backup og meta

Covid-19 ကြောင့် ကြုံရနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Covid-19 ကြောင့် ကြုံရနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ

    ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ဖြစ်ပွားတဲ့ Covid-19 ရောဂါဟာ အတော်လေးနားလည်ရခက်တဲ့ ရောဂါတစ်ခုပါ။ ကူးစက်ပျံ့နှံ့နှုန်းမြန်ဆန်သလို ရောဂါလက္ခဏာပြဖို့လည်း ၂ ပတ်လောက်ကြာတာကြောင့် ရောဂါကို ထိန်းချုပ်တဲ့နေရာမှာအခက်အခဲတွေ အများကြီးကြုံရပါတယ်။ ငယ်ရွယ်ပြီးကျန်းမာသူတွေ၊ ရောဂါအခံမရှိသူတွေမှာ သေဆုံးနိုင်ချေနည်းပေမဲ့ နဂိုကတည်းက ဆီးချို၊ နှလုံးရောဂါလို ရောဂါတစ်မျိုးမျိုးရှိနေခဲ့ရင် Covid-19 ကြောင့် နောက်ဆက်တွဲပြဿနာတွေခံစားရနိုင်ပါတယ်။

    လူတိုင်းမဟုတ်ပေမဲ့ ပျမ်းမျှအနေနဲ့ Covid-19 ကူးစက်ခံရသူ ၆ ယောက်မှာ တစ်ယောက်လောက်က အခုပြောပြမယ့် နောက်ဆက်တွဲ ဝေဒနာတစ်မျိုးမျိုး ခံစားရနိုင်ချေ ရှိတာကို တွေ့ရပါတယ်။

    ၁။ အဆုတ်ပုံမှန်အလုပ်မလုပ်နိုင်ခြင်း (Acute respiratory failure)

    အဆုတ်ပုံမှန်အလုပ်မလုပ်နိုင်တော့တဲ့အတွက် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်ကို သွေးထဲမပို့ပေးနိုင်တော့သလို ကိုယ်ထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကိုလည်း ပြန်မစွန့်ထုတ်နိုင်တော့ပါဘူး။

    ၂။ နမိုးနီးယားအဆုတ်ရောင်ရောဂါ

    တရုတ်နိုင်ငံမှာ Covid-19 ရောဂါစဖြစ်ချိန်က နမိုးနီးယားအဆုတ်ရောင်ရောဂါခံစားရသူတွေ အလွန်ပဲများပြားခဲ့တာတွေ့ရပါတယ်။ နမိုးနီးယားရောဂါကြောင့် အဆုတ်ထဲက လေအိတ်သေးသေးလေးတွေ ရောင်ရမ်းလာတဲ့အတွက် အသက်ရှူဖို့ခက်ခဲသွားစေပါတယ်။

    ၃။ အသက်ရှူရခက်ခဲလာခြင်း (Acute respiratory distress syndrome)

    Covid-19 ကြောင့် ခံစားရနိုင်တဲ့ ဝေဒနာတွေထဲမှာ အသက်ရှူခက်ခဲတဲ့ဝေဒနာလည်း ပါဝင်ပါတယ်။ အဆုတ်တွေ ပြင်းပြင်းထန်ထန်ထိခိုက်သွားတဲ့အတွက် ပုံမှန်အတိုင်းအသက်ရှူဖို့တောင် ရုန်းကန်လာရနိုင်ပါတယ်။ ဒီလိုအခြေအနေနဲ့ကြုံရရင် ventilator ခေါ်တဲ့ အသက်ရှူအထောက်အကူပြုစက် တပ်ဖို့လိုအပ်လာပါပြီ။

    ၄။ ရုတ်တရက်အသည်းထိခိုက်ခြင်း

    Covid-19 ရောဂါဆိုးဆိုးဝါးဝါးခံစားရသူတွေမှာ အသည်းပါထိခိုက်ပျက်စီးနိုင်တာကို တွေ့ရှိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က အသည်းကိုတိုက်ရိုက်တိုက်ခိုက်လို့ အသည်းပျက်စီးတာလား၊ တခြားအချက်တွေကြောင့်လား ဆိုတာတော့ လက်ရှိအချိန်ထိ လေ့လာနေဆဲဖြစ်ပါတယ်။ ရုတ်တရက်အသည်းပျက်စီးခြင်းနဲ့ အသည်းပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တဲ့အခြေအနေတွေက အသက်အန္တရာယ်စိုးရိမ်ရပါတယ်။

    ၅။ နှလုံးပြဿနာများ

    တရုတ်နိုင်ငံမှာ Covid-19 ကြောင့်ဆေးရုံတက်ပြီးကုသမှုခံယူလိုက်ရသူတချို့မှာ နှလုံးခုန်မြန်ခြင်းလို နှလုံးပြဿနာတချို့ ပေါ်လာတာတွေ့ရပါတယ်။ နောက်ပြီး အမေရိကန်နိုင်ငံမှာ Covid-19 ကူးစက်ခံရသူတွေကို ပြုလုပ်ခဲ့တဲ့ သုတေသနတွေမှာလည်း Covid-19 နဲ့ဖျားနာနေသူတွေမှာ နှလုံးပြဿနာ တွေထပ်ပေါ်ပေါက်လာတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့ Covid-19 ရောဂါက ရောဂါအသစ်ဖြစ်ပြီး သုတေသနတွေလည်း လုပ်ဆောင်ဆဲဖြစ်တာမို့ ဗိုင်းရပ်စ်က နှလုံးကို ဘယ်နည်းနဲ့ထိခိုက်စေသလဲဆိုတာ လေ့လာနေဆဲပါ။

    ၆။ နောက်ဆက်တွဲ ကူးစက်ရောဂါများ

    နောက်ဆက်တွဲကူးစက်ရောဂါဆိုတာ နဂိုကူးစက်ရောဂါနဲ့ မသက်ဆိုင်ဘဲ ထပ်ဖြစ်ပွားတဲ့ရောဂါတွေကို ဆိုလိုပါတယ်။ ဖြစ်နိုင်ချေနည်းပေမဲ့ ဆေးရုံတက်ပြီးကုသမှုခံယူသူတိုင်း  နောက်ဆက်တွဲကူးစက်ရောဂါတစ်မျိုးမျိုး ဝင်နိုင်ချေရှိတာကို သိထားရပါမယ်။

    ၇။ ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း

    တွေ့ရနည်းပေမဲ့ ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတစ်ခုပါ။ ပျက်စီးသွားတဲ့ကျောက်ကပ်ပုံမှန်အလုပ်ပြန်လုပ်နိုင်အောင် ကျောက်ကပ်ဆေးပေးဖို့လိုအပ်ပါတယ်။ ကျောက်ကပ်ပျက်စီးတာကို အချိန်မီ ကုသမပေးနိုင်ရင် နာတာရှည်ကျောက်ကပ်ရောဂါအထိ ဖြစ်သွားနိုင်ပါတယ်။

    ၈။ သွေးဆိပ်တက်ခြင်း

    ပြင်ပရောဂါပိုးတစ်ခုခုကို ခန္ဓာကိုယ်ကပြန်တိုက်ထုတ်တဲ့လုပ်ငန်းစဉ် ကပြောင်းကပြန်ဖြစ်သွားတဲ့အခါ သွေးဆိပ်တက်တဲ့ပြဿနာကြုံရနိုင်ပါတယ်။ ရောဂါပိုးတွေကိုခန္ဓာကိုယ်က မတိုက်ထုတ်ဘဲ ကိုယ်တွင်းအစိတ်အပိုင်းတွေကို ပြန်တိုက်ခိုက်ပါတော့တယ်။

    ၉။ သွေးအလွန်အကျွံထွက်ခြင်း

    ခန္ဓာကိုယ်ကသွေးခဲအောင်လုပ်ပေးတဲ့စနစ်ပျက်စီးသွားတဲ့အခါမှာ သွေးအလွန်အကျွံထွက်ပြီး ကိုယ်တွင်းသွေးယိုခြင်း၊ ကိုယ်တွင်းကလီစာတွေပျက်စီးခြင်းတွေ ခံစားရနိုင်ပါတယ်။

    ရေးသားသူ – Dr. Htoo Tint

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါ ရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement