backup og meta

အများသုံး သန့်စင်ခန်းထဲ မဖြစ်မနေ ဝင်ရတော့မယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 18/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အများသုံး သန့်စင်ခန်းထဲ မဖြစ်မနေ ဝင်ရတော့မယ်ဆိုရင်

    ကျွန်တော်တို့ အပြင်မှာ သွားရင်းလာရင်း ရုတ်တရက်ကြီး အပေါ့အပါး သွားချင်လာတာမျိုး ကြုံဖူးကြမှာပါ။ အိမ်ကလည်း ပြန်လို့ မဖြစ်၊ ရုံးပြန်သွားဖို့ကလည်း အချိန်မမီဆိုရင် ရွေးချယ်စရာ ဆိုလို့ အပြင်ဘက်က ၁၀၀၊ ၂၀၀ ပေးပြီး တက်ရတဲ့ အများသုံး သန့်စင်ခန်းတွေရယ်၊ ရှော့ပင်းစင်တာတွေက သန့်စင်ခန်းတွေပဲ ရှိတော့တာပေါ့။ သန့်စင်ခန်းဆိုတဲ့ အတိုင်း ရောဂါပိုးတွေက အမြဲရှိနေမှာပါပဲ။ လူနည်းနည်းပဲ နေတဲ့ အိမ်က အိမ်သာတောင် မသန့်ရှင်းဘူးဆိုရင် အပြင်က လူပေါင်းများစွာ မိနစ်၊ စက္ကန့်နဲ့အမျှ ဝင်ထွက်နေတဲ့ သန့်စင်ခန်းတွေဆိုတာ ပိုလို့တောင် ညစ်ပတ်နေမှာပါ။ ဒီအတွက် သိထားသင့်တဲ့ အများဆုံး သန့်စင်ခန်းသုံး တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ အချက်တွေရယ်၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ဒီဆောင်းပါးမှာ ဗဟုသုတ အဖြစ်နဲ့ ပြောပြပေးချင်ပါတယ်။

    ၁။ မလိုအပ်ဘဲ နံရံတွေ၊ အိမ်သာသုံး ပစ္စည်းတွေကို မကိုင်ပါနဲ့။

    ၂။ ဘိုထိုင် အိမ်သာတွေ အသုံးမပြုခင်မှာ အပြားကို အရင်ချပြီး တစ်သျှူးကို ရှည်ရှည်လေး ၂ဖြတ် ဖြဲလိုက်ပါ။ ပြီးရင် ထိုင်မယ့် အပြားပေါ်မှာ ဘယ်တစ်ဖက်၊ ညာတစ်ဖက် တစ်သျှူးတင်ပြီး အဲ့အပေါ်ကို ထိုင်ပါ။

    ၃။ တချို့ အများသုံးသန့်စင်ခန်းတွေမှာ အပြား သန့်ရှင်းရေးလုပ်ဖို့ အရက်ပြန်တွေ၊ ဆပ်ပြာတွေ ထားပေးထားတတ်ပါတယ်။ အိမ်သာမတက်ခင် တစ်သျှူးနည်းနည်းဖြဲ ပြီးရင် အရက်ပြန်ထည့်ပြီး တစ်သျှူးနဲ့ ကိုယ်ထိုင်မယ့် အပြားပေါ် သေချာပွတ်တိုက်ပြီး သုတ်ပေးပါ။

    ၄။ အဝတ်အစား၊ စားစရာပစ္စည်း၊ ဈေးခြင်းတောင်း၊ ပလတ်စတစ်အိတ်တွေကို တတ်နိုင်ရင် ကြမ်းပြင်မှာ မချထားပါနဲ့။

    ၅။ ဝမ်းချုပ်နေတာက လွဲရင် အိမ်သာထဲမှာ အကြာကြီး မနေပါနဲ့။

    ၆။ ဖုန်းထုတ်သုံးပြီး အိမ်သာကို ဇိမ်ပြေနပြေ တက်တာမျိုး မလုပ်ပါနဲ့။ ရောဂါပိုးတွေ၊ ဘက်တီးရီးယားတွေက လေထဲကနေ ဖုန်းစကရင်ပေါ်ကို ကပ်သွားနိုင်သလို အဲ့လို အချိန်ကြာကြာ အိမ်သာတက်ခြင်းက ရေရှည်မှာ လိပ်ခေါင်းရောဂါ ဖြစ်နိုင်စေပါတယ်။

    ၇။ အပြင်က ဆီးသွားကြွေခွက်မှာပဲ ဖြစ်စေ၊ အထဲက ဘိုထိုင်အိမ်သာ သို့မဟုတ် ဆောင့်ကြောင့်ထိုင်တဲ့ အိမ်သာဖြစ်စေ၊ ကိုယ့်ရဲ့ အညစ်အကြေး၊ အပေါ့အပါး စွန့်ပြီးတာနဲ့ ရေပြန်ဆွဲချပါ သို့မဟုတ် ရေလောင်းပါ။

    ၈။ ဘိုထိုင်အိမ်သာဆိုရင်တော့ ရေဆွဲမချခင် အဖုံးအုပ်ပြီးမှ ဆွဲချပါ။ ဒီအတိုင်း ဆွဲချလိုက်တဲ့အခါ ရေအားရဲ့ အရှိန်ကြောင့် အောက်မှာ ရှိနေတဲ့ အညစ်အကြေးတွေမှာ ကပ်ငြိနေတဲ့ ရောဂါပိုးတွေက လေထဲက တစ်ဆင့် မျက်နှာ၊ အဝတ်အစားတွေဆီ ကပ်ငြိသွားနိုင်ပါတယ်။

    ၉။ ကိုယ့်ရဲ့ အလုပ်တာဝန် ပြီးဆုံးသွားပြီဆိုရင် လက်ပြန်ဆေးဖို့ မမေ့ပါနဲ့၊ အထူးသဖြင့် ယောက်ျားလေးများ အပေါ့သွားတာပဲ ဆေးစရာ မလိုဘူးဆိုပြီး ဒီအတိုင်း အပြင်ပြန်ထွက်လာတာမျိုး မလုပ်ပါနဲ့။

    ၁၀။ လက်ဆေးတဲ့အခါ ဆပ်ပြာသည် မဖြစ်မနေ ပါရပါမယ်။ ရေနဲ့ အသား ထိရုံပဲဆိုပြီး လုပ်လို့ မရပါဘူး။ ဆပ်ပြာနဲ့ လက်အရေပြား၊ လက်ဖဝါး၊ လက်ဖမိုး၊ လက်ချောင်းကြား၊ လက်သည်းကြားတွေကို အနည်းဆုံး စက္ကန့် ၂၀ခန့် သေချာတိုက်ချွတ်ဆေးကြောပြီးပြီဆိုမှ ရေပြောင်စင်အောင် ဆေးပါ။

    ၁၁။ လက်ဆေးပြီးသွားတဲ့အခါ ရေခြောက်အောင် သုတ်ဖို့ တစ်သျှူးကို အဓိက အသုံးပြုပါ။ လက်အခြောက်ခံစက်ထဲမှာ ပိုးမွှားပေါင်းများစွာ ကပ်နေနိုင်တဲ့အတွက် တတ်နိုင်သလောက် အသုံးမပြုပါနဲ့။

    ခုပြောပြခဲ့တဲ့ အများသုံးသန့်စင်ခန်း ဝင်တဲ့အခါ ဆောင်ရန်၊ ရှောင်ရန်တွေကို သေချာ နားလည်သဘောပေါက်ပြီး လိုက်နာမယ်လို့ မျှော်လင့်ပါတယ်။ ခုလို Covid-19 ကပ်ဘေး ကာလမှာ လက်ကို သေချာဆေးဖို့ အရမ်းအရေးကြီးတယ်ဆိုတာလည်း မမေ့နဲ့ဦးနော်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 18/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement