backup og meta

အိမ်မှာ နေရင်း ကိုယ်ခံအား ကောင်းအောင် ဘာလုပ်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်မှာ နေရင်း ကိုယ်ခံအား ကောင်းအောင် ဘာလုပ်ကြမလဲ

    အိမ်မှာ နေရတဲ့ အချိန်လေး ရအောင် အနားယူကြနော်။ ကိုယ်ခံအားကောင်းမှ ရောဂါကပ်ဆိုးကြီးကို ရင်ဆိုင်ကျော်လွှားနိုင်မှာဆိုတော့ ကိုယ်ခံအားစနစ်က အရေးကြီးတာ သိတယ်မဟုတ်လား။

    ဒီတော့ ကိုယ်ခံအားကောင်းဖို့ ဒီအချက်တွေ သေချာဂရုစိုက်ကြပါလို့ အကြံပြုပေးချင်ပါတယ်။ အိမ်မှာနေရင်း ကိုယ်ခံအားစနစ် ကျန်းမာအောင် ဘယ်လိုလုပ်ကြမလဲ ကြည့်ရအောင်…

    (၁) အိပ်မယ်

    အိပ်ရေးပျက်ရင် ကိုယ်ခံအား နည်းစေပြီး ခန္ဓာကိုယ်ရဲ့ တစ်နေ့တာ လုပ်ဆောင်ချက်တွေမှာ ဆုတ်ယုတ်မှုတွေ ရှိလာစေနိုင်ပါတယ်။ တော်တန်ရုံ ရောဂါမဖြစ်ဘဲ ကိုယ်ခံအားကောင်းနေချင်ရင် တစ်နေ့ကို အိပ်ချိန် ၆ နာရီကနေ ၈ နာရီအတွင်း ရှိဖို့ လိုပါတယ်။

    (၂) Relax နော် Relax

    စိတ်ဖိစီးမှု ကြောင့် ခန္ဓာကိုယ်မှာ ထွက်လာတဲ့ ကော်တီဆော ဟော်မုန်းက ကြာလာရင် အစားအသောက် မူမမှန်တာ၊ အအိပ် မမှန်တာ စတဲ့ဆိုးကျိုးတွေနဲ့ ခန္ဓာကိုယ်ကိုပါ ဖိစီးလာပြီး ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်ချက်တွေကို အနှောင့်အယှက် ပေးနိုင်ပါတယ်။

    (၃) အရက်ဆေးလိပ် ရှောင်မယ်

    အားလုံး သိထားပြီးတဲ့ အတိုင်းပဲ ဆေးလိပ်နဲ့ အရက်က ကျန်းမာရေးကို ကောင်းကျိုးမပေးပါဘူး။ ဆေးလိပ်ကြောင့် ကိုယ်ခံအားကို ထိခိုက်စေတယ်၊ အဆုတ် ပိုးဝင်တာ၊ လေပြွန်နဲ့ အဆုတ်ရောဂါတွေ ဖြစ်စေနိုင်တယ်။ အရက်ကြောင့် ကိုယ်ခံအားကို ထိခိုက်စေပြီး အတွင်းကလီစာတွေကို ရောဂါကူးစက်လွယ် စေနိုင်တယ်။ ဒီတော့ မဖြတ်နိုင်ရင် လျှော့သောက်ပါ။

    (၄) စားမယ်

    ကိုယ်ခံအားစနစ်အတွက် လိုအပ်မယ့် အာဟာရဓာတ်တွေ ရရှိအောင် အသီးအရွက်၊ အသားငါးနဲ့ သီးနှံ၊ အစေ့အဆန်တွေ မျှတအောင် စားပါ။ ဝိတ်တက်မှာ ကြောက်ပြီး အစားလျှော့ Diet လုပ်တဲ့သူတွေ ကိုယ်ခံအားစနစ် အားမနည်းအောင် ဂရုစိုက် စီမံသင့်ပါတယ်။

    (၅) လက်ဆေးမယ်

    လက်မဆေးဘဲ အစားစားတာ၊ မျက်နှာကိုပွတ်တာ၊ အပြင်ကပြန်လာပြီး လက်မဆေးတာတွေက ရောဂါပိုးတွေ အကုန်ဖိတ်ခေါ်နေသလိုပါပဲ။ ဆပ်ပြာနဲ့ရေကို သုံးပြီး လက်ဆေးတဲ့အကျင့်ကိုလုပ်ပါ။ လက်ဆေးရလို့ လက်အသားအရေခြောက်သွေ့တယ်ထင်ရင် hand cream ဖြစ်ဖြစ်၊ သံလွင်ဆီဖြစ်ဖြစ်ပြန်လိမ်းလို့ရတာပဲ။ လှုပ်ရှားသွားလာရင်း အလွယ်တကူဆေးနိုင်ဖို့ လက်သန့်ဆေးရည် အိတ်ကပ်ထဲဆောင်ထားပါ။

    (၆) တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်မယ်

    လက်ဆေးရုံနဲ့မပြီးပါဘူး။ လူလည်းသန့်ရှင်းမှုရှိမှဖြစ်မှာပါ။ သန့်ရှင်းမှုကို ဂရုစိုက်မှရောဂါပိုးတွေရန်က ကာကွယ်နိုင်ပါလိမ့်မယ်။

    (၇) ကိုယ်လက်လှုပ်ရှားမှု လုပ်မယ်

    တစ်နေ့လုံးနေမှ မိနစ်ပိုင်းလောက် လေ့ကျင့်ခန်းလုပ်ရတာ သိပ်အလုပ်မရှုပ်လောက်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှုဆိုတာ အပြင်ထွက်မှ၊ Gym သွားမှ မဟုတ်ပါဘူး။ ခြေနဲ့ လက်လှုပ်ပြီး ဟိုဟိုဒီဒီ လမ်းထလျှောက်လည်း ရတယ်၊ အကြောဆန့်ရုံလည်း ရတယ်၊ ယောဂလေ့ကျင့်ခန်း နှစ်ကွက်လောက်ဆိုလည်း ဖြစ်ပါတယ်။

    (၈) ကိုယ်ခံအား တက်စေမယ့် အစားအသောက် တွေကို ပိုစားပေးမယ်

    အာဟာရ ပြည့်အောင် စားပေမယ့် ကိုယ်ခံအား ကို မြှင့်တင်ပေးနိုင်မယ့် အစားအသောက်တွေ ကိုလည်း ထည့်စားမယ်၊ ပိုစားမယ် ဆို အထောက်အကူ ဖြစ်စေနိုင်တယ်။ ဥပမာ ကြက်သွန်ဖြူ ဆိုရင် ရောဂါပိုးမွှားတွေ ကို သေစေနိုင်တဲ့ အစွမ်းသတ္တိ ပါဝင်သလို ကိုယ်ခံအားလည်း တိုးစေတယ်။ ဒါပေမယ့် အပူပေးလိုက်ရင် သူ့ရဲ့ အဓိကပါဝင်ပစ္စည်း ကို အားပြယ်စေလို့ အစိမ်းစားတာ ပိုကောင်းပါတယ်။ အသုပ်နဲ့တွဲစားတာ၊ လက်ဖက်သုပ် နဲ့ စားတာ၊ ဗီတာမင် စီ ပါတဲ့ သံပရာသီး နဲ့ အချဉ်ထောင်း စားတာမျိုး ပေါ့။

    နောက်တစ်ခုက ဆေးဖက်ဝင်တဲ့ မှိုတွေပါ။ ရှီတာကီမှို လိုမျိုး ဆေးဖက်ဝင်မှို တွေက ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဗီတာမင်စီ ပါတဲ့ အစားအသောက်၊အသီးအနှံ၊ အသီးအရွက်တွေကိုလည်း စားပေးလို့ရတယ်။ ကြက်စွပ်ပြုတ်သောက်တာ လည်း အသားဓါတ် အပါအဝင် အာဟာရဓါတ်တွေ ရနိုင်တဲ့အပြင် ကိုယ်ခံအား တက်စေတဲ့နည်းတစ်မျိုးပါ။

    ဒီလောက်ဆို တော်တော်လေးစုံနေပြီဆိုတော့ အိမ်မှာနေရင်း အားဖြည့်ပြီး ကိုယ်ခံအား ကောင်းဖို့ ကြိုးစားလိုက်ပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement