backup og meta

ကိုဗစ်ကာလ ဝိရောဓိများ


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်ကာလမှာ ရောဂါပိုးကူးမှာကြောက်နေရတဲ့အတွက် တစ်ခုခုဆို ဒါလေး လုပ်လို့ရလား၊ ဟိုလိုလေးလုပ်ရင် ရောဂါကူးနိုင်လားဆိုပြီး တွေးတတ်ကြပါတယ်။ လူအများကြား သွားရပြီဆိုရင် ဘယ်လိုနေရင် ကိုယ့်အတွက် စိတ်အချရဆုံး ဖြစ်မလဲ၊ သူများကို မကူးအောင် ဘယ်လိုကာကွယ်ပေးနိုင်မလဲဆိုပြီး စဉ်းစားလာရပါပြီ။ အထူးသဖြင့် ခုလို ဝိရောဓိဖြစ်စေနိုင်တဲ့ ကိစ္စတွေမှာပေါ့။

    ကိုဗစ်ကာလ ခရီးသွားတဲ့အခါ

    ခုဆိုရင် ခရီးသွားလာဖို့က အရင်ကလောက် မတင်းကြပ်တော့ပါဘူး။ ပြည်တွင်းလေကြောင်းလိုင်းတွေကလည်း ဒီဇင်ဘာ တစ်ရက်ဆို ပြန်ပြီး ပြေးဆွဲတော့မှာပါ။

    လက်ရှိမှာတော့ ခြွင်းချက်အနေနဲ့ ပြည်ပက ပြည်တွင်းသို့ ကယ်ဆယ်ရေး လေယာဉ်တွေ၊ ပြည်တွင်းအစိုးရကိစ္စအတွက် ပြေးဆွဲခြင်းတွေ ရှိနေပါတယ်။

    ပြန်ပြီးခွင့်ပြုလို့ ပြည်တွင်းမှာ လေကြောင်းလိုင်းတွေနဲ့ သွားမယ်ဆိုရင် ကားတွေထက် မြန်မြန်ရောက်တာမှန်ပေမယ့် တစ်ဖက်ကလည်း စိတ်ချမှု ရှိပါ့မလားဆိုပြီး ပြန်တွေးနေမှာပါ။ မကြာဘူးဆိုပေမယ့် အလုံပိတ်လေယာဉ်ထဲမှာ နီးနီးကပ်ကပ်စီးရမယ်၊ ဒီ့မတိုင်ခင်လည်း လေဆိပ်မှာ တန်းစီရဦးမယ်ဆိုတော့ အန္တရာယ်ကင်းအောင် ဘယ်လိုများ နေကြရင်ကောင်းမလဲ။

    CDCရဲ့ အဆိုအရတော့ ဗိုင်းရပ်စ်တော်တော်များများက လေယာဉ်စီးရာကနေ ကူးနိုင်ဖို့ဆိုတာ အခွင့်အလမ်းနည်းပါတယ်တဲ့။ ဘာကြောင့်လည်းဆိုတော့ လေယာဉ်ထဲမှာ လေတွေရွေ့လျားတဲ့ပုံနဲ့ လေတွေ စစ်ထုတ်တဲ့ စနစ်ကြောင့်ပါတဲ့။

    လေယာဉ်ကနေ ကူးနိုင်ခြေနည်းတယ်ဆိုပေမယ့် ဘေးကနေ အတူတူထိုင်တဲ့သူ၊ လေဆိပ်မှာ လူအများကြီးနဲ့ အကြာကြီး တန်းစီရတာကြောင့်တော့ ကူးနိုင်ခြေ ရှိပါတယ်။ ဒါတွေကို ကာကွယ်ဖို့အတွက်

  • နှာခေါင်းစည်းတပ်ပါ။ လေယာဉ်စီးနေစဉ်တစ်လျှောက်မှာ ဘေးကလူနဲ့ ၆ပေခွာဖို့ မဖြစ်နိုင်တဲ့အတွက် တပ်ထားတာ ပိုကောင်းပါတယ်။
  • မကြာခဏ လက်ဆေးပါ။ လေဆိပ်မှာရော၊ လေယာဉ်ပေါ်မှာပါ ထိတွေ့ကိုင်တွယ်မိနိုင်တာတွေ အများကြီး ရှိတဲ့အတွက် မကြာခဏ လက်ဆေးဖို့ လိုပါတယ်။
  • အစကတည်းက နေမကောင်းတဲ့သူ၊ ခုခံအားကျနေတဲ့သူဆိုရင် မစီးတာပိုကောင်းပါတယ်။
  • လေဆိပ်မှာ ဖောင်ကို ပြည့်ပြည့်စုံစုံနဲ့ မှန်မှန်ကန်ကန် ဖြည့်ထားပေးပါ။ အကြောင်းကိစ္စပေါ်လာတဲ့အခါ မြန်မြန်ဆန်ဆန် လုပ်ကိုင်နိုင်အောင်လို့ပါ။
  • ကျန်းမာရေးဌာနက အခါအားလျော်စွာ ထုတ်ပြန်ထားတဲ့ ဓာတ်ခွဲစစ်ဆေးခြင်း အစီအစဉ်တွေ၊ အသွားအလာကန့်သတ်ခြင်း အစီအစဉ်တွေကို လိုက်နာပေးပါ။
  • အကြောင်းကိစ္စရှိလို့ ကိုယ်ပိုင်ကားနဲ့ တစ်နယ်ကနေ တစ်နယ်သွားနေရသူဆိုရင်လည်း အောက်က အချက်တွေကို လိုက်နာဖို့ လိုပါတယ်။

    • တတ်နိုင်သမျှ ကားပေါ်မှာ လူနည်းပါစေ။
    • လမ်းတစ်လျှောက် နှာခေါင်းစည်းတပ်ပါ။
    • မှန်တံခါးများကို ဖွင့်ထားပါ။
    • တတ်နိုင်သမျှ အများသုံးယာဉ်ရပ်နားစခန်းတွေ၊ စားသောက်ဆိုင်တွေမှာ မကြာခဏ ရပ်တာမျိုး မလုပ်ပါနဲ့။ စားစရာတွေ ယူသွားပြီး ကားပေါ်မှာပဲ စားတာ ဒါမှမဟုတ် ဝယ်ပြီး ကားပေါ်မှာပဲ စားတာက ပိုပြီးအန္တရာယ်ကင်းပါတယ်။
    • ရပ်နားစခန်းတွေမှာ အိမ်သာဝင်တာ၊ ဆီဝင်ဖြည့်တာတွေကို မြန်မြန်လုပ်ပါ။ လူတွေနဲ့ ခပ်ခွာခွာနေပါ။ မကြာခဏ လက်ဆေးပါ။
    • သက်ဆိုင်ရာ နယ်သို့ရောက်တဲ့အခါ ကျန်းမာရေးဌာနက အခါအားလျော်စွာ ထုတ်ပြန်ထားတဲ့ ဓာတ်ခွဲစစ်ဆေးခြင်း အစီအစဉ်တွေ၊ အသွားအလာကန့်သတ်ခြင်း အစီအစဉ်တွေကို လိုက်နာပေးပါ။

    ကိုယ်ပိုင်ကားပေါ်မှာ နှာခေါင်းစည်းတပ်ရမှာလား

    အထူးသဖြင့် မြို့တွင်းမှာ ဟိုနားဒီနားသွားတဲ့အခါမှာပေါ့။ ကားပေါ်မှာလည်း ကိုယ်တစ်ယောက်တည်း ဒါမှမဟုတ် ကိုယ်နဲ့ တစ်အိမ်တည်းမှာ အတူနေတဲ့သူ ပါလာတယ်။ ကားကလည်း အလုံပိတ်။ တပ်စရာ လိုမလားပေါ့။

    ယေဘုယျအားဖြင့်တော့ ကားပေါ်မှာ ကိုယ်တစ်ယောက်တည်း ဒါမှမဟုတ် တစ်အိမ်တည်း နေတဲ့သူနဲ့ စီးလာတာဆိုရင် ကူးနိုင်ခြေ တော်တော်နည်းတဲ့အတွက် တပ်စရာမလိုပါဘူး။

    ဒါပေမယ့် ဒီလိုအခြေအနေမျိုးမှာတော့ တပ်ဖို့ လိုပါလိမ့်မယ်။

    • တစ်အိမ်တည်းနေတဲ့သူနဲ့ မဟုတ်ဘဲ သူစိမ်းနဲ့ အတူစီးတဲ့အခါ (တက္ကစီ စီးသလိုမျိုးပေါ့)
    • ကားမှန်ချပြီး ပစ္စည်းလှမ်းယူတာမျိုး၊ တစ်ယောက်ယောက်ကို စကားလှမ်းပြောတဲ့အခါမျိုး
    • ကိုယ်က ပစ္စည်းပို့ရတဲ့ deliveryသမားဆိုရင် ခဏခဏ ကားပေါ်က ဆင်းပြီး လူတွေနဲ့ ထိတွေ့ရမှာပါ။ ဒါဆိုရင်တော့ ဆက်တိုက် တပ်ထားတာ ပိုကောင်းပါတယ်။ ခဏခဏဝတ်လိုက် ချွတ်လိုက်ဆိုရင် ပိုးတွေက လက်မှာပေလာပြီး ကူးနိုင်ခြေပိုများပါတယ်။

    နောက်ထပ်သတိထားရမှာက နှာခေါင်းစည်းကို မှန်မှန်ကန်ကန် တပ်ဖို့ပါ။ နှာခေါင်းနဲ့ ပါးစပ်ပဲ လုံရပါမယ်။ မျက်လုံးပါ အုပ်မိရင် မြင်ကွင်းပိတ်ပြီး ကားအက်စီးဒင့် ဖြစ်တတ်ပါတယ်။

    အတူနေမယ်ဆိုရင်

    ဒါကလည်း တွေးစရာတစ်ခုပါပဲ။ ရောဂါပိုးရှိနေရင်တောင် လက္ခဏာက ပြချင်မှ ပြတာကြောင့် ကိုယ့်မှာရှိတဲ့ ပိုးက အတူနေ အိမ်ထောင်ဘက်ကို ကူးသွားမလားဆိုပြီး စိုးရိမ်တတ်ပါတယ်။

    တစ်ယောက်နဲ့ တစ်ယောက် ၆ပေကွာအောင် မနေနိုင်ရင် ရောဂါပိုးကူးနိုင်ခြေရှိတာကြောင့် လိင်ဆက်ဆံတာကလည်း သွယ်ဝိုက်ပြီး ကူးနိုင်တယ်ဆိုတာ သိထားရပါမယ်။ အတူနေတဲ့အခါ နီးကပ်လွန်းတာကြောင့် အသက်ရှူလမ်းကြောင်းက ထွက်လာတဲ့ အမှုန်အမွှားတွေ၊ တံတွေးတွကနေတဆင့် ကူးစက်နိုင်ပါတယ်။ ဒါ့ပြင် ပိုးရှိသူ ကိုင်တွယ်ထားတဲ့ ပစ္စည်းတွေကို ကိုင်တွယ်ပြီး မျက်နှာကို ပွတ်သပ်မိရင်လည်း ကူးနိုင်ပါတယ်။

    ကိုဗစ်ပိုးကို သုက်ရည်ထဲမှာ တွေ့ရပေမယ့် လိင်ဆက်ဆံရာကနေ ထွက်လာတဲ့ မိန်းမကိုယ်အရည်၊ သုက်ရည်ကနေ နောက်တစ်ယောက်ကို ကူးတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ လိင်ကနေတဆင့် ကူးနိုင်လားဆိုတာက ထပ်ပြီး လေ့လာရမယ့် ကိစ္စဖြစ်ပါတယ်။

    ဒီလိုပဲ မစင်ထဲမှာလည်း တွေ့ရပေမယ့် ကူးနိုင်၊ မကူးနိုင်ကတော့ ထပ်ပြီး လေ့လာရဦးမှာပါ။

    အတူနေမယ်ဆိုရင် သတိထားသင့်တဲ့အချက်တွေကတော့

    • အိမ်ထောင်ဘက်မဟုတ်တဲ့သူနဲ့ မဆက်ဆံပါနဲ့။
    • ဒီကာလမှာ အပျော်အပါး မလိုက်စားပါနဲ့။
    • အိမ်ထောင်ဘက်မှာ ကိုဗစ်လက္ခဏာတွေရှိနေတဲ့အခါ၊ နေမကောင်းတဲ့အခါ အတူမနေပါနဲ့။ မနမ်းပါနဲ့။
    • တတ်နိုင်ရင် အတူနေတဲ့အခါ နှာခေါင်းစည်းတပ်ပါ။
    • အတူနေပြီးတဲ့အခါ ရေချိုးချပါ။
    • အိပ်ရာကို သန့်ရှင်းရေး လုပ်ပါ။
    • ကွန်ဒုံးသုံးပါ။

    ကိုဗစ်ကာလမှာ အကောင်းဆုံး ဆက်ဆံနည်းကတော့ တစ်ကိုယ်ရည် အာသာဖြေနည်းပဲဖြစ်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ တစ်ယောက်ယောက်နဲ့ အတူနေတာထက်စာရင် တစ်ကိုယ်တည်း အာသာဖြေတာက ပိုပြီး စိတ်ချရပါတယ်။ လက်သေချာဆေးဖို့တော့ လိုတာပေါ့။

    အိမ်ထောင်ဘက်နဲ့လည်း လိင်ဆက်ဆံတာထက်စာရင် တခြားနည်းတွေသုံးပြီး (ဥပမာ လက်ဆောင်ပေးတာဖြစ်ဖြစ်၊ စျေးဝယ်ထွက်တာဖြစ်ဖြစ်) သံယောဇဉ်တိုးအောင်နေဖို့ အကြံပေးထားပါတယ်။

    ကိုဗစ်ကာလမှာ ဒီလိုဝိရောဓိဖြစ်စရာကိစ္စတွေကတော့ အများကြီး ရှိနေဦးမှာပါ။ အရေးကြီးတာက ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကိုနဲ့ သူများကို ရောဂါပိုးမကူးအောင် ကာကွယ်ဖို့ပါပဲ။ ကာကွယ်ရေးနည်းလမ်းတွေကို စနစ်တကျ လိုက်နာဖို့ပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement