပြပါ။ ကံကောင်းတာက သာမန်အရေပြားအောက်က သန်ကောင်ပဲဆိုရင် သန်ချဆေးနဲ့ နိုင်နိုင်နင်းနင်း ကုလို့ရပါတယ်။ ရက်ရှည်တော့ သောက်ရမှာပေါ့။

    တခြားနေရာကို ရောက်သွားရင်တော့ လိုအပ်တဲ့ ကုသမှုတွေ ထပ်လုပ်ရမှာပါ။

    ကာကွယ်နည်း

    ဒီသန်ကောင်လေးတွေ မဝင်ချင်ဘူးဆိုရင်တော့

  • တတ်နိုင်သမျှ အစိမ်းစားတာ၊ မကျက်တကျက်စားတာ ရှောင်ပါ။ ဆူရှီအစိမ်းစားမယ်ဆိုရင်လည်း စိတ်ချရလောက်တဲ့ ဆိုင်ကပဲ စားပါ။
  • ငါးတွေ ချက်မယ်ဆိုရင် အပူချိန် ၁၄၅ ဒီဂရီ ဖာရင်ဟိုက် (၆၃ ဒီဂရီ စင်တီဂရိတ်)လောက်ထားပြီး ချက်ပါ။
  • ဆိုင်တွေမှာ ငါးသိမ်းမယ်ဆိုရင်လည်း အေးခဲနေအောင် သိမ်းထားပါ။
  • -အနုတ် ၄ ဒီဂရီ ဖာရင်ဟိုက် (အနုတ် ၂၀ဒီဂရီ စင်တီဂရိတ်) အောက်မှာ ၇ရက် ဒါမှမဟုတ်

    -အနုတ် ၃၁ ဒီဂရီ ဖာရင်ဟိုက် (အနုတ် ၃၅ဒီဂရီ စင်တီဂရိတ်)မှာ ခဲနေအောင်လုပ်ပြီး ၁၅လောက်သိမ်းတာမျိုး ဒါမှမဟုတ်

    -အနုတ် ၃၁ ဒီဂရီ ဖာရင်ဟိုက် (အနုတ် ၃၅ဒီဂရီ စင်တီဂရိတ်)မှာ ခဲနေအောင်လုပ်ပြီး အနုတ် ၄ ဒီဂရီ ဖာရင်ဟိုက် (အနုတ် ၂၀ဒီဂရီ စင်တီဂရိတ်) အောက်မှာ ၂၄နာရီသိမ်းတာမျိုး ကြိုက်တဲ့ နည်းလမ်းကို သုံးပြီး သိမ်းလို့ ရပါတယ်။ ဒါမှ သန်ကောင်တွေ သေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 17/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement