(၁) ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ COVID-19 ကူးစက်ဖို့ သာမန်လူတွေထက် အလားအလာပို များသလား
လေ့လာတွေ့ရှိချက်တွေအရ ယခုအချိန်အထိ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ COVID-19 ရောဂါ ပိုပြီးကူးစက်နိုင်ခြေများတယ်ဆိုတဲ့ သက်သေအထောက်အထားမျိုး မရှိသေးပါဘူး။
ဒါပေမဲ့ ကိုယ်ဝန်ရှိနေစဉ်မှာ ခန္ဓာကိုယ်ဟာ ပြောင်းလဲမှုတွေရှိပါတယ်။ ခုခံအားစနစ်ဟာလည်း သာမန်အချိန်တွေနဲ့ မတူညီဘဲ ပြောင်းလဲပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာရင် သာမန်လူတွေထက် ပိုပြီးအထိနာကြပါတယ်။ ခံနိုင်ရည်သိပ်မရှိတတ်ပါဘူး။ ဒါကြောင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းဆောင်တာတွေကို ပိုမို အလေးထားပြုလုပ်ဖို့လိုပါတယ်။ ဖျားခြင်း၊ ချောင်းဆိုးခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတို့ဖြစ်လာရင် လည်း ဆရာဝန်နဲ့ မြန်နိုင်သမျှအမြန်ဆုံးပြပါ။
(၂)ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဟာ ဘယ်လိုကြိုတင်ကာကွယ်မှုမျိုးတွေကို ပြုလုပ်သင့် သလဲ။
ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းတွေကတော့ သာမန်လူတွေနဲ့ အတူတူပါပဲ။
- လက်ကို စနစ်တကျမကြာခဏဆေးမယ်။ [ ရေနဲ့ဆပ်ပြာ (သို့မဟုတ်) လက်သန့်ဆေးရည်ဖြင့်]
- လူစုလူဝေးရှောင်မယ်
- မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို လက်နဲ့ထိတွေ့ခြင်းမှ ရှောင်ရှားမယ်
- နှာချေချောင်းဆိုးတဲ့အခါ လက်မောင်း၊ တံတောင်ကွေး၊ တစ်ရှူးတို့ကို အသုံးပြုကာကွယ်မယ်။ သုံးပြီးသား တစ်ရှူးကို အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်မယ်။
(၃) ကိုယ်ဝန်ဆောင်မိခင်တိုင်း Corona virus ရှိမရှိ စစ်ဆေးဖို့လိုအပ်သလား။
မိခင်တိုင်းကတော့ စစ်စရာမလိုပါဘူး။ သံသယအခြေအနေမှာရှိမှသာ စစ်ဆေးမှုမျိုးကို ပြုလုပ်သင့် ပါတယ်။ COVID-19 ရောဂါလက္ခဏာတွေရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်ကိုဆိုရင်တော့ ဦးစားပေး စစ်ဆေးသင့်ပါတယ်။
(၄) COVID-19ဟာကိုယ်ဝန်ဆောင်မိခင်ကနေ ကလေးကိုကူးစက်နိုင်သလား။
ကိုရိုနာဗိုင်းရပ်စ်ဟာ ကိုယ်ဝန်ဆောင်စဉ် (မိခင်နဲ့သန္ဓေသားကို)၊မွေးဖွားနေစဉ် (မိခင်ကနေ ကလေးကို) ကူးစက်နိုင်သလားဆိုတာ ယခုအချိန်ထိ အဖြေမရှိသေးပါဘူး။ ဒါပေမဲ့ ဗိုင်းရပ်စ်ကိုမိခင်နို့ရည် နဲ့ရေမွှာရည်တွေထဲမှာတော့ ယခုအချိန်အထိ စစ်ဆေးတွေ့ရှိခြင်းမရှိသေးပါဘူး။
(၅)COVID-19 ကပ်ရောဂါကြီး ဖြစ်ပွားနေချိန်မှာ ကိုယ်ဝန်ဆောင်နဲ့ ကလေးမီးဖွားချိန်အတွက် ဘယ်လို စောင့်ရှောက်မှုမျိုးတွေလိုအပ်သလဲ။
ကပ်ရောဂါကြီးဖြစ်ပွားနေချိန်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်း (ကိုဗစ်သံသယရှိသူနဲ့ Covid ဖြစ်ပွားနေသူ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အပါအဝင်) ဟာ မမွေးခင်၊ မွေးနေချိန်၊ မွေးပြီးစောင့်ရှောက်မှုတွေကို သာမန်အချိန်တွေအတိုင်း လိုအပ်ပါတယ်။ စိတ်ကျန်းမာရေးကမှာ ပိုလို့အရေးကြီးပါသေးတယ်။ COVID-19 သံသယလူနာနဲ့ ဖြစ်ပွားနေသူ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးတဲ့အခါမှာတော့ ကာကွယ်မှုအပြည့်အဝယူပါ။ PPE ဝတ်စုံတွေဝတ်ပါ။ သူတို့ကို လေးလေးစားစားနဲ့ နွေးနွေးထွေးထွေး ဆက်ဆံဖို့လည်းမမေ့ပါနဲ့။
(၆) COVID-19 သံသယလူနာနဲ့ ရောဂါခံစားနေရသူ အမျိုးသမီးတွေဟာ ဗိုက်ခွဲမွေးဖို့လိုအပ်သလား။
ဗိုက်ခွဲပြီးကလေးမွေးဖို့ရန် လမ်းညွှန်ချက်အနေအထားတစ်ခုခုရှိမှသာ မွေးသင့်ပါတယ်။
(၇) COVID-19 ရောဂါဝေဒနာရှင် မိခင်ဟာ မိမိကလေးကို နို့ချိုတိုက်ကျွေးလို့ရသလား။
သူသာဆန္ဒရှိရင်ရပါတယ်။ ဒါပေမဲ့ ကလေးကို နို့မတိုက်ခင်မှာ
- Mask ဝတ်တာမျိုး
- ကလေးကို မထိမကိုင်ခင်မှာ လက်သေချာဆေးတာမျိုး
- သူတို့ထိတွေ့ပြီးသား မျက်နှာပြင်တွေကို သေချာပိုးသတ်တာမျိုး ပြုလုပ်ရပါမယ်။
(၈) COVID-19 ရှိသူ မိခင်ဟာ မိမိရဲ့ မွေးကင်းစကလေးကို ကိုင်တွယ်ထိတွေ့လို့ရလား။
ရပါတယ်။ မိခင်နဲ့ကလေး နွေးနွေးထွေးထွေးနေခြင်း၊ မိခင်နို့ရည်တိုက်ကျွေးခြင်းဟာ မွေးကင်းစ ကလေးအတွက် အလွန်အထောက်အကူဖြစ်စေပါတယ်။ အထက်ဖော်ပြပါ ကြိုတင်ကာကွယ်ခြင်းတွေ လုပ်ပြီး မိမိကလေးနဲ့ အတူတကွနေနိုင်ပါတယ်။
(၉) COVID-19 ရှိနေသူမိခင်တစ်ယောက်အနေနဲ့ မိမိကလေးကို နို့တိုက်ရမှာ စိတ်မတင်မကျဖြစ်နေမယ် ဆိုရင်ဘာလုပ်ခိုင်းမလဲ။
COVID-19 ရောဂါဖြစ်နေတဲ့အတွက် ကလေးကို နို့တိုက်ဖို့လည်းတိုက်ချင်တယ်၊ ကူးမှာလည်း စိတ်မတင်မကျဖြစ်နေရင်ဖြစ်စေ၊ COVID-19 ရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားနေရတာကြောင့်ဖြစ်စေ ဒီလိုနည်းလမ်းတွေကိုအသုံးပြုပါ။
- နို့ရည်ကို ညှစ်ပြီးနည်းစနစ်ကျကျသိုလှောင်ထားပြီးမှ ကလေးကို တိုက်တာမျိုး (Expressing Milk)
- ရက်သတ္တပတ်၊ လ စတဲ့ အချိန်တစ်ခုအတွင်း နို့မတိုက်ဘဲ ဖြတ်ထားပြီး ရောဂါပိုးကင်းစင်သွားမှ နို့ပြန် တိုက်တာမျိုး (Relactation) နဲ့
- စနစ်တကျပေါင်းခံထားတဲ့ အလှူရှင်တွေဆီက နို့ပေါင်းကို တိုက်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ (Donor Human Milk)
ရေးသားသူ-ဒေါက်တာမှူးခင်
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။
117,946
97,819
2,484
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။