home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ချီယာစေ့ကို ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးနိုင်သလား

ချီယာစေ့ကို ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးနိုင်သလား

ချီယာစေ့ဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်စာရင်းမှာ ပါဝင်ပါတယ်။ ယခင်ကတော့ လူသိမများသေးပေမယ့် နောက်ပိုင်းမှာ ကုန်စုံဆိုင်တွေမှာပါ ရရှိလာပါတယ်။

ဒီအစေ့လေးတွေဟာ အတိုင်းအတာအားဖြင့် ၁ မီလီလီတာပတ်လည်လောက်သာ ရှိပေမယ့် ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ အံ့မခန်းပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။

တကယ်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ စားသောက်ဖို့ အစားအသောက်ရွေးချယ်ရာမှာ ကလေးအတွက်ပါ ထည့်သွင်းစဉ်းစားရတာမို့ အရေးကြီးလှပါတယ်။ ကလေးအတွက် ထိခိုက်မှုမဖြစ်ရအောင် ဦးစားပေးရွေးချယ်ရပါတယ်။ ချီယာစေ့ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘေးကင်းတဲ့ အစားအသောက်စာရင်း ဝင်ပါတယ်။

၁။ ဝမ်းမှန်စေပါတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှု မှန်ကန်စေဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေအနေနဲ့ ဝမ်းချုပ်ခြင်းဆိုတာ နေ့စဉ်ကြုံနေကြအရာ ဖြစ်ပါတယ်။ အခန့်မသင့်ရင် လိပ်ခေါင်းပုံစံ ဖြစ်လာနိုင်ပါတယ်။

ချီယာစေ့မှာ အမျှင်ဓာတ်များစွာ ပါဝင်ပြီး အစာအိမ်အူလမ်းကြောင်းကို ချောမွေ့စေပါတယ်။ ချီယာစေ့ နှစ်ဇွန်းစာလောက်မှာ အမျှင်ဓာတ် ၈ ဂရမ်ပါဝင်ပြီး တနေ့တာလိုအပ်ချက်ရဲ့ ၃၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။

၂။ သွေးနီဥဆဲလ်များကို အားမြှင့်ပေးပါတယ်။

သွေးနီဥဆဲလ်တွေ အားမကောင်းရင် သွေးအားနည်းခြင်း ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေနဲ့ သံဓာတ်နည်းပြီး သွေးအားနည်းခြင်းပါ ကြုံရနိုင်ပါတယ်။ သံဓာတ်အားဖြည့်တဲ့ အားဆေးတွေသောက်နိုင်သလို သံဓာတ်ကိုမြှင့်တင်ပြီး သွေးနီဥတွေကို အားကောင်းစေမယ့် အစားအစာတွေကိုလည်း ရွေးချယ်စားသုံးနိုင်ပါတယ်။ ဟင်းနုနွယ်၊ အမဲသား၊ ကြက်ဘဲ စတာတွေ အပါအဝင် ချီယာစေ့ဟာလည်း သံဓာတ်ပြည့်ဝတဲ့ စားစရာတစ်မျိုး ဖြစ်ပါတယ်။ ချီယာစေ့ နှစ်ဇွန်းစာမှာ သံဓာတ် ၂ မီလီဂရမ် ပါဝင်ပြီး တနေ့တာလိုအပ်ချက်ရဲ့ ၁၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။

၃။ ကလေးများရဲ့သွားများနဲ့ အရိုးတွေကို သန်စွမ်းစေပါတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို ကယ်လ်ဆီယမ် ၁၀၀၀ မီလီဂရမ်ခန့် လိုအပ်ပါတယ်။ ဒီပမာဏအတွက် နို့ကို ခွက်ပေါင်းများစွာ သောက်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကယ်လ်ဆီယမ်ဟာ နွားနို့တစ်မျိုးတည်းက ရနိုင်တာတော့ မဟုတ်ပါဘူး။ အသီးအနှံတွေ၊ အသီးအရွက်တွေကနေလည်း ရရှိနိုင်ပြီး ချီယာစေ့ကလည်း ရနိုင်ပါတယ်။ ချီယာစေ့ နှစ်ဇွန်းမှာ ကယ်လ်ဆီယမ် ၁၅၂ မီလီဂရမ်ပါဝင်ပြီး တစ်နေ့တာလိုအပ်ချက်ရဲ့ ၁၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။

၄။ Omega 3 ကြွယ်ဝပါတယ်

Omega 3 ဟာ သန္ဓေသားလောင်းရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေပြီး ကိုယ်ဝန်ဆောင်ကာလကိုလည်း အဆင်ပြေချောမွေ့နိုင်ဖို့ အထောက်အကူပြုပါတယ်။ အဆီကြွယ်ဝတဲ့ ငါးတွေဖြစ်တဲ့ ဆယ်လ်မွန်၊ ငါးသေတ္တာနဲ့ ကမာကောင်၊ ပုစွန် စတာတွေမှာ Omega 3 ကြွယ်ဝပါတယ်။ ချီယာစေ့မှာလည်း Omega 3 ကြွယ်ဝပြီး တစ်အောင်စမှာ Omega 3 ၅ ဂရမ်ထိ ပါဝင်ပါတယ်။ ငါးများမှာ ပါဝင်တဲ့ Omega 3 နဲ့ အမျိုးအစား အနည်းငယ်ကွဲပြားပေမယ့် ကိုယ်ဝန်အတွက် အကျိုးဖြစ်စေတာကတော့ အမှန်ပါပဲ။

၅။ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပေးပါတယ်

ကိုယ်ဝန်ဆောင်ချိန်မှာထွက်တဲ့ ဟော်မုန်းများဟာ သွေးထဲမှာ ဂလူးကို့စ်ကို စုဝေးလာစေပြီး ကိုယ်ဝန်ဆောင်ကာလမှာ ဖြစ်တတ်တဲ့ ဆီးချိုနဲ့ ကြုံနိုင်ပါတယ်။ မိခင်ရဲ့ ဆီးချိုပမာဏဟာ ကလေးအပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ ချီယာစေ့မှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ သကြားဓာတ်စုပ်ယူနှုန်းကို ကျဆင်းစေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

ယခုဖော်ပြခဲ့တာတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ချီယာစေ့ကို စားသုံးခြင်းအားဖြင့် ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေဖြစ်ပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေး ဆိုသလိုပါပဲ။ ချီယာစေ့ကို ပုံမှန်ထက်ပိုပြီး စားမိမယ်ဆိုရင်လည်း ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ဥပမာ ချီယာစေ့ အစားများသွားရင် ဝမ်းပျက်ခြင်း၊ အစာအိမ်အောင့်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ဓာတ်မတည့်ခြင်း၊ အခြားဆေးဝါးများနဲ့ ဓာတ်ပြုခြင်း စတဲ့ဖြစ်နိုင်ခြေတွေ ရှိပါတယ်။ ခြုံငုံပြီးပြောရမယ်ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ချီယာစေ့ စားသုံးခြင်းဟာ အကျိုးရှိပါတယ်။ လိုတာထက် ပိုမစားမိစေဖို့တော့ ဂရုပြုရပါမယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 06/07/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။