backup og meta

Covid-19 ကပ်ဘေးကာလ မပြီးဆုံးသေးဘူးဆိုတာ အမြဲသတိကပ်ပါ


Ye Myo Myat မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Covid-19 ကပ်ဘေးကာလ မပြီးဆုံးသေးဘူးဆိုတာ အမြဲသတိကပ်ပါ

    အခုဆိုရင် ကျွန်တော်တို့နိုင်ငံမှာ စားသောက်ဆိုင်တွေ၊ အရက်ဆိုင်၊ ဘားတွေလည်း ပြန်ဖွင့်ကုန်ကြပြီ။ လနဲ့ချီ ပိတ်ထားခဲ့တဲ့ ရုံးတွေလည်း ပြန်ဖွင့်ကုန်ပြီ။ ရောဂါပိုးကူးစက်ခံရမှု များခြင်းကြောင့် Stay-at-home အမိန့်ချထားခံရတဲ့ မြို့နယ်တချို့လည်း အမိန့်ကနေ ကင်းလွတ်သွားပြီနော်။ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံသည် Covid-19 ကပ်ဘေးကို ကောင်းကောင်းထိန်းချုပ်နိုင်သေးတဲ့ အနေအထားမှာ ရှိသေးတဲ့အတွက် အနည်းငယ်တော့ စိတ်အေးရပါတယ်။ ဒါပေမယ့် အရင်တုန်းကလိုမျိုး စိတ်လွတ်ကိုယ်လွတ်၊ သတိမမူ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်း မရှိရင်တော့ ဒီအခြေအနေဟာ အချိန်ပိုင်းအတွင်းမှာ ပြန်ပြောင်းသွားနိုင်တယ်ဆိုတာ အမြဲမှတ်ထားဖို့ အရေးကြီးပါတယ်။

    Covid-19 ကို ပျောက်စေတဲ့ ဆေး၊ ကာကွယ်ပေးနိုင်တဲ့ ဆေး မထွက်သေးပါ။

    လက်ရှိအခြေအနေအရ Covid-19 ကို သက်သာစေနိုင်တယ်လို့ ယူဆရတဲ့ ဆေးတွေနဲ့ လူနာတွေကို စမ်းသပ်နေတဲ့ အဆင့်မှာသာ ရှိနေပြီး ဒီဆေးတွေဟာ အမှန်တကယ် ထိရောက်စွာ ကုသပေးနိုင်တယ်ဆိုတဲ့ ရလဒ်မျိုး မတွေ့ရသေးပါဘူး။ ဒီအတွက်ကြောင့်လည်း Covid-19 ဟာ ထိန်းချုပ်နိုင်တဲ့ အဆင့်မှာသာ ရှိနေပြီး လုံးဝပျောက်ကင်းသွားတဲ့၊ စိတ်ချရတဲ့ အခြေအနေမျိုး မဟုတ်ဘူးလို့ ဆိုလိုရခြင်းဖြစ်ပါတယ်။

    ကိုယ်တိုင် ကာကွယ်ခြင်းဖြင့်သာ စတင်ပါ။

    ကပ်ဘေးကာလသည် လုံးဝမပြီးသေးတဲ့တိုင်အောင် ရုံးတွေ၊ အလုပ်တွေ ဖွင့်ပြီဖြစ်တဲ့အတွက် ကိုယ်က မသွားချင်ဘူးဆိုရင်တောင် တာဝန်ဝတ္တရားအရ သွားရမှာပါ။ ဒီအတွက် ကိုယ်တိုင်ရော၊ ကိုယ့်မိသားစုကိုပါ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် ကိုယ်တိုင် ကာကွယ်ခြင်းကနေပဲ စတင်ရမှာပါ။ ဘတ်စ်ကားကို မလွဲသာလို့ စီးရမယ်ဆိုရင်လည်း လူတွေနဲ့ ခပ်ခွာခွာ ထိုင်ခုံကနေ စီးပါ။ ဘာပဲ ကိုင်ပြီးပြီး လက်ကို ရေ၊ ဆပ်ပြာနဲ့ ဆေးပါ သို့မဟုတ် ရေမလို လက်သန့်စင်ဆေးရည်ကို အသုံးပြုပါ။ လူစုလူဝေးကို ရှောင်ပါ။ Mask ကို အမြဲတပ်ထားပါ။ လူတစ်ဦးတစ်ယောက်စီက ကိုယ်တိုင် ကာကွယ်ပေးခြင်းဖြင့် တစ်နိုင်ငံလုံး ရောဂါပြန့််ပွားမှု နည်းသွားအောင် ကောင်းကောင်း ထိန်းချုပ်ပေးနိုင်ပါတယ်။

    အရက်ဆိုင်၊ ဘားတွေ၊ ကလပ်တွေ မသွားပါနဲ့။

    အစိုးရရဲ့ အမိန့်စာအရ အရက်ဆိုင်၊ ဘား၊ ကလပ်တွေ ပြန်ဖွင့်ခွင့်ရပြီဆိုတာ မှန်ပေမယ့် သွားကို သွားရမယ်လို့ ဘယ်သူကမှ အတင်းအကြပ် မတိုက်တွန်းထားပါဘူး။ ဒါကြောင့် ကိုယ့်သူငယ်ချင်းတွေ ကလပ်သွားတဲ့ ပုံတွေ တက်လာတိုင်း အရမ်းတွေ အားကျပြီး လိုက်မထွက်ပါနဲ့။ ကံမကောင်းရင် ကိုယ်ကနေ တစ်ဆင့် ကိုယ့်အိမ်မှာရှိတဲ့ မိဘဆွေမျိုးတွေအထိပါ ကူးစက်ပြီး အကုန် ဒုက္ခရောက်သွားနိုင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ သိပ္ပံပညာရှင်တွေ၊ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ အကုန်လုံး ကြိုးစားပြီးတော့ ကာကွယ်၊ ကုသလို့ ရမယ့် နည်းလမ်းတွေ ရှာဖွေနေတဲ့အတွက် ဒီကပ်ဘေးကာလက အချိန်တန်ရင် ပြီးသွားမှာပါ။ ကိုယ့်ဘက်က စိတ်ရှည်ရှည်နဲ့ စောင့်နေပေးဖို့ပဲ လိုပါတယ်။

    အပြင်ကို မလိုအပ်ဘဲ မထွက်ပါနဲ့။

    အပေါ်မှာ ပြောခဲ့သလိုပါပဲ၊ အပြင်ထွက်ဖို့ တင်းကြပ်မှု မရှိတော့ဘူးဆိုတာ မှန်ပေမယ့် ထွက်ချင်တိုင်း ထွက်လို့ရတယ်လို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ ရုံး၊ အလုပ်ကိစ္စ၊ မိသားစု စားဝတ်နေရေး စတဲ့ အရေးကြီးတဲ့ ကိစ္စတွေက လွဲရင် ကျန်တဲ့ ကိစ္စတွေအကုန် အရေးကြီးတယ်လို့ မသတ်မှတ်ပါဘူး။ ဒါကြောင့် လိုအပ်မှသာ ထွက်ပါ။ အချိန်တန်ရင် အိမ်ပြန်လာပြီး ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းရေးလုပ်ပါ။ ကျန်တဲ့သူတွေက အိမ်မှာပဲ ငြိမ်ငြိမ်လေးနေပေးပါ။

    အားလုံးပဲ ကပ်ဘေးကာလ အမြန်ပြီးဆုံးပြီး ပျော်ရွှင်ကျန်းမာစွာနဲ့ နေ့ရက်သစ်တွေကို ဖြတ်လှမ်းသွားနိုင်စေဖို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    [covid_19]

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement