backup og meta

စနစ်တကျလက်ဆေးခြင်းဖြင့် ရောဂါပိုးမွှားတွေကို ကာကွယ်ပါ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စနစ်တကျလက်ဆေးခြင်းဖြင့် ရောဂါပိုးမွှားတွေကို ကာကွယ်ပါ

    လွန်ခဲ့သည့်နှစ်အနည်းငယ်ကစပြီး ရုပ်မြင်သံကြားမှာ ထုတ်လွှင့်နေတတ်တဲ့ လက်ဆေးခြင်းအကြောင်း ပညာပေး ကာတွန်းရုပ်ရှင်လေးကို ကြည့်ဖူးပါသလား။

    ဆေးရုံဆေးခန်းတွေမှာ လူနာသွားမေးတဲ့အခါ အထူးကြပ်မတ်ကုသခန်းအဝင်တွေမှာ လက်ဆေးဆပ်ပြာရည်ဘူးလေးတွေ တပ်ဆင်ပေးထားတာ မြင်ဖူးပါသလား။

    ဒါဟာ လက်ဆေးခြင်းရဲ့ အရေးပါပုံကို မမေ့ရအောင် သတိပေးနေတာတွေ ဖြစ်ပါတယ်။ အောက်တိုဘာ (၁၅) ရက်နေ့ကိုလည်း Global Hand Washing Day လို့ သတ်မှတ်ထားပါတယ်။

    ဘာကြောင့်လက်ဆေးဖို့လိုသလဲ

    နေ့စဉ်အရာဝတ္တုများကို ထိတွေ့ကိုင်တွယ်နေရတဲ့ လက်ဟာ ဘက်တီးရီးယားနဲ့ တခြားရောဂါပိုးတွေ ကပ်ငြိနေနိုင်ပါတယ်။ သုတေသနစာစောင်တခုမှာ ၁စတုန်းစင်တီမီတာမှာ ဘက်တီးရီးယားပေါင်း ၁၅၀၀ လောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ လက်ဖျားကနေ တံတောင်ဆစ်အထိဆိုရင် သန်းနဲ့ချီပြီး ရှိနေနိုင်ပါတယ်။ ကလေးငယ်တွေဆိုရင် ညစ်ပေတဲ့အရာတွေကို ထိတွေ့ကိုင်တွယ်ရာကနေ ပါးစပ်ထဲကို လက်ထည့်တတ်တာကြောင့် ရောဂါပိုးတွေ ဝင်ရောက်နိုင်ပါတယ်။

    လက်ကနေတဆင့် ဝင်ရောက်နိုင်တဲ့ ကူးစက်ရောဂါမျိုးစုံကို အထိရောက်ဆုံး၊ ကုန်ကျစရိတ် အသက်သာဆုံးနဲ့ အရိုးရှင်းဆုံး ကာကွယ်တားဆီးပေးနိုင်တဲ့ နည်းလမ်းကတော့ လက်ဆေးခြင်းပဲ ဖြစ်ပါတယ်။

    စနစ်တကျ လက်ဆေးတတ်ရင် ရောဂါပိုးရှိတဲ့ အရည်၊ အရာဝတ္တုေတွကို ထိတွေ့မိရာကနေ လက်မှာ ကပ်ငြိပါလာတဲ့ ရောဂါပိုးမွှားတွေကို လျော့ပါးစေနိုင်ကြောင်း၊ ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ပြီး လူတဦးကနေ တခြားလူတဦးကို ရောဂါကူးစက်နိုင်ခြေကို လျှော့ချနိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းလမ်းညွှန်မှာ ဖော်ပြထားပါတယ်။

    ဘာတွေလိုသလဲ

    စနစ်တကျလက်ဆေးဖို့ လိုအပ်တဲ့အရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    ၁။ ရေ – သန့်ရှင်းသောရေဖြစ်ဖို့ အရေးကြီးပြီး ဘုံပိုင်ခေါင်း/ပိုက်ခေါင်းကကျတဲ့ ရေဖြစ်ရင် ပိုကောင်းပါတယ်။ လက်နဲ့ခပ်စရာမလိုဘဲ ပိုက်ခေါင်းကနေကျတဲ့ရေဆိုရင် ပိုကောင်းပါတယ်။ ပေါင်းခံရေကတော့ သန့်ရှင်းမှုအရှိဆုံးရေ ဖြစ်ပါတယ်။

    ၂။ ပိုးသန့်စင်ဖို့ လိုအပ်တဲ့ပစ္စည်း (ဆပ်ပြာဖြစ်စေ သန့်စင်ဆေးရည်ဖြစ်စေ) – ရိုးရိုးဆပ်ပြာခဲကို သုံးနိုင်သလို ဘူးမှာခလုတ်ကိုဖိလိုက်ရုံနဲ့ ဆပ်ပြာအရည်တွေ ထွက်လာစေတဲ့ လက်ဆေးဆပ်ပြာရည်ဘူးကိုလည်း သုံးနိုင်ပါတယ်။ လက်ကိုပိုးသန့်စင်ပေးတဲ့ အိမ်သုံး Hand Sanitizer တွေကိုလည်း သုံးနိုင်ပါတယ်။ အရက်ပျံဆွတ်ထားတဲ့ ဂွမ်းတွေကိုလည်း သုံးနိုင်ပါတယ်။ ဆပ်ပြာရည်ဘူးတွေသုံးတဲ့အခါ ကုန်သွားရင် လွှင့်ပစ်သင့်ပါတယ်။ ထပ်မံဖြည့်တင်းပြီး မသုံးသင့်ပါဘူး။

    ဘယ်အချိန်တွေမှာ လက်ဆေးသင့်သလဲ

    ၁။ အိမ်သာမှ ထွက်လာချိန်

    ၂။ လူအများ အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေ ကိုင်တွယ်ပြီးချိန် (ဥပမာ လှေကားလက်ရမ်း၊ အများအသုံးပြုနေသော ကွန်ပျူတာကီးဘုတ်၊ စားပွဲကုလားထိုင်)

    ၃။ ချောင်းဆိုးနှာချေပြီးချိန်

    ၄။ ဆေးရုံကို လူနာမေးသွားမေးစဉ် (သို့) လူနာစောင့်စဉ် လူနာ၏ အသုံးအဆောင်ပစ္စည်းများ ကိုင်တွယ်ပြီးချိန်၊ လူနာကို ပြုစုပြီးချိန်

    ၅။ အစာမစားမီနှင့် အစာစားပြီးချိန်

    ၆။ ဆရာဝန်၊ သူနာပြုများဆိုလျှင် လူနာကို စမ်းသပ်ကိုင်တွယ်ခြင်းမပြုမီနှင့် ပြုပြီးချိန်

    ၇။ အကြောင်းတခုခုကြောင့် လက်များညစ်ပေနေချိန်

    စနစ်တကျ ဘယ်လိုဆေးမလဲ

    ၁။ စက္ကန့်အနည်းငယ်ကြာတဲ့အထိ လက်ကိုဆေးပါ။

    ၂။ လက်နှစ်ဖက်စလုံးသု့းပြီး ဆပ်ပြာကိုနှံ့အောင်တိုက်ပါ။ လက်ဖဝါးရော လက်ဖမိုးပါ အပြန်အလှန်တိုက်ချွတ်ပါ။

    ၂။ လက်ဖမိုးတဖက်ကို ကျန်လက်ဖဝါးနဲ့ သေချာစွာ ပွတ်တိုက်ပေးပါ။ လက်ချောင်းများကြားကို ကျန်တဲ့လက်ရဲ့ လက်ချောင်းများနဲ့ ပွတ်တိုက်ပေးပါ။ ဘယ်၊ ညာ လက်နှစ်ဖက်ကို အပြန်အလှန် ပွတ်တိုက်ပေးပါ။

    ၃။ လက်ဖဝါးတဖက်ထဲမှာ ကျန်လက်ရဲ့လက်မကိုထည့်ပြီး ပတ်လည်ပွတ်တိုက်ပေးပါ။ ဘယ်လက်ညာလက် အပြန်အလှန် ဆေးပေးပါ။

    ၄။ လက်ဖဝါးတဖက်ထဲမှာ ကျန်လက်ရဲ့လက်ချောင်းလေးများကို စုပြီး ပတ်လည်ပွတ်တိုက်ပေးပါ။ ဘယ်လက်ညာလက် အပြန်အလှန် ဆေးပေးပါ။

    ၅။ လက်နှစ်ဖက်စလုံးကို ရေနဲ့စင်ကြယ်အောင်ဆေးပါ။

    ၆။ လက်ကိုခြောက်သွေ့အောင် တခါသုံးလက်သုတ်ပဝါ၊ တစ်သျှူးစက္ကူ စတာတွေနဲ့သုတ်ပါ။ ဒါမှမဟုတ် အခြောက်ခံစက်နဲ့ အခြောက်ခံပါ။

    ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ

    လက်ဆေးခြင်းကြောင့် သင်အလုပ်လုပ်ရာ နေထိုင်ရာ ပတ်ဝန်းကျင်ကို ရောဂါပိုးတွေ ကင်းရှင်းအောင် ဘေးကင်းစိတ်ချရအောင် တစိတ်တဒေသ ပါဝင်လုပ်ဆောင်နိုင်ပါတယ်။ ဝမ်းရောဂါအပါအဝင် အူလမ်းကြောင်းမှာဖြစ်တတ်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ ရောဂါပိုးပါတဲ့လက်နဲ့ မျက်စိကို ကိုင်တွယ်မိရာကနေ ဖြစ်တတ်တဲ့ မျက်စိပိုးဝင်ခြင်းကို လျှော့ချနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာဖြစ်တတ်တဲ့ ကူးစက်ရောဂါပိုးတွေကိုလည်း ကာကွယ်နိုင်ပါတယ်။

    ဆပ်ပြာနဲ့ရေကိုသုံးပြီး လက်ဆေးနိုင်သလို ခရီးသွားလာစဉ်မှာ ရေနဲ့ဆပ်ပြာ အလွယ်တကူမရနိုင်ချိန်မှာ အဆင်သင့်သုံးနိုင်အောင် Hand Sanitizer ဘူးလေးတွေ ဆောင်ထားသင့်ပါတယ်။

    သင်နဲ့သင့်ပတ်ဝန်းကျင်ကို ရောဂါပိုးကူးစက်ခြင်းကနေ ကာကွယ်ပေးနိုင်တဲ့ စနစ်တကျလက်ဆေးခြင်းကို မမေ့မလျော့ပြုလုပ်ဖို့ တိုက်တွန်းပါရစေ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement