backup og meta

နေအိမ်မှာအလုပ်လုပ်ခြင်းကို အကောင်းဘက်က ရှုမြင်ခြင်း


Ye Myo Myat မှ ရေးသားသည်။ · 22/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေအိမ်မှာအလုပ်လုပ်ခြင်းကို အကောင်းဘက်က ရှုမြင်ခြင်း

    လူအများစုက ကိုယ့်အိမ်မှာပဲ အလုပ်လုပ်နေရတာကို မကြိုက်ပါဘူး၊ အသားကျတယ်လို့လည်း မခံစားရပါဘူး။ ဘာကြောင့်လဲဆိုတော့ နေအိမ်ဆိုတာ လုပ်ငန်းခွင်နဲ့ ဝေးကွာရာ၊ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝနဲ့သာ သက်ဆိုင်တဲ့ ငြိမ်းချမ်းစရာ နေရာလေးတစ်ခု ဖြစ်နေလို့ပါပဲ။

    ဒါပေမယ့် ခုလို Covid-19 ကပ်ဘေးကာလ အခြေအနေအရ အိမ်မှာပဲ အလုပ်လုပ်ရဖို့ဆိုတာ ကုမ္ပဏီဝန်ထမ်းအများစုအတွက် ရှောင်လွှဲလို့မရတဲ့ ကိစ္စတစ်ခုပါပဲ။ ဒီတော့ ဒါကို စိတ်ညစ်နေမယ့်အစား အလိုက်အထိုက် နေထိုင်တတ်ဖို့သာ အရေးကြီးပါတယ်။

    အကောင်းဘက်ကနေ ကြည့်မယ်ဆိုရင်လည်း နေအိမ်မှာ အလုပ်လုပ်တဲ့သူအများစုက ရုံးမှာသွားပြီး အလုပ်လုပ်ရတာထက် စိတ်ဖိစီးမှုပိုပြီးနည်းစေသလို သက်သောင့်သက်သာ ပိုဖြစ်စေနိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင်

    ၁။ အလုပ်ခွင်နေရာက ကိုယ့်ရဲ့အိမ်ဖြစ်နေခြင်း

    အပေါ်မှာပြောခဲ့တဲ့အချက်ကိုပဲ ဆန့်ကျင်ဘက်ရှုထောင့်ကနေ ပြန်တွေးတာပါ။ ကိုယ့်အတွက် အမြဲတမ်းနေသားကျပြီး နွေးထွေးတယ်လို့ ခံစားရတဲ့ ကိုယ့်အိမ်မှာပဲ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလို၊ အလုပ်လုပ်ရတဲ့ ခံစားချက်က တော်တော်လေးကို ကောင်းပါတယ်။ မရှိမကောင်း၊ ရှိမကောင်းဆိုသလို ကိုယ်နဲ့ မတည့်တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တစ်ရုံးတည်းမှာ အတူမလုပ်ရဘူးဆိုတဲ့ ခံစားချက်က ကိုယ့်အတွက် အလုပ်လုပ်ရတာလည်း ပိုပြီးစိတ်သက်သာစေနိုင်မှာပါ။

    ၂။ အလုပ်ချိန်ကို အတိအကျ ကန့်သတ်မထားခြင်း

    ရုံးမသွားရတဲ့ နောက်ထပ်အားသာချက်တစ်ခုကတော့ အလုပ်ချိန် အတိအကျမရှိတော့တာပါပဲ။ အဓိက ကိုယ့်ရဲ့ တစ်နေ့တာ၊ တစ်ပတ်စာ၊ တစ်လစာ သတ်မှတ်ထားတဲ့ အလုပ်ပမာဏကို ပြီးမြောက်အောင် လုပ်နိုင်ရင်ကို ရပါတယ်။ မနက်ဘက်ကို ရုံးသွားဖို့ အစောကြီး နှိုးစက်ပေးပြီး ထနေစရာလည်း မလို၊ အလုပ်လုပ်နေရင်း ဗိုက်ဆာရင်လည်း ထမင်းပဲ စားစား၊ အပြင်စားသောက်ဆိုင်တွေကနေ မှာပဲစားစား အဆင်ပြေတာပေါ့။

    ၃။ ကိုယ့်ကို မျက်စေ့ဒေါက်ထောက်ကြည့်နေမယ့်သူ မရှိခြင်း

    တချို့ရုံးတွေမှာဆိုရင် မန်နေဂျာ ဒါမဟုတ် ကိုယ့်ရုံးရဲ့ အကြီးအကဲတစ်ဦးဦးက ဝန်ထမ်းတွေ ဘာလုပ်နေလဲ၊ အလုပ်ပြီးရဲ့လား၊ တစ်ခုခုအမှားလုပ်တော့မလားဆိုပြီး အမြဲတမ်း မျက်စေ့ဒေါက်ထောက်ကြည့်တာမျိုး ရှိတတ်ပါတယ်။ ခုလို အိမ်မှာပဲ အလုပ်လုပ်ရတဲ့အခါ ဘယ်သူကမှ ဒီဝန်ထမ်းဘာလုပ်နေလဲဆိုတာ လိုက်ကြည့်လို့ မရတော့တဲ့အတွက် နည်းနည်းတော့ ဖိအားနည်းတာပေါ့။ ဘယ်သူမှ စောင့်မကြည့်ဘူးဆိုတိုင်းလည်း ကိုယ့်အလုပ်ကို ပြီးအောင်မလုပ်လို့တော့ မရဘူးနော်။

    ၄။ အေးအေးဆေးဆေး အနားယူနိုင်ခြင်း

    တစ်ခါတလေ ရုံးမှာ အလုပ်လုပ်နေရင်းနဲ့ ဇက်ကြောတက်တာ၊ ခါးညောင်းတာ၊ အိပ်ချင်လာတာ၊ မုန့်ထွက်စားချင်တာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ ဒါပေမယ့်လည်း ကိုယ့်ရဲ့နေအိမ်မဟုတ်တဲ့အခါ ကိုယ်လုပ်ချင်သလိုတော့ လုပ်လို့မရဘူးပေါ့။ ခုလိုအချိန်မျိုးမှာ ဒါကို အခွင့်ကောင်းယူပြီး အလုပ်ကို သက်သောင့်သက်သာ ဖြစ်အောင် လုပ်ပါ။ အရမ်းညောင်းညာနေတယ်၊ အနားယူဖို့ လိုအပ်လာပြီလို့ ခံစားရရင်တော့ ခဏနားလိုက်ပါ။ ဒါမှမဟုတ်လည်း ဗိုက်ဆာလာတယ်ဆိုရင် အနီးအနား ရေခဲသေတ္တာကနေ မုန့်ထစားလိုက်တာ၊ အပြင်စားသောက်ဆိုင်ကနေ မုန့်မှာစားတာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။

    ၅။ မိမိချစ်ရတဲ့ မိသားစုဝင်များနဲ့ အတူတူရှိနေခြင်း

    အလုပ်လုပ်ရတာ တကယ်တော့ ပျော်ဖို့ကောင်းပါတယ်။ ဒါပေမယ့် လုပ်ငန်းခွင်ဖိအားက သိပ်ပြီးတော့ စိတ်ကျေနပ်စရာကောင်းတဲ့ အရာတော့ မဟုတ်ပါဘူး။ ကိုယ်နဲ့အဆင်မပြေတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဖိအားပေးလွန်းတဲ့ အကြီးအကဲတွေနဲ့ အတူအလုပ်လုပ်နေရတဲ့အခါ ပိုပြီးတော့တောင် အလုပ်လုပ်ရတာ စိတ်ညစ်စရာ ကောင်းလာမှာပါ။ အနည်းဆုံးတော့ ကိုယ့်နေအိမ်မှာပဲ အလုပ်လုပ်နေရတဲ့အခါ ကိုယ်နဲ့ သိပ်ပြီးအဆင်မပြေတဲ့ သူစိမ်းမျက်နှာတွေ မမြင်ရတော့ဘဲ ကိုယ်ချစ်တဲ့ မိသားစုဝင်တွေနဲ့ စကားလေးပြော၊ အနားယူရင်း အေးအေးဆေးဆေး အလုပ်လုပ်ရတော့ ပိုပြီးအဆင်ပြေစေတာပေါ့။

    ခုပြောပြခဲ့တဲ့အချက်တွေက နေအိမ်မှာ အလုပ်လုပ်ရတာ အသားမကျသူတွေအတွက် ကိုယ့်ရဲ့ ရှုထောင့်နဲ့ တွေးခေါ်ပုံစံတွေကို ပြောင်းလဲပေးရုံသက်သက်ပါပဲ။ ကိုယ့်ရဲ့ နေအိမ်မှာ သက်သောင့်သက်သာ၊ စိတ်အေးချမ်းသာစွာနဲ့ အလုပ်လုပ်ရင်းကနေ ကိုယ့်ရဲ့ အလုပ်တာဝန်တွေ လစ်ဟင်းမှုမရှိစေအောင် လုပ်ဖို့ကတော့ ကိုယ့်ရဲ့ တာဝန်ပါပဲ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 22/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement