backup og meta

လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် အစားအစာများ

    ကျန်းကျန်းမာမာနေနိုင်တယ်ဆိုတာက မှန်ကန်စွာစားသောက်နေထိုင်မှုနဲ့ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်နေခြင်း ရဲ့ ပြယုဂ်ပါ။ စားလိုက်တဲ့အစားအစာတိုင်းက ခန္ဓာကိုယ် အကျိုးပြုနေတယ်တော့မဟုတ်ပါဘူး။ “အစာလည်းဆေး ဆေးလည်း အစာ” ဆိုတဲ့ စကားအတိုင်းဖြစ်ဖို့ဆိုရင် အစားအသောက်တွေကို သေချာရွေးချယ် ချင့်ချိန်စားသောက်ဖို့ လိုမှာပါ။

    မှန်ကန်စွာ စားသောက်နေထိုင်မှုက နှလုံးရောဂါနဲ့ လေဖြတ်တာလိုမျိုး ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါ တယ်။ ဒီလိုမှန်ကန်တဲ့စားသောက်မှုပုံစံက ခက်ခက်ခဲခဲ ရှာဖွေရမယ့် လျှို့ဝှက်ချက်ကြီးတော့မဟုတ်ပါဘူး။ ပုံမှန်ထက် နည်းနည်းလေး သတိထားလိုက်ရုံပါ။

    လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် အစားအစာများ

    လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် အစားအစာများ က ဘာတွေများဖြစ်မလဲ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    လေဖြတ်နိုင်ခြေကို လျှော့ချဖို့ ဒါတွေစားပေးပါ။ လေဖြတ်တာကြောင့် ဘဝမှာလုပ်ချင်တာတွေမလုပ်ရတာမျိုးမဖြစ်စေဖို့ဆိုရင် ဒီအစားအစာလေးတွေကို စားပေးလို့ရပါတယ်။

    ဆယ်လ်မွန်ငါး

    လေ့လာချက်တွေအရ တစ်ပတ်ကို ဆယ်လ်မွန်ငါး ၃ ကြိမ်လောက်အနည်းဆုံးစားသုံးပေးမယ်ဆိုရင် လေဖြတ်နိုင်ခြေကို ၆ ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းလောက်အထိလျော့ပါးသက်သာစေနိုင်တယ်လို့ဆိုပါတယ်။ ဆယ်လ်မွန်၊တူနာ၊မက်ကာရယ်တို့လိုမျိုး ပင်လယ်ငါးတွေမှာပါဝင်နေတဲ့ Omega-3 Fatty Acid ကသွေးကြောတွေ ရောင်ရမ်းတာကို သက်သာစေပြီး သွေးစီးဆင်းမှုကိုကောင်းစေလို့ ဦးနှောက်ထဲမှာ သွေးခဲပိတ်ဆို့တာမျိုး ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။

    အုတ်ဂျုံ

    သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တဲ့ အစားအစာတစ်မျိုးပါ။ သွေးတွင်းကိုလက်စထရောများတဲ့အခါ သွေးကြောထဲမှာ အဆီတွေစုပုံနေပြီး လေဖြတ်နိုင်ခြေကို ပိုများစေနိုင်ပါတယ်။

    ကန်စွန်းဥ

    ကန်စွန်းဥမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းပါဝင်တာကြောင့် သွေးကြောတွေထဲမှာ အဆီတွေစုပုံတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

    ဘလူးဘယ်ရီ

    ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝတဲ့ ဘလူးဘယ်ရီတွေက သွေးကြောတွေရောင်ရမ်းတာကို သက်သာစေနိုင်ပြီး သွေးကြောတွေကို ပြေလျော့စေတာကြောင့် သွေးကြောတွေထဲမှာ သွေးခဲပတ်ဆို့တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။

    အဆီထုတ်ထားတဲ့နို့

    အဆီထုတ်ထားတဲ့နို့ပုံမှန်သောက်သုံးမှုက သွေးတိုးဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။ လေ့လာမှုတစ်ရပ်အရ အဆီထုတ်ထားတဲ့နို့ကို ပုံမှန်သောက်သုံးသူတွေက အခြားသူတွေထက် လေဖြတ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းလောက်နည်းနေတာကို တွေ့ခဲ့ရပါတယ်။

    ငှက်ပျောသီး

    ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီးက သွေးတိုးကျစေနိုင်ပါတယ်။ နေ့စဉ် ငှက်ပျောသီးစားသုံးမှုက လေဖြတ်နိုင်ခြေကို ၂၄ ရာခိုင်နှုန်းလောက်ထိ လျှော့ချပေးနိုင်ပါတယ်။

    ဖရုံစေ့

    ဖရုံစေ့က မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်နေတဲ့ အစားအစာတစ်ခုပါ။ နေ့စဉ် ဖရုံစေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာလောက်စားသုံးပေးမှုက လေဖြတ်နိုင်ခြေကို ၁၈ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ ပုံမှန် မဂ္ဂနီဆီယမ်ကြွယ်ဝ တဲ့အစားအစာတွေကို စားသုံးပေးမှုက လေဖြတ်နိုင်ခြေကို ၂၂ ရာခိုင်နှုန်းထိလျော့ကျစေနိုင်ပါတယ်။

    ကိုက်လန်

    ကိုက်လန်က သွေးကြောတွေကိုပြေလျော့စေပြီး သွေးကြောတွင်းအဆီစုပုံမှုတွေ မဖြစ်အောင်ကာကွယ်ပေးနိုင် ပါတယ်။ သွေးကြောတွေ ထိခိုက်ပျက်စီးတာကိုကာကွယ်ပေးပြီး လေဖြတ်နိုင်ခြေ လျော့နည်းအောင်လုပ်ဆောင်ပေးပါတယ်။

    ဟင်းနုနွယ်

    မဂ္ဂနီဆီယမ်၊ ဗီတာမင် B နဲ့ ဖောလိတ်ကြွယ်ဝစွာပါဝင်နေတဲ့ ဟင်းနုနွယ်က သွေးမတိုးအောင် ကာကွယ်ပေးပြီး သွေးတိုးကြောင့်ဖြစ်တဲ့ လေဖြတ်တာကို ဖြစ်နိုင်ခြေလျော့ကျစေနိုင်ပါတယ်။

    အယ်လ်မွန်စေ့

    နေ့စဉ် အယ်လ်မွန်စေ့လက်တစ်ဆုပ်စာစားသုံးပေးမှုက လေဖြတ်တာကနေ ကာကွယ်ပြီးသားဖြစ်မှာပါ။ သွေးတွင်းက အကျိုးမပြုကိုလက်စထရောတွေကို ကျဆင်းစေပြီး အကျိုးပြုကိုလက်စထရောတွေကို တိုးစေတာကြောင့် သွေးကြောထဲမှာ အဆီစုပုံတာနဲ့ သွေးကြောပိတ်တာတွေကြောင့်ဖြစ်တဲ့ လေဖြတ်ဝေဒနာကိုလျော့ကျစေနိုင်ပါတယ်။

    ကြက်သွန်ဖြူ

    ကြက်သွန်ဖြူထဲမှာ သွေးတွင်းအဆီစုပုံမှုကိုလျော့ကျစေနိုင်တဲ့ ajoene molecules တွေပါဝင်နေပြီး သွေးခဲတာမျိုး မဖြစ်အောင်ကာကွယ်ပေးပါတယ်။ သွေးမခဲအောင်ကာကွယ်ပေးမှုကြောင့် သွေးကြောထဲမှာ သွေးခဲပိတ်ဆို့ တာကြောင့်ဖြစ်တဲ့ လေဖြတ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။ ကြက်သွန်ဖြူနေ့တိုင်းတို့စားပေးပါ။ သွေးခဲတာကိုကာကွယ် ပေးနိုင်မှာပါ။

    အနက်ရောင် ချောကလက်

    အနက်ရောင်ချောကလက်က လေဖြတ်တာကိုကာကွယ်နိုင်တာ ဟုတ်ပါ့မလား။ အနက်ရောက်ချောကလက်မှာပါတဲ့ ဖလေဗာနွိုက်က လေဖြတ်တာကို ကာကွယ်ပေးနိုင်ပါတယ်။ နို့နဲ့ အချိုကဲတဲ့ ချောကလက်ကတော့ လေဖြတ်တာကို မကာကွယ်ပေးနိုင်ပါဘူး။

    လေဖြတ်တာကို ကာကွယ်ဖို့ ဒီအစားအစာတွေစားသုံးတဲ့အခါ မဖြစ်မနေသတိထားရမှာက “တန်ဆေး လွန်ဘေး“ဆိုတာပါ။ ဒါကြောင့် အလွန်အကျွံမဖြစ်စေဘဲ သင့်တော်တဲ့ ပမာဏတစ်ခုလောက်ပဲစားသုံးပေးဖို့ သတိရပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement