backup og meta

မိုးရာသီ ရောက်ရင် စိတ်ပူရတဲ့ ကလေးတွေအဖြစ်များဆုံးရောဂါများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုးရာသီ ရောက်ရင် စိတ်ပူရတဲ့ ကလေးတွေအဖြစ်များဆုံးရောဂါများ

    နွေမှာ ပူလို့ မိုးရာသီ ကို မျှော်နေကြပေမယ့် မိုး နဲ့အတူ ပါလာလေ့ရှိတဲ့ ကျန်းမာရေးရဲ့ ရန်သူတော်တွေကိုလည်း ထည့်တော့ တွေးထားသင့်ပါတယ်။ အထူးသဖြင့် အိမ်မှာ ကလေးငယ်ငယ် ရှိတဲ့ မိသားစုတွေဆို ပိုအရေးကြီးပါတယ်။ ဒီတစ်ခေါက်တော့ မိုးရာသီ ရောက်ရင် စိတ်ပူရတဲ့ ကလေးတွေအဖြစ်များဆုံးရောဂါများ အကြောင်း ပြောပြပေးချင်ပါတယ်။

    ကလေးတွေကတော့ မိုးရွာရင် ပျော်တယ်၊ မိုးရေထဲ ဆော့ချင်တယ်၊ မိုးအေးအေးနဲ့ အိပ်ရတာကို သဘောကျတယ်။ ဒါပေမယ့် ကိုယ်ခံအားစနစ် အပြည့်အဝမဖွံ့ဖြိုးသေးတဲ့ ကလေးတွေဟာ ရာသီဥတု အပြောင်းအလဲမှာ နေမကောင်းဖြစ်ဖို့ ပိုလွယ်ပါတယ်။ ဒါ့အပြင် မိုးရာသီမှာ ကူးစက်ဖြစ်ပွားမှု ပိုများတတ်တဲ့ ရောဂါတွေ လည်းရှိနေပါတယ်။

    မိုးရာသီ ရောက်ရင် စိတ်ပူရတဲ့ ကလေးတွေအဖြစ်များဆုံးရောဂါများ

    မိုးရာသီ လို စိုစွတ်တဲ့ ရာသီဥတုမှာ ရောဂါပိုး ပေါက်ပွားမှု ပိုများတဲ့၊ ဒါမှမဟုတ် ကူးစက်ပြန့်ပွားနိုင်ခြေ ပိုများတဲ့ အနေအထားတွေ ဖြစ်ဖို့လွယ်ပါတယ်။ ဒီရာသီမှာ အဖြစ်များတဲ့ ရောဂါတွေက –

    (၁) သွေးလွန်တုပ်ကွေး

    လူတိုင်း သိထားပြီးသား ရန်သူတော်ကြီးပါ။ ကလေးတွေအတွက် အဖြစ်များလွန်းလို့ သိပ်ကို စိုးရိမ်ကြရတဲ့ ရောဂါပါ။ ဒီရောဂါပိုးကို သယ်ဆောင် ကူးစက်ပေးနိုင်တဲ့ ခြင်တွေက နေရာတိုင်းမှာ ရှိနေနိုင်လို့ပါ။ မိုးရာသီ ဆို အိမ်နီး ပတ်ဝန်းကျင်မှာ ခြင်တွေ ပေါက်ဖွားဖို့ အနေအထား ဖန်တီးပေးသလို ဖြစ်နေပါတယ်။

    ခြင်ကျားက တစ်ဆင့် ကူးစက်တတ်တဲ့ ဒီရောဂါဟာ ကျောင်းမှာ၊ အိမ်မှာ အချိန်မရွေး ကိုယ့်ကလေးဆီ ရောက်ရှိလာနိုင်ပါတယ်။ ဒီရာသီမှာ ကလေးကို အကျီလက်ရှည်၊ ဘောင်းဘီလက်ရှည် ဝတ်ထားပေးပါ၊ ခြင်ပြေးလိမ်းဆေး လိမ်းပေးထားပါ၊ မှောင်ပြီး ချောင်ကျတဲ့နေရာမှာ မဆော့ကစားပါစေနဲ့၊ အိမ်ပတ်ဝန်းကျင် ရေရှိတဲ့ နေရာတွေကို ဖုံးအုပ်ပါ၊ ရေဝပ်နိုင်တဲ့ နေရာတွေ ကို ရှင်းလင်းပါ။

    (၂) အအေးမိ၊ တုပ်ကွေး

    ဒီရာသီဆို နှာတရွှတ်ရွှတ်၊ ချောင်းလေး တဟွတ်ဟွတ် နဲ့ ကလေးတွေ မှာ ဖြစ်တတ်ပါတယ်။ တခြားသူဆီကနေလည်း အသက်ရှူလမ်းကြောင်းက တစ်ဆင့် ကူးစက်ခံရလွယ်တယ်လေ။ ဖျားလာပြန်တော့ စိတ်ပူရပြန်ရော။ အအေးမိဝေဒနာ ဖြစ်ပြီးတဲ့အခါမှာလည်း ကိုယ်ခံအား နည်းသွားတာကြောင့် တခြားရောဂါတွေ ဖြစ်မှာကိုလည်း စိုးရိမ်ရပါတယ်။

    ဒါ့ကြောင့် ကလေးတွေရဲ့ ကိုယ်ခံအားစနစ် ကျန်းမာနေဖို့ အရေးကြီးတာပါ။ ကလေးကို အာဟာရစုံလင်အောင် ကျွေးပါ၊ ကြေးထူရင်တောင် အာဟာရဓာတ်တွေ ရရှိအောင် ကြံဖန်စီမံကျွေးပါ၊ အိပ်ချိန် သတ်မှတ်ပြီး အိပ်စေပါ၊ ကိုယ်လက်လှုပ်ရှား ကစားတာကို မတားဆီးပါနဲ့။ လူကြီးတွေ နေမကောင်းရင် ကလေးအနား သိပ်မကပ်ပါနဲ့၊ နှာချေ၊ ချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို ဖုံးအုပ်ကာကွယ်ပါ၊ လက်သေချာဆေးကြောပါ။ တုပ်ကွေး ကာကွယ်ဆေး ထိုးထားတာလည်း ကောင်းပါတယ်။

    (၃) တိုက်ဖွိုက်

    တိုက်ဖွိုက် အဖျားက မိုးရာသီ မှာ အတော်လေး အဖြစ်များတဲ့ ရောဂါတွေထဲ ပါဝင်ပါတယ်။ မသန့်ရှင်းတဲ့ရေ နဲ့ အစားအသောက်တွေကနေ တိုက်ဖွိုက်ဖြစ်စေတဲ့ ဘက်တီးရီးယားကို ကူးစက်ပြန့်ပွားစေနိုင်ပါတယ်။

    ဒါ့ကြောင့် မိုးရာသီ မှာ စားသမျှ သောက်သမျှတွေအတွက် သန့်ရှင်းမှုနဲ့ လတ်ဆတ်မှုကို အထူးဂရုစိုက်သင့်ပါတယ်။ တိုက်ဖွိုက်အဖျား ဟာ ပြင်းထန်တာကြောင့် ကလေး ဖျားနာတာနဲ့ ဆရာဝန်ပြပြီး အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။

    (၄) ဝမ်းပျက်ဝမ်းလျှော

    ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတဲ့ ဘက်တီးရီးယားဟာလည်း ရေနဲ့ အစားအသောက်ကနေ ပါလာတတ်တာ ဖြစ်လို့ အစားအသောက် ပြင်ဆင်တဲ့၊ ကိုင်တွယ်တဲ့နေရာမှာ သန့်ရှင်းမှုကို အဓိက ဂရုစိုက်ရပါမယ်။ ပြင်းထန်ရင် ပြင်းထန်သလောက် အသက်အန္တရာယ်ထိ စိုးရိမ်ရတတ်လို့ မပေါ့ဆစေချင်ပါဘူး။

    ဖြစ်နိုင်ရင် အပြင်စာတွေ မစားစေတာအကောင်းဆုံးပါ၊ အိမ်မှာ ပူပူနွေးနွေးချက်ကျွေးပါ၊ လက်ကို သေချာဆေးကြောကြပါ၊ ရေကို ရေသန့် သို့မဟုတ် ကျိုချက်ထားတဲ့ရေပဲ သောက်ပါ။

    ဒါတွေ ကာကွယ်နိုင်အောင် ဂရုတစိုက်နေထိုင်ရင်း ရောဂါကင်းကင်း ကျန်းမာစွာနဲ့ မိုးရာသီကို ကြိုဆိုလိုက်ရအောင်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 06/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement