backup og meta

ကိုရိုနာဗိုင်းရပ်စ် Covid 19 နဲ့ပတ်သက်လို့အမေးများတဲ့ မေးခွန်းတွေနဲ့ WHO ရဲ့အဖြေများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Seinn Moe Satt မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုရိုနာဗိုင်းရပ်စ် Covid 19 နဲ့ပတ်သက်လို့အမေးများတဲ့ မေးခွန်းတွေနဲ့ WHO ရဲ့အဖြေများ

    လတ်တလောမှာ ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့ကပ်ရောဂါအသွင်နဲ့ပျံ့နှံ့ခဲ့တာ လအနည်းငယ်ကြာမြင့်နေပြီဖြစ်ပြီး သူ့ရဲ့ရိုက်ခတ်မှုလှိုင်းတံပိုးကို နိုင်ငံတိုင်းလိုလိုက ခံစားနေကြရတာဖြစ်ပါတယ်။ ကျန်းမာရေးသာမက စီးပွားရေး၊ အလုပ်အကိုင်၊ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေအထိပါထိခိုက်လျက်ရှိပြီး နေ့စဉ်လူနေမှုဘဝတွေမှာလဲ အပြောင်းအလဲတွေအများကြီးဖြစ်ပေါ်ခဲ့တဲ့အတွက် သူ့ရဲ့စိန်ခေါ်မှုတွေကို တစ်ကမ္ဘာလုံးက ကြံ့ကြံ့ခံရင်ဆိုင်အံတုနေကြရတဲ့ ကာလလဲဖြစ်ပါတယ်။ ဒီရောဂါနဲ့ပတ်သက်လို့ လူအများသိချင်ကြလေ့ရှိတဲ့ မေးခွန်းတွေနဲ့ အဖြေတွေကို ကောက်နှုတ်တင်ပြလိုက်ပါတယ်။

    (၁) Covid 19 ဟာ ပစ္စည်းတွေ၊ အရာ၀တ္ထုတွေအပေါ်မှာ ဘယ်လောက်ကြာကြာနေလဲ

    လေ့လာမှုတွေအရတော့ ကိုရိုနာဗိုင်းပ်စ်သည် ပလတ်စတစ်နဲ့ စတီးပစ္စည်းတွေပေါ်မှာ ခုနစ်ဆယ့်နှစ်နာရီရှင်သန်နိုင်ပါတယ်။ ကြေးထည်တွေအပေါ်မှာတော့ လေးနာရီနဲ့အောက်ပဲ အသက်ရှင်နိုင်ပြီး ဗီရိုတွေပေါ်မှာတော့နှစ်ဆယ့်လေးနာရီနဲ့အောက်သာ ရှင်သန်နိုင်ပါတယ်။ ကံကောင်းတဲ့ အချက်တစ်ခုကတော့ ကိုရိုနာဗိုင်းရပ်စ်ကို ဆပ်ပြာ၊ အရက်ပျံ၊ ချွတ်ဆေး၊ကလိုရင်းစတဲ့ သာမန်အိမ်သုံးပစ္စည်းတွေနဲ့ သန့်စင်လို့ရတယ်ဆိုတာပါပဲ။

    (၂) ဟင်းသီးဟင်းရွက်နဲ့ သစ်သီး၀လံတွေကို ဘယ်လိုဆေးကြောမလဲ

    မကိုင်တွယ်ခင် မဆေးကြောခင်မှာ လက်ကိုဆပ်ပြာနဲ့ရေကို သုံးပြီးအရင်သန့်ရှင်းပါ။ဒါပေမယ့် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့ ရိုးရိုးရေများများနဲ့ သန့်စင်ရုံနဲ့လုံလောက်ပါတယ်။ ဆပ်ပြာသုံးစရာမလိုဘူးလို့ WHO ကအကြံပြုထားပါတယ်။

    (၃) ရောဂါပိုးရှိတဲ့လူရဲ့မစင်ကနေ ရောဂါကူးနိုင်လား

    အစောပိုင်းလေ့လာဆန်းစစ်မှုတွေအရ တချို့သောရောဂါပိုးကူးစက်ခံရသူတွေရဲ့ မစင်မှာ ဒီဗိုင်းရပ်စ်ရှိကောင်းရှိနိုင်ကြောင်းတွေ့ခဲ့ရပေမယ့် ခုနောက်ပိုင်း လေ့လာမှုတွေမှာတော့ မစင်ကနေရောဂါပိုးကူးစက်မှုမတွေ့ရဘူးလို့ဆိုပါတယ်။ အိမ်သာ၊ရေဆိုးစနစ်နဲ့ ရေထဲမှာ ဗိုင်းရပ်စ်တွေ့ရှိမှုလဲ ခုချိန်ထိမရှိသေးဘူးလို့ဆိုပါတယ်။ ဒါပေမယ့်လည်း လေ့လာမှုတွေတော့ ဆက်လုပ်နေဦးမှာဖြစ်တယ်လို့ WHO ကထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ဘယ်လိုဖြစ်ဖြစ် အိမ်သာကအဆင်းမှာ စနစ်တကျလက်ဆေးဖို့တော့ လိုပါတယ်။

    (၄) အိမ်မွေးတိရစ္ဆာန်ကနေ Covid 19 ကူးနိုင်လား

    တချို့သော အိမ်မွေးခွေးတွေနဲ့ ကြောင်တွေအပြင် ကျားတစ်ကောင်ဆီမှာ Covid 19 ပိုးရှိသူလူနဲ့ထိတွေ့ပြီးနောက် အဲဒီတိရစ္ဆာန်တွေမှာပါ Covid 19 ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ပူးဟာလဲ ရောဂါပိုးသယ်ဆောင်နိုင်ချေရှိတယ်လို့သိရပါတယ်။ ဒီရောဂါကူးစက်ခံရသူတိရစ္ဆာန်တွေဟာ မျိူးတူတိရစ္ဆာန်အချင်းချင်း ပြန်ကူးစက်တာတွေ့ခဲ့ရပေမယ့် သူတို့ကနေလူကိုပြန်ကူးစက်တာမျိုးတော့ မတွေ့ရသေးပါဘူး။

    ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ခုလိုအချိန်မှာတော့ Covid ကူးစက်ခံထားရသူတွေနဲ့ ကူးစက်ခံရနိုင်ချေရှိသူတွေဟာ တိရစ္ဆာန်တွေနဲ့ ထိတွေ့မှုကိုလျှော့ချသင့်တယ်ဆိုပါတယ်။ တိရစ္ဆာန်တွေနဲ့ သူတို့အစားအသောက်တွေ၊ လှောင်အိမ်တွေ၊ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ သေချာဆေးကြောတာ၊ နမ်းရှုံ့တာ၊လျှာနဲ့လျက်တာ၊ အစာအတူတူစားတာမျိုးကိုရှောင်ကြဉ်ဖို့တိုက်တွန်းထားပါတယ်။

    (၅) ဘာရောဂါလက္ခဏာမှမပြဘဲ နေကောင်းနေတဲ့လူဆီကနေရော Covid 19 ကူးနိုင်ပါသလား

    အဖြေကတော့ Yes ပါ။ Covid 19 သည် ချောင်းဆိုး၊ဖျားနာမောပန်း၊ နုံးခွေ အစရှိတဲ့ လက္ခဏာရှိသူတွေကနေ အဓိကကူးတာမှန်ပေမယ့် ဘာလက္ခဏာမှမပြဘဲ ပိုးကူးစက်ခံနေရပေမယ့် ပကတိလူကောင်းလိုဖြစ်နေသူတွေကနေလဲ ကူးနိုင်ပါတယ်။

    (၆)ကလေးတွေနဲ့ ဆယ်ကျော်သက်တွေရော ရောဂါကူးနိုင်လား

    သုတေသနတွေအရ ကလေးတွေနဲ့ဆယ်ကျော်သက်တွေဟာလဲ တခြားအသက်အရွယ်အုပ်စုကသူတွေလိုပဲ ရောဂါပိုးကူးစက်ပျံ့နှံ့နိုင်ပါတယ်။ ဒါပေမယ့် ပြင်းပြင်းထန်ထန်ရောဂါဖြစ်ပွားနှုန်းကတော့ ပိုနည်းပါတယ်။ အနှစ်ချုပ်ပြောရရင်တော့ ကလေးတွေဟာလဲ လူကြီးတွေလိုပဲ ရောဂါကာကွယ်နည်းတွေကို စနစ်တကျလိုက်လုပ်သင့်ပြီး လိုအပ်လာရင်စစ်ဆေးကုသမှုခံယူရမှာပါ။

     (၇)ကာကွယ်ဆေး၊ ဒါမှမဟုတ် ကုသဆေးပေါ်ပြီလား

    ခုချိန်ထိတော့မပေါ်သေးပါဘူး။ ဒါပေမယ့် ရောဂါအရမ်းပြင်းထန်သူတွေကိုတော့ ဆေးရုံတင်ကုသမှုပေးဖို့လိုအပ်ပါတယ်။ Supportive care လို့ခေါ်တဲ့ ၀န်းရံကုသမှုတွေ၊ ဥပမာ သွေးထဲမှာ အောက်ဆီဂျင်ဓာတ်ကျသွားရင် အောက်ဆီဂျင်ပေးတာမျိူး၊ အသက်ရှုစက်နဲ့ရှုစေတာမျိူး လုပ်လို့ရပါတယ်။ ဒါပေမယ့် ဒီဗိုင်းရပ်စ်ကိုတိုက်ရိုက်သေစေနိုင်တဲ့ ဆေးဆော့ခုထိတိတိပပမပေါ်လာသေးပါဘူး။

    ကာကွယ်ဆေးရော၊ ကုသဆေးရောဟာ စမ်းသပ်စစ်ဆေးနေဆဲအဆင့်သာရှိပါသေးတယ်။ ဒါပေမယ့် လူတိုင်းလိုက်နာရမယ့် ကာကွယ်ဖို့နည်းလမ်းတွေတော့ရှိပါတယ်။ လက်ကို ဆပ်ပြာ၊ ဒါမှမဟုတ် အရက်ပြန်နဲ့ မကြာခဏသေသေချာချာဆေးကြောပါ။ မျက်စိ ပါးစပ်နဲ့ နှာခါင်းကို ထိကိုင်ခြင်းကနေ ရှောင်ကြဉ်ပါ။ ချောင်းဆိုးနှာချေတဲ့အခါ တစ်သျှူး ဒါမှမဟုတ် တံတောင်ဆစ်ကွေးနဲ့ဖုံးအုပ်ပါ။ အသုံးပြုပြီးသား တစ်သျှူးကို အလုံပိတ်အဖုံးပါတဲ့အမှိုက်ပုံးထဲ ချက်ချင်းပစ်ပြီး လက်ကိုဆပ်ပြာ၊ ရေတို့နဲ့ သေသေချာချာဆေးကြောပါ။ အခြားသူတွေနဲ့ သုံးပေအနည်းဆုံးခွာနေပါ။

    (၈) ရောဂါပိုးခန္ဓာကိုယ်ထဲ၀င်ပြီးရင် ရောဂါလက္ခဏာပြဖို့ဘယ်လောက်ကြာလဲ

    အများစုမှာတော့ ခြောက်ရက်၀န်းကျင်လောက်ဆို ရောဂါလက္ခဏာစပြတတ်ပေမယ့် တစ်ရက်ကနေ နှစ်ဆယ့်တစ်ရက်အထိအမျိူးမျိူးဖြစ်နိုင်ပါတယ်။

     (၉) ပဋိဇီဝဆေး တွေဟာ Covid 19 ကိုကာကွယ်ကုသနိုင်ပါသလား

    အဖြေကတော့ နိုးပါ။ ပဋိဇီဝဆေးလို့ခေါ်တဲ့ ပိုးသတ်ဆေးတွေဟာ Covid 19 မှာအလုပ်မဖြစ်ပါဘူး။ သူတို့ဟာ ဘက်တီးရီးယားတွေကိုပဲ သတ်နိုင်ပါတယ်။ Covid 19 ဟာ virus ဖြစ်တဲ့အတွက် ပဋိဇီဝဆေးတွေကို သုံးလို့မရပါဘူး။ ဒါပေမယ့် ဆေးရုံဆေးခန်းတချို့မှာ ဆရာ၀န်တွေဟာ Covid 19 ရဲ့ နောက်ဆက်တွဲ ဘက်တီးရီးယားပိုးထပ်၀င်လာတာကို ကာကွယ်ကုသဖို့အတွက် ပဠိဇီဝဆေးတွေကို သုံးတတ်ကြပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Seinn Moe Satt မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement