backup og meta

မေမေ့ဗိုက်ထဲက ဘေဘီလေး လအလိုက်ဘယ်လိုများ ဖွံ့ဖြိုးတာလဲ


Aye Thi Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေမေ့ဗိုက်ထဲက ဘေဘီလေး လအလိုက်ဘယ်လိုများ ဖွံ့ဖြိုးတာလဲ

    ဘေဘီလေး မွေးဖွားလာချိန်မှာ ကြီးထွားလာတာကို မျက်ဝါးထင်ထင်မြင်ရနိုင်ပေမယ့် ဗိုက်ထဲမှာတော့ဘယ်လိုဖွံ့ဖြိုးလာလဲဆို တာကို သိချင်ပေမယ့် မသိရလို့ဆိုပြီး စိတ်ညစ်နေတဲ့ မေမေတွေများရှိလား။ ဒါဆိုရင် ဘေဘီလေးက ဗိုက်ထဲမှာ ဘယ်လိုများဖွံ့ဖြိုးလာတာပါလိမ့် တူတူကြည့်ရအောင်လား မေမေဗိုက်တို့ရေ……

    သန္ဓေအောင်တဲ့ မျိုးဥလေးက ကြီးထွားလာပြီ။ သူ့ဘေးမှာ ရေအိတ်လေးတွေလည်း စဖြစ်လာပြီ။ ရေမြွှာလေးတွေပေါ့။ ကြီးထွားလာမယ့် သန္ဓေသားလေးကို ထိခိုက်မှုမရှိစေဖို့ အကောင်းဆုံးကာကွယ်ပေးမယ့် အရာလေးတွေပေါ့။

    ပြီးရင်တော့ အချင်း စဖြစ်လာပါမယ်။ အချင်းက မေမေစားလိုက်တဲ့ အာဟာရတွေကို ဘေဘီလေးဆီကို ပို့ပေးပြီး  ဘေဘီလေးစွန့်ထုတ်မယ့် အညစ်အကြေးတွေကို မေမေဆီကနေတဆင့် စွန့်ထုတ်ပေးဖို့ လုပ်ဆောင်ပေးပါလိမ့်မယ်။

    မျက်နှာသဏ္ဍာန်စပေါ်လာပါပြီ။ မျက်လုံးဖြစ်လာမယ့် အနက်ရောင် အဝိုင်းနှစ်ခုစဖြစ်ပေါ်နေပါပြီ။ ပါးစပ်၊ အောက်မေးရိုး နဲ့ လည်ပင်းတို့လည်း စတင်ဖွံ့ဖြိုးလာပါပြီ။ သွေးဆဲလ်တွေ စတင်ပုံပေါ်လာပါပြီ။ သွေးလည်ပတ်မှုစတင်နေပြီဖြစ်သလို နှလုံးလေးလည်းစဖြစ်နေပါပြီ။ ကိုယ်ဝန်ဆောင်ကာလ ၄ ပတ်နောက်ပိုင်းလောက်မှာ ဘေဘီလေးက တစ်မိနစ်ကို ၆၅ ကြိမ်လောက် နှလုံးခုန်နေပါတယ်။ ကိုယ်ဝန်ကာလ ပထမလ အဆုံးပိုင်းမှာ ဘေဘီလေးက ဆန်စေ့ထက်နည်းန ည်းလေးကြီးမယ်။ တစ်လက်မရဲ့ ၄ ပုံ ၁ ပုံလောက်ရှိ ပါတယ်။

    ကိုယ်ဝန် ၂ လ

    ဘေဘီလေးရဲ့ မျက်နှာဖွံ့ဖြိုးမှုက ဆက်လက်ဖြစ်ပေါ်နေပါတယ်။ နားရွက်လေးတွေစတင်ဖွံ့ဖြိုးလာနေပါပြီ။ ဦးခေါင်းတစ်ဖက်စီမှာ အရေပြားအတွန့်အခေါက်လေးတွေ စဖြစ်လာနေပါပြီ။ လက်မောင်းလေးတွေ ခြေထောက်လေးတွေ စဖွံ့ဖြိုးနေပါပြီ။ လက်ချောင်း၊ခြေချောင်းလေးတွေ၊ မျက်လုံးလေးတွေ စဖြစ်ပေါ်နေပါပြီ။

    ဦးနှောက်၊ ကျောရိုးနဗ်ကြောတွေ၊ အာရုံကြောတစ်ရှုးတွေ၊ ဗဟိုအာရုံကြောစနစ်တွေ စတင်ဖွံ့ဖြိုးနေပါပြီ။ အစာခြေစနစ် နဲ့ အာရုံခံအင်္ဂါအစိတ်အပိုင်းတွေက ဆက်လက်ဖွံ့ဖြိုးနေကြချိန်ပေါ့။

    အရိုးနုလေးတွေနေရာမှာ အရိုးတွေ စတင်နေရာယူ လာကြပါပြီ။ ဦးခေါင်းပိုင်းက အခြားအစိတ်အပိုင်းတွေထက် ပိုပြီး ဖွံ့ဖြိုးနေတဲ့ကာလပါ။ ကိုယ်ဝန် ဒုတိယလအကုန်မှာ ဘေဘီလေးက ၁ လက်မအရွယ်အစားလောက်ရှိလာပါပြီ။

    ကိုယ်ဝန်ဆောင်ကာလ ၆ ပတ်လောက်မှာ ဘေဘီလေးက နှလုံးစခုန်နေပြီဖြစ်ပြီး ကိုယ်ဝန်ဆောင်ကာလ ၈ ပတ်နောက်ပိုင်း မှာ ဘေဘီလေးက တော်တော်လေးရုပ်လုံးပေါ်လာပါပြီ။

    ကိုယ်ဝန် ၃ လ

    ကိုယ်ဝန် ၃ လကိုရောက်လာချိန်မှာတော့ ဘေဘီလေးရဲ့ လက်မောင်း၊ လက်၊ ခြေချောင်း၊ လက်ချောင်းလေးတွေ၊  ခြေဖဝါးလေးတွေက ပြည့်ပြည့်ဝဝဖွံ့ဖြိုးလာပါပြီ။ ဘေဘီလေးက လက်သီးဆုပ်တတ်ပြီ။

    ပါးစပ် ဖွင့်တတ်ပိတ်တတ်ပြီ။ လက်သည်းခြေသည်းလေးတွေ စဖြစ်ပေါ်လာပြီ။ နားရွက်လေးပြည့်ပြည့်စုံစုံဖွံ့ဖြိုးလာပါပြီ။ ဘေဘီလေးက သားသားလေးလားမီးမီးလေးလားဆိုတာကို သိစေနိုင်မယ့် အင်္ဂါလေးဖွံ့ဖြိုးလာပြီပေါ့။ဒါပေမယ့် အယ်လ်ထရာဆောင်းကနေ အတည်ပြုဖို့ကတော့ ခက်ခဲနေဦးမှာပါ။

    ကိုယ်ဝန်ဆောင်ကာလ ၃ လပြီးတဲ့အခါ ဘေဘီလေးက အလုံးစုံဖွံ့ဖြိုးသွားပါပြီ။ အင်္ဂါအစိတ်အပိုင်းတွေအားလုံးက ဆက်လက်ကြီးထွားလာပြီး လှုပ်ရှားအသုံးပြုလို့ရနေပါပြီ။ သွေးလှည့်ပတ်မှုစနစ်၊ ဆီးစွန့်တဲ့စနစ်တွေ စတင်လုပ်ဆောင်နေပြီဖြစ်ဖြစ်သလို အသည်းကလည်း သည်းခြေရည်တွေကို စတင်ထုတ်လုပ်ပေးနေပါပြီ။

    ကိုယ်ဝန်ဆောင် တတိယကာလပြီးတဲ့အခါ ဘေဘီလေးက ၄ လက်မလောက်အရွယ်အစားရှိမှာဖြစ်ပြီး ကိုယ်အလေးချိန်က ၁ အောင်စလောက်ရှိမှာပါ။ ဘေဘီလေးရဲ့ အရေးပါဆုံးကြီးထွားဖွံ့ဖြိုးမှုတွေတော်တေ်ာလေး ဖြစ်ပြီးနေချိန်ပေါ့။

    ကိုယ်ဝန် ၄ လ

    ဘေဘီလေးရဲ့ နှလုံးခုန်သံကို နားထောင်လို့ရနေပါပြီ။ လက်ချောင်း၊ခြေချောင်းလေတွေ ကောင်းစွာဖွံ့ဖြိုးနေပါပြီ။ မျက်ခွံ၊ မျက်တောင်၊ မျက်ခုံး၊ လက်သည်းခြေသည်းနဲ့ ဆံပင်တွေစဖြစ်နေပါပြီ။ သွားတွေနဲ့အရိုးတွေက ပိုကြံ့ခိုင်လာပါပြီ။ လက်မလေးကိုစုပ်တတ်ပြီ၊သမ်းတတ်ပြီ၊ အကြောဆန့်တတ်ပြီ၊ မျက်နှာအမူအရာလေးတွေလုပ်တတ်ပါပြီ။

    အာရုံကြောစနစ်တွေ စတင်လုပ်ဆောင်နေပါပြီ။ မျိုးပွားအင်္ဂါတွေ ပြည့်ပြည့်ဝဝဖွံ့ဖြိုးလာပြီဖြစ်လို့ သားသားလေးလား၊ မီးမီးလေးလားဆိုတာကို သိနိုင်တော့မှာပါ။ ဘေဘီလေးအရွယ်အစားကတော့ ၆ လက်မလောက်ရှိပြီး ကိုယ်အလေးချိန်က ၄ အောင်စလောက်ရှိမှာဖြစ်ပါတယ်။

    ကိုယ်ဝန် ၅ လ

    ဘေဘီလေးရဲ့ လှုပ်ရှားမှုကိုစတင်ခံစားရပါပြီ။ ကြွက်သားတွေ စတင်ဖွံ့ဖြိုးနေပြီဖြစ်ပြီး လှုပ်ရှားမှုတွေလည်း စလုပ်နေပြီပေါ့။ ဘေဘီလေးလှုပ်ရှားမှုတွေ စလုပ်ပြီလေ။

    ဘေဘီလေးရဲ့ ဦးခေါင်းမှာ ဆံပင်တွေစဖြစ်ပေါ်လာပြီ။ ဘေဘီလေးရဲ့ ပခုံး၊ နောက်ကျော နဲ့ နဖူးစပ်လေးတွေမှာ  မွှေးညှင်းနုလေးတွေ စဖြစ်လာပါပြီ။ ဘေဘီလေးကအကောင်းဆုံးဖွံ့ဖြိုးနေပါပြီ။ အရွယ်အစားက ၁၀ လက်မလောက်ရှိလာပြီဖြစ်ပြီး ကိုယ်အလေးချိန်က ၁ ပေါင်လောက်ရှိလာပါပြီ။

    ကိုယ်ဝန် ၆ လ

    ဘေဘီလေးရဲ့ အရေပြားက အနီရောင်သန်းနေမယ်။ အတွန့်အခေါက်လေးတွေရှိမယ်။ အပေါ်ယံအရေပြားကို ဖောက်ပြီး  သွေးကြောတွေကို မြင်နေရမယ်။ ခြေဗွေရာ၊ လက်ဗွေရာလေးတွေ စထင်းလာပါပြီ။

    မျက်ခွံလေးတွေ စကွာလာပြီး မျက်လုံးလေးတွေ ဖွင့်လို့ရပါပြီ။ အသံကြားတဲ့အခါ ဘေဘီလေးက လှုပ်တတ်ပါပြီ။ နှလုံးခုန်နှုန်းလည်း မြန်လာပါပြီ။ ဘေဘီလေး ကြို့ထိုးသံကိုလည်း စကြားရပါပြီ။

    တကယ်လို့ ဒီအချိန်မှာ လမစေ့ဘဲ မွေးဖွားခဲ့မယ်ဆိုရင် အထူးကြပ်မတ်ကုသစောင့်ရှောက်မှုလုပ်ပေးမယ်ဆိုရင် ဘေဘီလေးက အသက်ရှင်နိုင် ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ၆ လကုန်လောက်မှာဆိုရင် ဘေဘီလေးက ၁၂ လက်မလောက်အရွယ်အစားရှိပြီဖြစ်ပြီး ကိုယ်အလေးချိန်က ၂ ပေါင်လောက်ရှိမှာဖြစ်ပါတယ်။

    ကိုယ်ဝန် ၇ လ

    ဘေဘီလေးက ဆက်လက်ကြီးထွားရှင်သန်နေပါမယ်။ ခန္ဓာကိုယ်မှာ အဆီပြင်လေးတွေဖြစ်ပေါ်လာပါပြီ။ အကြားအာရုံ အပြည့်အဝဖွံ့ဖြိုးလာပါပြီ။ မကြာခဏဆိုသလို ခန္ဓာကိုယ် အနေအထားကိုပြောင်းလဲပါလိမ့်မယ်။

    အသံ၊ အထိအတွေ့နဲ့ အလင်းရောင်တွေကိုတုံ့ပြန်ပါလိမ့်မယ်။ ရေမြွှာရည်ကနည်းစပြုလာပါပြီ။ ကိုယ်ဝန် ၇လပြည့်ပြီးချိန်မှာ ဘေဘီလေးရဲ့ အရွယ်အစားက ၁၄ လက်မရှိမှာ ဖြစ်ပြီး ကိုယ်အလေးချိန်က ၂ ပေါင်ကနေ ၄ပေါင်အထိ အသီးသီးရှိနိုင်ပါတယ်။

    ကိုယ်ဝန် ၈ လ

    ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုက ဆက်လက်ဖြစ်ပေါ်နေပါလိမ့်မယ်။ ကလေးက အရင်ကထက်ပိုကန်လာပါလိမ့်မယ်။ ဒီအချိန်မှာ ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက အရှိန်အမြင့်ဆုံးပါ။ ကြားနေရပြီဖြစ်သလို မြင်လည်း မြင်နေရပါပြီ။ ကိုယ်တွင်းအင်္ဂါတွေက အကောင်းဆုံးဖွံ့ဖြိုးလာပါပြီ။ အဆုတ်ကတော့ ဆက်လက်ဖွံ့ဖြိုးဆဲပါ။ အရွယ်အစားက ၁၈ လက်မလောက်ရှိပြီဖြစ်ပြီး ကိုယ်အလေးချိန်က ၅ ပေါင်လောက်ရှိပါပြီ။

    ကိုယ်ဝန် ၉ လ

    အဆုတ်ဖွံ့ဖြိုးမှု ပြီးစီလုနီးပါးအဆင့်ရောက်ပါပြီ။ ဟန်ချက်ညီညီလှုပ်ရှားနိုင်ပြီဖြစ်ပြီး ဘေဘီလေးက မျက်တောင်ခတ်တတ်ပြီ ၊မျက်လုံးတွေ မှိတ်တ်၊ဖွင့်တတ်ပြီ၊ ခေါင်းကို ဘယ်ညာလှည့်တတ်ပြီ၊ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်တတ်ပြီ။ အသံတွေ၊ အလင်းတွေ အထိအတွေ့တွေကို တုံ့ပြန်တတ်ပြီ။ လူ့လောကထဲကို ဝင်လာဖို့လည်း အသင့်ဖြစ်နေပြီပေါ့။

    ဒီအချိန်မှာ ဘေဘီလေးကတော်တော်လေး ဖွံ့ဖြိုးလာပြီဖြစ်တာကြောင့် နေရာကျပ်လာပြီဖြစ်တဲ့အတွက် အရင်ကလောက် မလှုပ်ရှားတော့ပါဘူး။ မေမေ့ဗိုက်ထဲကနေ ထွက်လာဖို့ အသင့်အနေအထားကို ပြောင်းလဲလာပါပြီ။

    ခေါင်းလည်းစိုက်နေပါပြီ။  ဘေဘီလေးအရွယ်အစားက ၁၈ လက်မ ကနေ လက်မ ၂၀ လောက်ရှိလာပြီဖြစ်ပြီး ကိုယ်အလေးချိန်က ၇ ပေါင်လောက်ကို ရှိလာပါပြီ။

    ဒါတွေကတော့ ဗိုက်ထဲက ဘေဘီလေးရဲ့ လအလိုက်ကြီးထွားဖွံ့ဖြိုးမှု အဆင့်ဆင့်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement