backup og meta

မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

    မိုးတွင်းရောက်လာတော့မယ့်အချိန်မှာ အဖြစ်များလှပြီး အန္တရာယ်ကြီးမားနိုင်တဲ့ သွေးလွန်တုပ်ကွေးရောဂါအကြောင်းကို သတိပေးပြောပြချင်ပါတယ်။ ကလေးတွေမှာ အဖြစ်များလှတဲ့ မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ ကို ဘယ်လိုကာကွယ်ကြရမှာလဲ။

    မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

    သွေးလွန်တုပ်ကွေးရောဂါ ဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်လာရတာပါ။ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ဟာ ခြင်မှတစ်ဆင့် လူခန္ဓာကိုယ်ထဲကို ဝင်ရောက်လာပြီး ရောဂါလက္ခဏာတွေ ခံစားရပါ တယ်။ တုပ်ကွေးလက္ခဏာနဲ့ဆင်တူပါတယ်။ အပြင်းဖျားခြင်း၊ ကြွက်သားနဲ့ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲခြင်းတွေ ခံစားရတတ်ပါတယ်။ အပူပိုင်းနဲ့ အပူလျော့ပိုင်းဒေသ နိုင်ငံတွေမှာ အဓိက ဖြစ်ပွားပါတယ်။

    ဖျားနာပြီး ကိုယ်လက်ကိုက်ခဲတာဟာ ပြဿနာသိပ်မရှိနိုင်ပေမဲ့ သွေးလွန်တုပ်ကွေး ရောဂါဟာ  ဆိုးရွားတဲ့ အခြေအနေတွေကိုလည်း ဦးတည်နိုင်ပါတယ်။ သွေးထွက်လွန်ခြင်း (ခန္ဓာကိုယ်အတွင်း (သို့မဟုတ်) အပြင်)၊ သွေးပေါင်ရုတ်တရက်ထိုးကျခြင်းနဲ့ သေဆုံးခြင်းတွေအထိ ဖြစ်ပွားနိုင်ပါတယ်။ မုတ်သုံရာသီ (မိုးရာသီ)ဟာ သွေးလွန်တုပ်ကွေး အဖြစ်အများဆုံးရာသီပါ။ တည်ငြိမ်ပြီး စီးဆင်းမှုမရှိတဲ့ ရေမျက်နှာပြင်ဟာ သွေးလွန်တုပ်ကွေးဖြစ်ပွားစေတဲ့ ခြင်တွေပေါက်ဖွားဖို့ အကောင်းဆုံး နေရာဖြစ်ပါတယ်။

    သွေးလွန်တုပ်ကွေးရဲ့ ရောဂါလက္ခဏာများ

    သိပ်မပြင်းထန်တဲ့ရောဂါအခြေအနေမှာ လက္ခဏာတွေဟာ အကုန်မပေါ်တတ်ပါဘူး။ ဗိုင်းရပ်စ် သယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရပြီး (၄)ရက်ကနေ (၇)ရက်အထိ အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေ ရှိနေတတ်ပါတယ်။

    • အဖျားကြီးခြင်း
    • ခေါင်းကိုက်ခြင်း
    • ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
    • ပျို့အန်ခြင်း
    • ဂလင်းများရောင်ရမ်းခြင်း
    • မျက်လုံးကိုက်ခဲခြင်း
    • အနီရောင်အစက်အပြောက်များ ခြေလက်တွေမှာ ပေါ်လာခြင်း စသဖြင့် ဖြစ်တတ်ပါတယ်။

    ဒီလိုလက္ခဏာတွေဟာ ရက်သတ္တပတ်အတွင်းမှာ ပျောက်ကင်းသက်သာသွားနိုင်ပါတယ်။ ဓာတ်ဆားရည်ကို နိုင်နိုင်တိုက်ပေးဖို့တော့ လိုပါလိမ့်မယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း မပျက်မကွက် လိုက်နာမယ်ဆိုရင် ဆေးရုံတက်ရနိုင်ခြေ နည်းပါတယ်။

    ဒါပေမယ့် အချို့အခြေအနေတွေမှာတော့ ရောဂါ လက္ခဏာဟာ ပိုမိုဆိုးရွားလာပြီး အသက်အန္တရာယ်ထိခိုက်လာနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါဟာ ဆံချည်မျှင်သွေးကြောလေးတွေ ပျက်စီးသွားပြီး ယိုစိမ့်မှုဖြစ်လာလို့ပါ။ သွေးထဲက သွေးဥမွှားပမာဏဟာ သိသိသာသာ လျော့ကျသွားပါတယ်။ သွေးလွန်တုပ်ကွေးရဲ့ ပြင်းထန်တဲ့ အခြေအနေ (ပြင်းထန်သွေးလွန်တုပ်ကွေး) (Dengue Hemorrhagic Fever) ရောဂါလို့ ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော့ သွေးဆုတ်သွေးလန့်ခြင်း (ရှော့ခ်) ဖြစ်နိုင်တဲ့ သွေးလွန်တုပ်ကွေးရှော့ခ်ရောဂါလက္ခဏာစု (Dengue Shock Syndrome) ပါပဲ။

    အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေကတော့ (ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါ)နဲ့ သွေးလွန်တုပ်ကွေးရှော့ခ်ရောဂါလက္ခဏာစုရဲ့ လက္ခဏာတွေပါပဲ။

    • အလွန်အမင်းဗိုက်အောင့်ခြင်း (ဗိုက်အထက်ညာဘက်) (အသည်းကြီးလာ၍ ဖြစ်သည်)
    • မရပ်မနား အလွန်အမင်းအန်နေခြင်း(ကော်ဖီအနှစ်အရောင်)
    • နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုစိမ့်ခြင်း
    • ဆီးရောင်ရင့်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း
    • ခြေလက်တွေမှာ အနီစက်တွေပေါ်လာခြင်း (အရေပြားအောက် သွေးကြောများပေါက်၍)ဖြစ်သည်။
  • အသက်ရှူမြန်လာခြင်း၊ ကျပ်လာခြင်း
  • ခြေဖျား၊ လက်ဖျားအေးစက်ခြင်း
  • (၃)ရက်မြောက်နေ့တွင် ရုတ်တရက်ဆိုသလို အဖျားကျသွားခြင်း
  • ပုံမှန်အတိုင်း မဆော့နိုင်တော့ဘဲ နုံးခွေနေခြင်း
  • မောပန်းလွယ်လာခြင်း
  • ဂျီကျခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်လာခြင်း
  • ဒီလိုလက္ခဏာတွေရှိနေပြီဆိုရင်တော့ နီးစပ်ရာဆေးရုံကို မဖြစ်မနေ သွားသင့်ပါပြီ။ အတော်လေး အန္တရာယ်ကြီးမားပြီး အသက်ဆုံးရှုံးနိုင်လို့ပါ။ ဆေးရုံသို့ အရောက်နောက်ကျလို့ ရှော့ခ်ဖြစ်ပြီး အသက်ဆုံးသွားရသူတွေ အများကြီးရှိပါတယ်။

    သတိပြုရန်အချက်

    • ကလေးအပြင်းဖျားတဲ့အခါ အရောင်မည်းမည်းရှိတဲ့ အရည်မျိုး၊ အစာမျိုး (ဥပမာ မိုင်လို၊ အိုဗာတင်း၊ ကော်ဖီ၊ လက်ဖက်ရည်၊ ပုန်းရည်ကြီး) တွေမတိုက်ပါနဲ့၊ မကျွေးပါနဲ့။ လက္ခဏာနဲ့ အသွင်မှားတတ်လို့ပါ။
    • သွေးလွန်တုပ်ကွေးရောဂါဟာ ကလေးတွေမှာပဲ ဖြစ်တာမဟုတ်ပါဘူး။ လူကြီးတွေမှာလည်း ဖြစ်ပွား နိုင်ပါတယ်။
    • ဘယ်ရာသီပဲဖြစ်ဖြစ် ၃ရက်ထက်ပိုဖျားရင် သွေးလွန်တုပ်ကွေး သံသယရှိပါ။

    သွေးလွန်တုပ်ကွေးရောဂါကို ဘယ်လိုကာကွယ်ကြမလဲ။

    လေကောင်းလေသန့်ရပြီး အလင်းကောင်းကောင်းရနိုင်တဲ့နေရာမှာနေပါ။

    သွေးလွန်တုပ်ကွေးခြင်ဟာ အရုဏ်တက်ခါစမှ နေဝင်ရီသရော မှောင်ရီပျိုးစမှာ ပိုကိုက်တတ်ပါတယ်။ ညဘက်မှာလည်း ရှိတတ်ပါတယ်။ ဒါကြောင့် အလင်းရောင် ကောင်းစွာရနိုင်ပြီး မမှောင်၊ မအုံ့ဆိုင်းတဲ့နေရာမှာ မိမိတို့ ကလေးကို နေပါစေ။

    အင်္ကျီလက်ရှည်၊ ဘောင်းဘီလက်ရှည်ဝတ်ဆင်ပါ။

    ခြင်ကိုက်ခံရနိုင်ခြေရှိနေတဲ့ နေရာတွေကို သွားတဲ့အခါ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ခြေအိတ်၊ ရှူးဖိနပ်စတာတွေကို ဝတ်ဆင်ပြီးနေပါ။

    ခြင်မကိုက် ဆေးရည်အသုံးပြုပါ။

    အဝတ်အစားများ ၊ ဖိနပ်များကို ဆေးရည်စိမ်ထားပြီး ဝတ်ဆင် အသုံးပြုနိုင်ပါတယ်။ ခြင်ထောင်ကိုလည်း ဆေးရည်စိမ်ခြင်ထောင် အသုံးပြုပါ။ အရေပြားကိုလည်း ခြင်မကိုက်အောင် ကာကွယ်ပေးတဲ့ဆေးလိမ်း၊ ဆေးဖြန်းတာမျိုး ပြုလုပ်နိုင်ပါတယ်။  ဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။ အနံ့ပြင်းတဲ့ ဆပ်ပြာ၊ ရေမွှေးတွေက ခြင်တွေကို ကောင်းကောင်းဆွဲဆောင်နိုင်တာမို့ မသုံးပါနဲ့။

    သွေးလွန်တုပ်ကွေးကာကွယ်ရာမှာ အရေးအကြီးဆုံးဖြစ်တဲ့အချက်ကတော့ ရေသေစုဆောင်း နိုင်တဲ့နေရာတွေကို ဖယ်ရှားရမှာပါပဲ။

    ရေသေဟာ ပိုးလောက်လန်းတွေ ပေါက်ဖွားရာနေရာဖြစ်ပြီး  ပိုးလောက်လန်းတွေဟာ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ကို သယ်ဆောင်ထားနိုင်တဲ့ ခြင်တွေဖြစ်လာမှာပါ။ ‘ဖုန်း၊ သွန်၊ လဲ၊ စစ်’ ပြုလုပ်ပါ။ ရေစည် ရေပိုင်းတွေကို အဖုံးနဲ့လုံခြုံစွာဖုံးအုပ်ပါ။ ရေတွေ စုဆောင်းနိုင်တဲ့ ကားတာယာအဟောင်းတွေ၊ ပုံးတွေ၊ ခွက်တွေကိုသွန်ပါ။ ဘုရားပန်းအိုး၊ ပန်းစိုက်ထားတဲ့ ပန်းအိုးတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေရဲ့ အစာခွက်တွေကို အနည်းဆုံး တစ်ပတ်တစ်ခါ လဲလှယ်ဆေးကြောပါ။ မလဲလှယ်နိုင်တဲ့ရေတွေထဲက ပိုးလောက်လန်းတွေကို ဇကာနဲ့စစ်ချပါ။

    အေးချမ်းလှတဲ့ မိုးရာသီကို ခြိမ်းခြောက်နိုင်တဲ့ သွေးလွန်တုပ်ကွေးရောဂါကြီး ကို သတိချပ်စေချင်ပါတယ်။ ကလေးရော လူကြီးပါမကျန် သွေးလွန်တုပ်ကွေးရောဂါရဲ့ အန္တရာယ်မှ ကင်းဝေးကြပါစေ။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement