backup og meta

COVID-19 ကာလအတွင်း မိမိရင်သွေးလေးတွေကို ဘယ်လိုထိန်းကျောင်းကြမလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    COVID-19 ကာလအတွင်း မိမိရင်သွေးလေးတွေကို ဘယ်လိုထိန်းကျောင်းကြမလဲ

    COVID-19 ရောဂါဟာ တစ်ကမ္ဘာလုံးက မိသားစုတွေရဲ့ဘဝတွေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် ပြုလုပ်လိုက်ပါတယ်။ ကျောင်းတွေပိတ်တယ်၊ အလုပ်တွေကို အိမ်ကနေလုပ်ကြရတယ်၊ တတ်နိုင်သမျှအိမ်မှာပဲနေကြရတယ်၊ လူတစ်ဦးနဲ့ တစ်ဦးနဲ့က ခပ်ခွာခွာနေကြရတယ်။ အပြောင်းအလဲတွေက အများကြီးပါပဲ။ အခုအချိန်မှာတော့ ကျောင်းတွေ၊ ကျူရှင်တွေ၊ သင်တန်းတွေ ပိတ်နေလို့ အိမ်မှာပဲဂျီကျနေကြတဲ့ အသည်းကျော်ရင်သွေးလေးတွေကို ဘယ်လိုထိန်းကျောင်းကြမလဲဆိုတာ ပြောပြပေးပါမယ်။

    ၁။       COVID-19 ရောဂါအကြောင်းကို ပြောပြပါ။

    ဂရုတစိုက်နဲ့ သေချာလေးပြောပြပေးပါ။ မိမိရင်သွေးလေးတွေ ကိုယ်တိုင်ကိုက ကြားသိပြီးဖြစ်နိုင်ပါတယ်။ သူတို့အတွက် ကြောက်လန့်စရာမဖြစ်အောင်နဲ့ အတွေးမှားနေတာလေးတွေကို ပယ်ဖျောက်ပေးဖို့အတွက် မိဘတွေကိုယ်တိုင်က ပြောပြပေးဖို့လိုပါတယ်။ ပြောပြတဲ့အခါ ကိုယ့်ရင်သွေးက ဘယ်လောက်အထိ နားလည်နိုင်မယ်ဆိုတာကို တွေးပါ။ ကိုယ့်ရင်သွေး ဘယ်အတိုင်းအတာအထိ နားလည်နိုင်မယ်ဆိုတာ ကိုယ်သာအသိဆုံးဖြစ်ပါလိမ့်မယ်။

    ပြောပြတဲ့အခါမှာ ရိုးသားပွင့်လင်းမှုရှိပါစေ။ အရမ်းမကြောက်အောင် ချန်လှပ်ပြီး ပြောလိုက်တာမျိုးမလုပ်ပါနဲ့။ မသိရင် မသိဘူးပဲ ပြောပေးပါ။ ရင်သွေးလေးကြောက်သွားရင် သူတို့နားမှာ မိသားစုဝင်တွေ အမြဲရှိနေတယ်ဆိုတာ ပြောပြပေးပါ။ ဥပမာ – ဘာမှ ကြောက်စရာမလိုဘူးနော်၊ ဖေဖေရော၊ မေမေရော၊ ကိုကိုရော၊ မမရော အနားမှာ အမြဲရှိတယ် ဆိုတာမျိုးပြောပြပေးပါ။

    COVID-19 ရောဂါဟာ ဘယ်သူမဆို ဖြစ်နိုင်တယ်ဆိုတာကိုလည်း ပြောပြပေးဖို့လိုပါတယ်။ ဆင်းရဲချမ်းသာ၊ ရုပ်သွင်ပြင်၊ စိတ်နေစိတ်ထား၊ လူဆိုးလူကောင်းမရွေး ဖြစ်နိုင်တယ်ဆိုတာကိုလည်း ပြောပြပေးပါ။ ရောဂါဖြစ်နေတဲ့သူတွေကိုတွေ့ရင် ပြုစုစောင့်ရှောက်ပေးရမယ်ဆိုတာကို ပြောပြပေးပါ။ ဒါမှသာ ရင်သွေးလေးဟာ COVID-19 ကပ်ဆိုးကြီးကို မကြောက်မလန့်ဘဲ ဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။

    ၂။       အချိန်ပေးပါ။

    ကျောင်းတွေ၊ သင်တန်းတွေပိတ်နေတာက သင့်ရင်သွေးလေးနဲ့ ပျော်စရာအချိန်တွေကို အတူဖြတ်သန်းဖို့ အကောင်းဆုံးအချိန်ပါပဲ။ ရင်သွေးလေးတွေကို အချိန်ပေးခြင်းအားဖြင့် သူတို့လေးတွေမှာ ပိုအချစ်ခံရတယ်လို့ ခံစားရလာမယ်၊ လုံခြုံမှုရှိတယ်လို့ ခံစားရလာစေပါလိမ့်မယ်။ သူတို့လေးတွေက သင့်ဘဝအတွက် အရေးကြီးတယ်ဆိုတာ ပြသလိုက်ပါ။

    ကလေးတစ်ယောက်ချင်းစီတိုင်းအတွက် သီးသန့်အချိန်လေးတွေ ပေးပေးပါ။ အလုပ်တွေများနေသည်ဖြစ်စေ၊ မများသည်ဖြစ်စေ တစ်ယောက်စီအတွက် အနည်းဆုံးမိနစ် (၂၀) စီလောက်အချိန်ပေးပါ။ ရင်သွေးလေးတွေကလည်း ဒီလို သီးသန့်အချိန်လေးတွေကို မျှော်နေကြမှာပါ။

    သီးသန့်အချိန်ပေးတဲ့အခါ သင့်ရင်သွေးလေးကို ဘာလုပ်ချင်လဲ မေးကြည့်ပါ။ သူလုပ်ချင်တာကို (ဖြစ်နိုင်ရင်) ပေးလုပ်လိုက်တာက သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို တိုးတက်စေနိုင်ပါတယ်။

    အကယ်၍ ဘာလုပ်ရမလဲမသိဖြစ်နေရင်တော့-

    စကားမပြောတတ်သေးတဲ့ ကလေးဆိုရင်

    • သူတို့ရဲ့မျက်နှာအမူအရာနဲ့ အသံကို လိုက်တုပြီးလုပ်ပြပါ။
    • သီချင်းဆိုပါ၊ ဖန်ခွက်လေးတွေပေါ်ဇွန်းလေးတွေနဲ့ခေါက်ပြီး တီးလုံးသံပြုလုပ်တာမျိုး လုပ်ပြပါ။
    • လေးထောင့်တုံးလေးတွေဆင့်ပြီး တာဝါတိုင်ပုံစံဆောက်တာမျိုး
    • စာအုပ်ဖတ်ပြတာ၊ ပုံပြင်ပြောပြတာ ဒါမျိုးလေးတွေလုပ်ပြလို့ရပါတယ်နော်။

    စကားပြောတတ်ပြီ၊ ကျောင်းစတက်ပြီဆိုတဲ့ကလေးတွေအတွက်က-

    • ရောင်စုံခဲတံလေးတွေနဲ့ ပုံဆွဲစေတာ
    • သီချင်းဆိုပြီး ကပြတာ၊ လိုက်ကစေတာ
    • အိမ်အလုပ်လိုက်ကူစေတာ (ဥပမာ – ကိုယ်က တစ်အိမ်လုံးသန့်ရှင်းရေးလုပ်နေတဲ့အချိန်မှာ သူ့ကို တံမြက်စည်းပေးထားပြီး လှဲခိုင်းစေတာမျိုး)
    • ကျောင်းစာပြန်သင်ပေးတာ ဒါလေးတွေလုပ်ပေးပါ။

    ဆယ်ကျော်သက်အရွယ်လေးတွေအတွက်ကတော့-

    • သူနှစ်သက်တဲ့အရာကို သိအောင်လုပ်ထားပြီးဆွေးနွေးပါ။ (ဥပမာ – အားကစား၊ သီချင်း၊ မင်းသား/မင်းသမီး၊ သူငယ်ချင်း)
    • ဟင်းအတူတူချက်ကြတာ
    • ဝါသနာတစ်ခုရှာပေးပြီး လုပ်စေတာ (ဥပမာ – ပန်းချီဆွဲ၊ အိမ်တွင်းအားကစား၊ ဂစ်တာတီး) ဒါလေးတွေလုပ် ကြလို့ရတယ်နော်။

    ၃။       အရာရာကို အကောင်းမြင်စိတ်ဓာတ်နဲ့ကြည့်ပါ။

    COVID-19 ကပ်ရောဂါဖြစ်နေတဲ့အချိန် အပြင်လည်း အရင်လောက်ထွက်မရ၊ အလုပ်အတွက်၊ ငွေကြေးအတွက် အရာရာကို စိတ်ပူပန်နေရတဲ့အချိန်မှာ ရင်သွေးလေးတွေက အငြိမ်မနေတာတွေကြောင့် စိတ်တွေတိုကြမှာပါ။ အကောင်းမြင်နိုင်စွမ်းတွေလည်း ကျနေကြပါလိမ့်မယ်။ သည်လိုအချိန်တွေမှာ ရင်သွေးလေးတွေကို သည်ဟာမလုပ်နဲ့၊ ဟိုဟာမကိုင်နဲ့ လို့ အော်ပြောမိကြမှာပါပဲ။ ဒါပေမဲ့ အမြဲမှတ်ထားပါ။ ကလေးတွေကို ဆူဆဲပြီး ပြောတာထက် ချော့မော့မြှောက်ပင့်ပေးပြီး ပြောတာဆိုရင် ရင်သွေးလေးတွေက ပိုပြီးနားထောင်ကြမှာပါ။ အဲ့လိုပြောလို့ ရင်သွေးလေးတွေက လိမ်လိမ်မာမာလေး ငြိမ်ငြိမ်နေပြီဆိုရင်လည်း သူတို့ကိုချီးကျူးပေးပြီး သူတို့ကြိုက်တာလေးတွေ ချကျွေးပေးဖို့ မမေ့ပါနဲ့နော်။

    ၄။       အကျင့်ကောင်းလေးတွေပျိုးထောင်ပေးပါ။

    အချိန်ဇယားလေးဆွဲပေးပြီး ကစားချိန်၊ နားချိန်၊ အလုပ်ကူချိန်၊ လေ့ကျင့်ခန်းလုပ်ချိန် ဒီလိုလေးတွေသတ်မှတ်ပေး လို့ရပါတယ်။ အဲ့ဒီအတိုင်းလိုက်နာရင် ချီးမွမ်းပေးပါ။ သူတို့ရဲ့အကျင့်ကောင်းလေးတွေကို ပျိုးထောင်ပေးပါ။ အိမ်ခြံဝန်းနဲ့နေတာ ဆိုရင် ခြံဝင်းထဲထွက်ကစားစေပါ။ အပင်တွေစိုက်ထားတာရှိတယ်ဆိုရင် ရေလောင်းကူစေတာမျိုးလေးတွေလုပ်ပေးပါ။

    တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ လက်ဆေးရတာက ပျော်စရာအသွင်ပေါ်လာအောင် လုပ်ပေးပါ။ လက်ပုံမှန်ဆေးတိုင်း အမှတ်ပေးတာမျိုး၊ ဒါမှမဟုတ် ကိုယ့်မျက်နှာကို ကိုယ့်လက်နဲ့ကိုယ်တိုင် ထိမိတိုင်းအမှတ်လျှော့တဲ့ ဂိမ်းပုံစံမျိုးလေးတွေ ဖန်တီးပါ။ သင့်ရင်သွေးလေး အိမ်မှာနေပြီး အကျင့်ကောင်းလေးတွေသင်ရင်း ပျော်ရွှင်နေပါလိမ့်မယ်။

    သင်ဟာ သင့်ကလေးအတွက် role model ဦးဆောင်လမ်းပြတစ်ယောက်ဖြစ်ပါတယ်။ သင်ကိုယ်တိုင်က တခြားသူတွေနဲ့ ခပ်ခွာခွာနေပြရမယ်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပြရမယ်၊ တခြားသူတွေကို အကြင်နာတရားနဲ့ ဆက်ဆံပြရမယ် (အဓိကက ဖျားနာနေတဲ့သူတွေကို)။ ဒါမှသာ ရင်သွေးငယ်လေးတွေမှာ အကျင့်ကောင်းလေးတွေ အကျင့်စွဲ လာမှာပေါ့။

    ၅။       ကစားခြင်းဖြင့် သင်ယူစေပါ။

    ဘယ်လိုကစားကြစေမလဲ။ အကျိုးဖြစ်ထွန်းစေတဲ့ ကစားနည်းမျိုးစုံရှိပါတယ်။

    (က)    လှုပ်လှုပ်ရှားရှားကစားနည်း

    • သင်အပါအဝင် သားသားမီးမီးတွေအကုန် တစ်ယောက်တစ်လှည့်စီ ဦးဆောင်ပြီးကပြ ကျန်သူတွေက လိုက်ကရတာမျိုး
    • သီချင်းတစ်ပုဒ်ကို ဖွင့်ထားပြီး သီချင်းသံရပ်သွားတဲ့အခါမှာ ဒိုင်ဖြစ်သူက တိရစ္ဆာန်တစ်ကောင်နံမည်ကို အော်လိုက်ရင် ကျန်သူတွေက အဲ့ဒီတိရစ္ဆာန်ပုံတူလုပ်ပြရတာမျိုး။

    (ခ)      ပုံပြောကစားနည်း

    • သင်ကိုယ်တိုင်က သင့်ရဲ့ဘဝဇာတ်ကြောင်းကို ပုံပြင်လိုပြောပြတာမျိုး
    • ရင်သွေးငယ်ကို သင့်အတွက် ပုံပြင်ပြောပြစေတာမျိုး
    • တစ်ယောက်ယောက် ဟိုးရှေးရှေးတုန်းက ဆိုပြီး ပုံပြင်ကို အစချီလိုက်တဲ့အခါ စက်ဝိုင်းပုံစံဝိုင်းထားပြီး တစ်ယောက်တစ်လှည့်ပုံပြင်ကို ဆက်ပြောစေပြီး ပုံပြင်အသစ်တစ်ပုဒ်ကို အတူတူဖန်တီးတာမျိုး

    (ဂ)      မှတ်ဉာဏ်ကစားနည်း

    • ဥပမာ ပထမဆုံးတစ်ယောက်က သည် COVID-19 ကပ်ဆိုးပြီးသွားရင် (ပန်းခြံကိုသွားမယ်) နောက်တစ်ယောက်က COVID-19 ကပ်ဆိုးပြီးသွားရင် ပန်းခြံကိုသွားပြီး (ရေလွှာလျှောစီးကစားမယ်) အဲ့လိုဆက်တိုက်ပြောသွားပြီး နောက်ဆုံးကျန်တဲ့တစ်ယောက်က စောစောကစကားကို အစကနေအဆုံးထိ ပြန်ပြောစေတာမျိုး
    • ကြားဖူးနေကျသီချင်းတစ်ပုဒ်ကို အစတစ်ပိုဒ်လေးဆိုပြပြီး နောက်အပိုဒ်ကို ခန့်မှန်းပြီး ဆက်ဆိုစေတာမျိုး

    အဲ့လိုမျိုးလေးတွေ ကစားကြလို့ရပါတယ်။

    ၆။       အင်တာနက်အသုံးပြုခွင့် ပေးလို့ရပါတယ်၊ ဒါပေမဲ့ အန္တရာယ်မဖြစ်အောင် ထိန်းပေးပါ။

    အခုအချိန်မှာ online ကနေ သင်ကြားပေးနေတဲ့ သင်တန်းတွေ အများကြီးရှိနေပါပြီ။ online ကနေ သင်ကြားနေရတဲ့အတွက် သင့်ရင်သွေးလေးတွေမှာလည်း ပျင်းဖို့သတိတောင်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့်သည်လို အင်တာနက်ကို အသုံးပြုကြမယ်ဆိုရင်တော့ စောင့်ကြည့်ပေးဖို့လိုတယ်နော်။

    • လိင်နဲ့ပတ်သက်တဲ့ website တွေကို မကြည့်မိစေအောင် ထိန်းသိမ်းပေးပါ။
    • Web Browser တော်တော်များများမှာ Parental Control လိုမျိုးတွေ ဖွင့်ပေးလို့ရပါတယ်။ စမ်းသုံးကြည့်ပါ။
    • သင်တန်းတက်နေတာမျိုး၊ မိသားစု၊ ရင်းနှီးသူတွေနဲ့ Video Call လုပ်နေတာမျိုးမဟုတ်ရင် Laptop တွေမှာပါတဲ့ Webcam တွေကို ဖုံးအုပ်ထားပါ။
    • အခြားသူများမှ Cyberbully လုပ်တာမျိုး မခံရလေအောင် သေချာစောင့်ကြည့်ပေးဖို့လိုပါတယ်။
    • Computer၊ TV၊ Game အစရှိတဲ့အရာတွေသုံးရင် လိုက်နာရမယ့်အချက်လေးတွေကို သင်ကြားနမူနာပြသပေးပါ။ (ဥပမာ – အချိန်ဇယားဆွဲပေးပြီးသုံးဖို့၊ အနားအရမ်းကပ်ပြီး မကြည့်ဖို့၊ အချိန်ဘယ်လောက်သုံးပြီးတိုင်း တစ်ခါနားဖို့)
    • ဆယ်ကျော်သက်တွေမှာ မိမိရဲ့ တစ်ကိုယ်ရည် အချက်အလက်တွေကို online ကနေ မျှဝေတာမျိုးတွေ လုံးဝမလုပ်စေပါနဲ့
    • အင်တာနက်သုံးပြီးနောက် သင့်ရင်သွေးလေးမှာ အမူအရာပြောင်းလဲသွားတာလေးတွေ ရှိမရှိ မျက်ခြေမပြတ်စောင့်ကြည့် နေပါ။

    အားလုံးပဲ COVID-19 ကပ်ဆိုးကာလအတွင်း သားသားမီးမီးလေးတွေကို ထိန်းကျောင်းရင်း ပျော်ရွှင်တဲ့မိသားစုဘဝကို ဖော်ဆောင်နိုင်ကြပါစေ။

    ရေးသားသူ – ဒေါက်တာခိုင်ဝင်း

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement