backup og meta

ကိုဗစ်နဲ့ စီဗစ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်နဲ့ စီဗစ်

    ကိုဗစ်ကာလမှာ လူတိုင်းက ကာကွယ်နည်းပေါင်းစုံကို သုံးလာကြတယ်။ လက်တွေဆေးကြတယ်၊ နှာခေါင်းစည်းတွေ တပ်လာကြတယ်၊ အိမ်ထဲမှာပဲ နေကြတယ်။ ဒါနဲ့အတူ အားဆေးတွေပါ သောက်လာကြတယ်။ အထူးသဖြင့်တော့ ဗီတာမင်စီပေါ့။ သောက်တာက ပြဿနာ သိပ်မရှိပေမယ့် ဘယ်လောက်ပမာဏသောက်မှာလဲ၊ ဘယ်လောက်ကြာကြာသောက်မှာလဲ၊ မဖြစ်မနေသောက်ရမှာလား စတာတွေ သိဖို့လိုလာပါတယ်။

    ဗီတာမင်စီက ဘာကောင်းသလဲ။

    အားလုံးသိကြတာ ဗီတာမင်စီက ခုခံအားကို ကောင်းစေတယ်။ အနာကျက်မြန်စေတယ်ပေါ့။ ဟုတ်ပါတယ်။ ဒါမှန်ပါတယ်။ ဗီတာမင်စီက

    • နာမည်ကြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုပါ။ ခန္ဓာကိုယ်ထဲမှာ ပြင်ပက ရောဂါပိုး တစ်ခုခုဝင်လာရင်ဖြစ်ဖြစ်၊ စိတ်ဖိစီးမှုများရင်ဖြစ်ဖြစ် ဆဲလ်တွေ ထိခိုက်ဒဏ်ရာရပါတယ်။ ဓာတ်တိုးပါတယ်။ ဆဲလ်တွေ ဒီဒဏ်တွေကို ခံနိုင်ရည်ရှိအောင် ဗီတာမင်စီက ကူညီပေးပါတယ်။
    • ဆဲလ်တွေ ရောင်ရမ်းတာကိုလည်း သက်သာစေပါတယ်။
    • သွေးဖြူဥဆဲလ်တွေ ထုတ်လုပ်တာကို အားပေးပြီး ဒီဆဲလ်တွေ ဓာတ်တိုးမှုကြောင့် မပျက်စီးရလေအောင် ကာကွယ်ပေးပါတယ်။
    • သွေးကြောတွေကို ကျန်းမာစေတယ်။
    • အနာကျက်မြန်စေတယ်။

    ဒါကြောင့် ဗီတာမင်စီကို နေမကောင်းဖြစ်ပြီဆို ခုခံအားကို ကောင်းစေချင်တဲ့ သဘောနဲ့ သောက်ကြပါတယ်။

    ဗီတာမင်စီ တစ်နေ့တာ လိုအပ်ချက် ဘယ်လောက်ရှိလဲ။

    အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်က တစ်ရက်ကို ဗီတာမင်စီ ၉၀ မီလီဂရမ်လိုပါတယ်။ ဗီတာမင်စီကို ခန္ဓာကိုယ်က မထုတ်နိုင်ပါဘူး။ ဒါကြောင့် ပြင်ပကနေ ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးအနှံတွေကို စားပေးရပါတယ်။ ကံကောင်းတာက ပြင်ပကနေ စားပေးရုံနဲ့ လိုအပ်တဲ့ ၉၀ မီလီဂရမ် ရပါတယ်။ ဒါကြောင့် သာမန်လူတွေအနေနဲ့ သောက်စရာ မလိုပါဘူး။

    ဗီတာမင်စီကို ဘယ်အချိန်မှာ ဖြည့်စွက်သင့်သလဲ။

    • ပြင်ပက အစားအစာတွေနဲ့ မလုံလောက်တော့တဲ့အချိန် (ဥပမာ အစားအသောက်ပျက်တဲ့အချိန်၊ အစားမစားနိုင်တဲ့အချိန်)
    • ရောဂါပိုးရှိသူတွေနဲ့ မကြာခဏ ထိတွေ့နေရတဲ့အချိန်
    • ကိုယ်တိုင်ဖျားနာနေတဲ့အချိန်
    • ဆရာဝန်က ညွှန်ကြားတဲ့အချိန်

    ဒါမျိုးဆိုရင်တော့ လိုကောင်း လိုမှာပါ။ ကိုယ်က နေလည်းကောင်းတယ်။ ဘယ်မှလည်း မသွားဘူး။ အိမ်ထဲမှာပဲနေတယ်။ စားနိုင် သောက်နိုင်ဆိုရင်တော့ သီးသန့်ကြီး ဖြည့်စွက်စရာတော့ မလိုပါဘူး။ သာမန် စားသောက်နေတာနဲ့တင် လုံလောက်ပါတယ်။

    ဗီတာမင်စီကို ဖြည့်စွက်မယ်ဆိုရင်

    ဖြည့်စွက်မယ်ဆိုရင် ခုနကပြောသလို အစားအစာတွေကနေ ဖြည့်မလား။ ဆေးတွေသောက်ပြီး ဖြည့်မလား။

    အစားအစာတွေက ဆိုရင်တော့

    • သံပုရာသီး၊ လိမ္မော်သီး
    • မာလကာသီး
    • သင်္ဘောသီး
    • ပန်းပွင့်၊ ပန်းပွင့်စိမ်း
    • ခရမ်းချဉ်သီး စတဲ့ အသီးအနှံတွေ အသီးအရွက်တွေ အလွယ်ပြောရရင် ချဉ်တဲ့ အသီးတွေ တော်တော်များများမှာ ဗီတာမင်စီပါပါတယ်။

    ဖြည့်စွက်စာအားဆေးသောက်မယ်ဆိုရင်

    တစ်နေ့ကို ၁၀၀၀ မီလီဂရမ် မကျော်သင့်ပါဘူး။ တချို့ဆို ခံနိုင်ရည်သိပ်မရှိလို့ ၁၀၀၀ မီလီဂရမ်လောက်ဆို ဗီတာမင်စီ အဆိပ်သင့်တဲ့ လက္ခဏာတွေ စပြနေပါပြီ။ ကိုဗစ်ကာလမှာ အားဆေးသောက်သင့်တဲ့သူတွေကတော့

  • ရောဂါပိုးရှိသူနဲ့ ထိတွေ့ရတဲ့သူတွေ
  • လူအများနဲ့ ထိတွေ့လုပ်ကိုင်ရတဲ့သူတွေ (တစ်နည်းအားဖြင့် အပြင်ထွက်အလုပ်လုပ်နေရတဲ့ သူတွေ)
  • နေမကောင်းဖြစ်တဲ့ သူတွေလောက်ပဲ သောက်ရင် ရပါတယ်။
  • အိမ်မှာနေပေမယ့် သောက်ချင်တယ်ဆိုရင်

  • ၅၀၀မီလီဂရမ်ဆို တစ်ရက်ခြားလောက်
  • ၁၀၀၀မီလီဂရမ်ဆို တစ်ပတ် ၂ရက်လောက်ဆို ရပါပြီ။
  • အစားအစာတွေကလည်း ရနေဦးမှာပဲလေ။ ဒီကာလမှာ အာဟာရပြည့်အောင်စားပြီး အိပ်ရေးဝဝအိပ်ဖို့လည်း လိုအပ်ပါတယ်။

    ဗီတာမင်စီတွေ ပမာဏ အများကြီးသောက်မိရင်

    ပြောခဲ့သလိုပဲ တချို့က ၁၀၀၀ မီလီဂရမ်ထိ ဘာမှ မဖြစ်ပေမယ့် တချို့က မခံနိုင်ပါဘူး။ ဗီတာမင်စီ လွန်ကဲလာပြီဆိုရင်

    • ပျို့အန်တာ
    • ရင်ပူတာ
    • ဗိုက်အောင့်တာ
    • ဝမ်းသွားတာ
    • ခေါင်းကိုက်တာ
    • အိပ်မပျော်တာ စတာတွေ ဖြစ်လာတတ်ပါတယ်။

    ဒါကြောင့် ဗီတာမင်စီ သောက်နေရင်းနဲ့ ဒီလက္ခဏာတွေ ခံစားရပြီဆိုရင် ဆေးကို ခဏရပ်လိုက်ပါ။ နောက်တစ်ခုက ဗီတာမင်စီကို စွဲသောက်မယ်ဆိုရင် တချို့သော ဆီးကျောက်ရောဂါတွေ ပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ ဆီးကျောက်ရှိတယ်ဆို ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ သောက်တာ ပိုကောင်းပါတယ်။

    ကိုဗစ်လူနာတွေကို ဘာကြောင့် ဗီတာမင်စီ တိုက်တာလဲ။

    ခုလက်ရှိ ကိုဗစ်လူနာတွေ၊ သံသယလူနာတွေကိုလည်း ဆေးရုံမှာ၊ ကွာရန်တင်းစင်တာတွေမှာ ဗီတာမင်စီတွေ တိုက်လေ့ရှိပါတယ်။ တိုက်ရတဲ့ အကြောင်းရင်းကတော့ ပိုးဝင်နေလို့ ခန္ဓာကိုယ်က အားနည်းနေတာကြောင့်ရယ် စိတ်ဖိစီးမှုတွေ ဖြစ်နေတာကြောင့် ကိုယ်ခံအားကျသွားမှာရယ်ကြောင့် တိုက်တာပါ။ ကိုဗစ်ကို ခုခံအားက တိုက်ထုတ်တဲ့နေရာမှာ ထောက်ပံ့ပေးနိုင်အောင် တိုက်တာပါ။

    ကိုဗစ်ကာကွယ်ဖို့ ဗီတာမင်စီ သောက်ရင် ရပြီလား။

    ဗီတာမင်စီက ကိုဗစ်ကာကွယ်ဆေး မဟုတ်ပါဘူး။ ကာကွယ်ဆေးရော ကုသဆေးပါ မရှိတဲ့အချိန်မှာ ခုခံအားနဲ့ တိုက်ထုတ်နေရတာကြောင့် ခုခံအား ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ကူညီပေးဖို့ သောက်တာပါ။ ဗီတာမင်စီသောက်ရုံနဲ့ ကိုဗစ်မကူးတာ မဟုတ်ပါဘူး။ ကိုဗစ် မကူးချင်ရင်

    • အိမ်မှာ တတ်နိုင်သလောက်နေ
    • လက်ဆေး
    • နှာခေါင်းစည်းတပ်
    • လူစူလူဝေးရှိတဲ့ နေရာ မသွားနဲ့
    • တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေ စတဲ့အချက်တွေကို လိုက်နာရမှာပါ။

    ဗီတာမင်စီ သောက်ဖို့ အဆင်မပြေတဲ့သူတွေလည်း စိတ်ဓာတ်မကျပါနဲ့။ အိမ်ထဲမှာနေ၊ အာဟာရပြည့်အောင်စား၊ အိပ်ရေးဝအောင် အိပ်ပြီး အပေါ်က အချက်တွေ လိုက်နာမယ်ဆိုရင် ကိုဗစ်ကို ကာကွယ်နိုင်မှာပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement