backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဆေးကုလားမ (Tragacanth Gum Herb)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆေးကုလားမ (Tragacanth Gum Herb)

ဆီးသွားရခက်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာတွေကို သက်သာစေဖို့ အမောပြေစေဖို့ဆိုပြီး သောက်ကြတဲ့ ဆေးကုလားမ (Tragacanth Gum Herb) အကြောင်းလေး အတူတူ လေ့လာလိုက်ရအောင်နော်။

ဆေးကုလားမ (Tragacanth Gum Herb) ဆိုတာ

ဆေးကုလားမဆိုတာက အရှေ့အလယ်ပိုင်း၊ အီရတ်၊ အီရန် နဲ့ အနောက်အာရှဒေသတွေမှာပေါက်ရောက်တဲ့ ချုံပင်တစ်မျိုးကနေရရှိတာဖြစ်ပါတယ်။ အဆိုပါ ချုံပင်ရဲ့ အကိုင်း (သို့) အမြစ်ကနေ ဆေးကုလားမကို ခြစ်ထုတ်ရယူရတာ ဖြစ်ပါတယ်။

ဆေးကုလားမက စေးပျစ်ပျစ်သဏ္ဍန်ရှိပြီး အနံ့ရောအရသာပါ မရှိပါဘူး။ သစ်ပင်အစေးကို ခြစ်ထုတ်ရယူပြီး အခြောက်ခံထားတာ ဖြစ်ပါတယ်။ ရေစိမ်လိုက်တဲ့အခါမှသာ ပွလာပြီး ဂျယ်လီလိုမျိုး အနှစ်တွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ဆေးကုလားမကို ရှေးယခင်ကတည်းက ချောင်းဆိုးတာနဲ့ ဝမ်းလျှောတာတွေကို ကုသရာမှာ သဘာဝဆေးတစ်လက်အနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ ဆေးကုလားမအနှစ်ကို အပူလောင်ဒဏ်ရာတွေအတွက်လည်း သုံးသလို ဆေးတွေ ထုတ်လုပ်ရာမှာလည်း အသုံးပြုကြပါတယ်။ အစားအသောက်တွေထဲမှာ ထည့်သွင်းသုံးဆောင်တာမျိုးတွေရှိပါတယ်။

ဆေးကုလားမနဲ့ ပတ်သက်ပြီး သိထားလို့ အကျိုးမမဲ့နိုင်တဲ့ အကြောင်းအရာလေးအချို့ကို မျှဝေပေးချင်ပါတယ်။

ဆေးကုလားမရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ဆေးကုလားမကို စားသောက်ဖွယ်ရာတွေကို ပျစ်စေတဲ့အရာအနေနဲ့ဖြစ်ဖြစ်၊ ဆေးတွေထုတ်လုပ်ရာမှာ ပုံမပျက်အောင် binder အနေနဲ့ဖြစ်ဖြစ်၊ ဆေးတွေ ခဲစေတဲ့အရာအနေနဲ့ဖြစ်ဖြစ် အသုံးပြုကြသလို ကုန်ထုတ်လုပ်ငန်းတွေဖြစ်ကြတဲ့ စက္ကူထုတ်လုပ်တဲ့လုပ်ငန်း၊ အလှကုန်ထုတ်လုပ်တဲ့လုပ်ငန်းနဲ့အထည်အလိပ်ထုတ်လုပ်မှုတွေမှာလည်း ဆေးကုလားမကို အသုံးပြုကြပါတယ်။ ဆေးကုလားမကနေ ရရှိတဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ –

(၁) အပူလျှပ်တာကို သက်သာစေခြင်း

ဆေးကုလားမမှာ အပူဒဏ်ကို သက်သာစေတဲ့ အစွမ်းသတ္တိများစွာရှိပါတယ်။ နွေရာသီမှာ ဆေးကုလားမဖျော်ရည်သောက်သုံးပေးတာက ခန္ဓာကိုယ်ကို အပူဒဏ်သက်သာစေဖို့အတွက် အထောက်အကူရရှိစေမှာဖြစ်ပါတယ်။

ဆေးကုလားမက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို လျော့ကျစေပြီး အေးမြအောင်လုပ်ဆောင်ပေးပါတယ်။ အပူလျှပ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးမှာဖြစ်ပါတယ်။ ဆေးကုလားမက ပူလွန်းတဲ့ရာသီမှာ ကလေးတွေမှာ အဖြစ်များတဲ့ နှာခေါင်းသွေးလျှံတာမျိုး ဖြစ်တဲ့အခါမှာလည်း သွေးတိတ်အောင် လုပ်ဆောင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

(၂) အမျိုးသားတွေမှာ စွမ်းဆောင်ရည်မြင့်တက်စေခြင်း

ဆေးကုလားမက အမျိုးသားတွေမှာ စွမ်းဆောင်ရည်တိုးတက်စေနိုင်တဲ့ အကောင်းဆုံးသော အစားအစာတစ်မျိုးဖြစ်ပါတယ်။ နေ့စဉ်စားသုံးပေးမယ်ဆိုရင် အမျိုးသားတွေမှာ စွမ်းဆောင်ရည်တိုးတက်ကောင်းမွန်အောင် အထောက်အပံ့ပေးမှာ ဖြစ်ပါတယ်။ ဆေးကုလားမက အမျိုးသားတွေအတွက် ထိရောက်ပြီးဘေးကင်းတဲ့ ကာမအားတိုးဆေးတစ်ရပ်ဖြစ်ပါတယ်။

(၃) ဆီးမထိန်းနိုင်တာကို သက်သာစေခြင်း

ဆီးမထိန်းနိုင်သူတွေအနေနဲ့ ဆေးကုလားမကို စားသုံးပေးသင့်ပါတယ်။ ဆေးကုလားမက ဆီးမထိန်းနိုင်တာကို သက်သာစေတဲ့ အကောင်းဆုံးသော ဆေးတစ်လက်ဖြစ်ပါတယ်။ဆေးကုလားမက ဆီးလမ်းကြောင်းတလျှောက်က ကြွက်သားတွေကို ပြေလျော့စေအောင်လုပ်ဆောင်ရာမှာ အထောက်အကူပြုသလို ဆီးမထိန်းနိုင်ဖြစ်တာကိုလည်း သက်သာစေပါတယ်။

(၄) အရေပြားနဲ့ အလှအပအတွက်လည်းအကျိုးပြုခြင်း

ဆေးကုလားမက အရေပြားအတွက် အရမ်းကို အကျိုးကျေးဇူးရှိသလို အလှအပအတွက်လည်း အကျိုးပြုပါတယ်။ ဆေးကုလားမမှာ အသက်အရွယ်အိုမင်းမှုကို တိုက်ဖျက်ပေးတဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ မျက်နှာမှာ အရွယ်မတိုင်ခင် အရေးအကြောင်းတွေမဖြစ်အောင် လုပ်ဆောင်ပေးသလို ခန္ဓာကိုယ်ကိုလည်း သွယ်လျလှပစေပါတယ်။

(၅) အမျိုးသမီးတွေမှာ ရင်သားဖွံ့ဖြိုးစေခြင်း

အမျိုးသမီးအချို့က သူတို့ရဲ့ ရင်သားအရွယ်အစားနဲ့ပတ်သက်ပြီး အားမလိုအားမရ ဖြစ်တတ်ပါတယ်။ဆေးကုလားမက ရင်သားဖွံ့ထွားစေဖို့အတွက် အရမ်းကိုထိရောက်အသုံးဝင်ပါတယ်။

ရင်သားဖွံ့ထွားလှပလိုတဲ့ အမျိုးသမီးတွေအနေနဲ့ ဆေးကုလားမကို နေ့စဉ် စားသုံးပေးမယ်ဆိုရင် ရင်သားပြည့်ဖြိုးလာမှာဖြစ်ပါတယ်။ ဆေးကုလားမမှာ ရင်သားဖွံ့ထွားစေတဲ့ သဘာဝဆေးဖက်ဝင် အစားအစာတစ်မျိုး ဖြစ်ပါတယ်။

(၆) ဝမ်းချုပ်တာကို သက်သာစေခြင်း

ဆေးကုလားမမှာ ဝမ်းပျော့ပျော့သွားစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝမ်းချုပ်တဲ့သူတွေအတွက် အရမ်းကိုသင့်တော်ပါတယ်။ ဆေးကုလားမက ဝမ်းနုတ်ဆေးလို လုပ်ဆောင်ပေးတာကြောင့် ဝမ်းသွားရတာ အဆင်ပြေစေပါတယ်။

(၇) မီးဖွားပြီးစ မိခင်တွေအတွက်အထူးသင့်တော်ခြင်း

မီးဖွားပြီးတဲ့အချိန်မှာ အမျိုးသမီးတွေက အရမ်းအားနည်းနေတတ်ပါတယ်။ ဆေးကုလားမက မီးဖွားပြီးစ မိခင်တွေကို အားပြန်ပြည့်စေပြီး မိခင်ဖြစ်လာတဲ့အခါ ကြုံတွေ့ရတဲ့ အခြားစိန်ခေါ်မှုတွေကိုလည်း ဖြေရှင်းနိုင်အောင်လည်း အထောက်အကူပေးပါတယ်။ ရာသီသွေးဆင်းချိန်မှာ ရာသီသွေးအဆင်းများတာကို ထိန်းချုပ်ရာမှာလည်း အထောက်အပံ့ပေးပါတယ်။ ဆေးကုလားမက မိခင်ရောကလေးငယ်အတွက်ပါ အကျိုးကျေးဇူးရရှိစေပါတယ်။

ဆေးကုလားမရဲ့ အသုံးဝင်ပုံအချို့

  • ဆေးကုလားမကို ချောင်းဆိုးတာနဲ့ ဖျားနာတာတွေ သက်သာအောင်စေဖို့အတွက် အသုံးပြုနိုင်သလို ဝမ်းလျှောတာကို သက်သာစေဖို့လည်း အသုံးပြုပါတယ်။
  • သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။
  • စေးကပ်တဲ့ အစွမ်းသတ္တိရှိတာကြောင့် အံကပ်လုပ်ရာမှာ အသုံးပြုလေ့ရှိပါတယ်။
  • အပူလောင်နာတွေကို လိမ်းပေးလို့ရတယ်။
  • ဝမ်းလျှောတာနဲ့ ဝမ်းချုပ်တာတွေအတွက် အသုံးပြုနိုင်တယ်။
  • ကင်ဆာကျိတ်တွေ မဖြစ်အောင်ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တယ်။
  • ခံတွင်းအနာတွေကို သက်သာစေတယ်။
  • ရင်ပူတာကို သက်သာစေတယ်။ ဆေးကုလားမကို တစ်ညလုံးရေစိမ်ထားပြီး မိုးလင်းချိန်မျာ စားပေးခြင်းဖြင့် ခန္ဓာကိုယ်ကို အပူဒဏ်ကနေ သက်သာစေနိုင်တယ်။
  • ဆေးကုလားမက ခန္ဓာကိုယ်အပူချိန်ကို ကျဆင်းစေနိုင်တယ်။

ဆေးကုလားမနဲ့ပတ်သက်ပြီး သတိထားသင့်တဲ့အချက်များ

  • ဆေးကုလားမကို စားသုံးမယ်ဆိုရင် ရေကို လုံလောက်တဲ့ရေပမာဏနဲ့ စိမ်ပေးပါ။ ရေမဝတဲ့အခါ ဆေးကုလားမက အူပိတ်စေနိုင်သလို သီးတာမျိုးတွေဖြစ်စေနိုင်ပါတယ်။
  • အပင်တွေရဲ့ အစေးတွေနဲ့ ဓာတ်မတည့်တဲ့ဝေဒနာရှိသူတွေအနေနဲ့ ဆေးကုလားမကိုမစားသုံးသင့်ပါဘူး။
  • ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်တွေ စားသုံးဖို့လည်း မသင့်တော်ပါဘူး။
  • Quillaia bark နဲ့ ဓာတ်မတည့်တဲ့သူတွေအနေနဲ့ ဆေးကုလားမကို စားသုံးတဲ့အခါ အသက်ူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်နိုင်တာကြောင့် မစားသုံးသင့်ပါဘူး။
  • ဆေးကုလားမကို အလွန်အကျွံစားသုံးတဲ့အခါ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ၊ ဗိုက်အောင့်တာ၊ လေပွတာ၊ ဓာတ်မတည့်တာကြောင့် ဖျားနာတာ၊ အရေပြားမှာ အနီရောင်အဖုအပိမ့်တွေထွက်တာမျိုးတွေကို  ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

ဆေးကုလားမကို ဘယ်လိုစားသုံးနိုင်သလဲ

  • အချိုပွဲတွေနဲ့ အခြားစားသောက်ဖွယ်ရာတွေထဲမှာ ထည့်သွင်းစားသုံးနိုင်ပါတယ်။ ရေခဲမုန့်ထဲလည်း ထည့်စားလို့ ရပါတယ်။
  • အချိုပွဲ အသုပ်တွေထဲကိုလည်း ထည့်ပြီးစားသုံးလို့ရပါတယ်။
  • ဖျော်ရည်တွေထဲမှာလည်း ထည့်ပြီးသောက်သုံးလို့ရပါတယ်။
  • ချိစ်အနှစ်တွေနဲ့ ပူတင်းတွေထဲမှာလည်း ထည့်စားလို့ရပါတယ်။
  • အချိုရည်တွေထဲမှာလည်း ထည့်ပြီးသောက်လို့ရပါတယ်။

ဘယ်လောက်ပမာဏစားသုံးနိုင်မလဲ

စားသုံးသူရဲ့ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနဲ့ အခြားအကြောင်းအချက်တွေအပေါ်မှာ အခြေခံပြီး ဆေးကုလားမကို စားသုံးနိုင်တဲ့ ပမာဏချင်း ကွဲပြားပါတယ်။ လက်ရှိအချိန်ထိဆေးကုလားမကို ဘယ်လောက်ပမာဏစားသုံးသင့်လဲဆိုတာကို သေသေချာချာမသိကြသေးပါဘူး။ သဘာဝဆေးဆိုတိုင်း ဥပါဒ်မဖြစ်ဘူးလို့ ပြောမရတာကို သိနားလည်ဖို့လိုပါတယ်။ အရာရာက တန်ဆေးလွန်ဘေးပါ။ အသုံးမပြုခင်မှာ တတ်သိနားလည်သူနဲ့ တိုင်ပင်ပြီး ကျန်းမာရေးနဲ့သင့်တော်တဲ့ ပမာဏလောက်ပဲစားသုံးပေးသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement