backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Okra (ရုံးပတီသီး)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Okra (ရုံးပတီသီး)

Okra (ရုံးပတီသီး) က ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။

Okra (ရုံးပတီသီး) ဆိုတာ

ရုံးပတီသီး ဆိုတာက ပန်းပွင့်တဲ့အပင်မျိုးဖြစ်ပြီး ကမ္ဘာ့နေရာတော်တော်များများမှာပေါက်ရောက်ကြပါတယ်။ ရုံးပတီသီးပင်က ဘယအပင်မျိုးရင်းဝင်လဲဆိုတာကိုတော့ အခုချိန်ထိသေသေချာချာမသိရသေးပါဘူး။ ရုံးပတီသီးကိုကြော်စားတာ၊ ချဉ်ဟင်းချက်စားတာနဲ့ ပဲဟင်းတွေထဲထည့်တာ၊ပြုတ်ပြီး အတို့အမြှုပ်အဖြစ်စားသုံးတာ။ ကင်ပြီးဖြစ်ဖြစ် ဆီပူထိုးပြီးဖြစ်ဖြစ် အချဉ်ရည်နဲ့တို့စားတာမျိုးလုပ်စားလို့ရပါတယ်။ ရုံးပတီသီးမှာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်တဲ့ အာဟာရဓါတ်တွေများစွာပါဝင်နေပြီး ရုံးပတီသီးကိုစားသုံးပေးရင်ဘာအကျိုးကျေးဇူးတွေရရှိ နိုင်မလဲဆိုတာကို သိရှိနိုင်စေဖို့ တင်ပြပေးလိုက်ပါတယ်။

ရုံးပတီသီးကနေရရှိနိုင်တဲ့ အာဟာရဓါတ်တွေ

  • ရုံးပတီသီးမှာ ခန္ဓါကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်နေပြီး သဘာဝ ဝမ်းနုတ်ဆေးတစ်ခုလို့တောင် ဆိုရပါမယ်။ ဝမ်းချုပ်တာကို သက်သာစေနိုင်မှာဖြစ်ပါတယ်။ ရုံးပတီသီးမှာပါတဲ့ပျစ်ချွဲချွဲအစေးလေးတွေက အူမကြီးအတွင်း ချေဖျက်ပြီးအစာတွေကို ပို့ဆောင်ရာမှာချောဆီအနေနဲ့ လုပ်ဆောင်ပေးပြီး ဝမ်းသွားရတာကိုလွယ်ကူစေမှာဖြစ်ပါတယ်။ ရုံးပတီသီးမှာပါတဲ့ အမျှင်ဓါတ်က အူအတွင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေအတွက် အာဟာရဖြစ်စေပြီး အစာချေလမ်းကြောင်းရဲ့ရေဓါတ်ကို ထိန်းညှိပေးပါတယ်။
  • ရုံးပတီသီးမှာ အမြင်အာရုံနဲ့ အရေပြားကျန်းမာရေးအတွက် အထောက်အပံ့ပေးတဲ့ ဗီတာမင်အေ နဲ့ အခြားဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းကြွယ်ဝစွာပါဝင်ပါတယ်။
  • ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်အတွက်အထောက်အကူပြုတဲ့ ဗီတာမင် စီလည်းကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင် စီ ကြွယ်ဝမှုကရောင်ရမ်းမှုကိုလျော့ကျစေနိုင်သလို ပန်းနာရင်ကျပ်ဝေဒနာဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးပြီး ပန်းနာရင်ကျပ်ရှိသူတွေကိုလည်းရောဂါသက်သာစေနိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်ကာလအတွင်း လိုအပ်တဲ့ အာဟာရဓါတ်တွေကိုဖြည့်တင်းပေးပြီး ကလေးငယ်တွေကိုမွေးရာပါချို့ယွင်းချက်မပါအောင်ကာကွယ်ပေးနိုင်တဲ့Folates (folic acid) လည်းပါဝင်နေပါတယ်။Folates (folic acid) ကအဆုတ်တွေကို သန့်စင်စေဖို့လည်း အထောက်အကူပြုပါတယ်။
  • ရုံးပတီသီးမှာ သံဓါတ်၊ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ မဂ္ဂနိ အပါအဝင် ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်များစွာပါဝင်နေပါတယ်။
  • ရုံးပတီသီးမှာ အရိုးကျန်းမာရေးအတွက် အရေးပါသလိုသွေးတိတ်စေရာမှာ အရေးပါတဲ့ ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင်ကေ ကြွယ်ဝစွာပါဝင်နေပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးများ

Okra (ရုံးပတီသီး) စားပေးတာက

အဆာခံနိုင်စေခြင်း

ရုံးပတီသီးမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်များစွာပါဝင်နေပါတယ်။ပျော်ဝင်နိုင်တဲ့အမျှင်ဓါတ်တွေက ဗိုက်ပြည့်တယ်လို့ မြန်မြန်ဆန်ဆန် ခံစားရစေနိုင်ပြီး အဆာခံနိုင်စေတာကြောင့် ကယ်လိုရီစားသုံးမှုပမာဏကိုတိုင်းတာရာမှာ အထောက်အကူဖြစ်စေတဲ့အပြင် ကိုယ်အလေးချိန်ကျအောင်လုပ်ဆောင်နေသူတွေအတွက်လည်း သင့်တော်ပါတယ်။

ပင်ပန်းမှုဒဏ်ကနေ သက်သာစေနိုင်ခြင်း

ယနေ့ခေတ်မှာ ပင်ပန်းတယ်ဆိုတဲ့စကားရပ်က လူတိုင်းပါးစပ်ဖျားမှာ ကြားရများတဲ့ စကားတစ်ရပ်လိုတောင်ဖြစ်နေပါပြီ။ ရုံးပတီသီးစေ့လေးတွေက သင့်ကို ပင်ပန်မှုဒဏ်ကိုခံနိုင်ရည်ရှိစေမှာဖြစ်ပါတယ်။ ရုံးပတီသီးစေ့တွေမှာ အသည်းထဲက ဂလိုက်ကိုဂျင်စုဆောင်းထားမှုကို တိုးမြှင့်ပေးနိုင်တဲ့polyphenols နဲ့ ဖလေဗာနွိုက်တို့လိုမျိုး ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပါတယ်။ ဂလိုက်ကိုဂျင်က ခန္ဓါကိုယ်အတွက် စွမ်းအင်သိုလှောင်ပေးပြီးမောပန်းမှုဒဏ်ကိုခံနိုင်ရည်ရှိစေမှာဖြစ်ပါတယ်။ ရုံးပတီသီးက စိတ်ကျဝေဒနာခံစားနေရသူတွေအတွက်လည်းဆေးစွမ်းတစ်လက်ပါ။

အစာကြေချက်နိုင်စွမ်းကိုတိုးစေနိုင်ခြင်း

နေ့စဉ်စားသုံးတဲ့အစားအသောက်ထဲမှာ ရုံးပတီသီးကို ထည့်သွင်းစားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်အတွက် အမျှင်ဓါတ်တွေကို ပိုမိုစားသုံးမိစေမှာဖြစ်ပါတယ်။ ရုံးပတီသီးမှာပါတဲ့အမျှင်ဓါတ်က အစာချေလမ်းကြောင်းတလျှောက်မှာ အစာတွေပို့ဆောင်မှုကို ပိုမိုလွယ်ကူအောင်အထောက်အကူပေးပါတယ်။ အူမကြီးလှုပ်ရှားမှုကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးတာကြောင့်လေပွတာ၊ဗိုက်အောင့်တာ၊ဝမ်းချုပ်တာနဲ့ ဗိုက်ထဲမှာလေတွေများပြီး မအီမသာဖြစ်တာတွေကိုသက်သာစေပါတယ်။ ရုံးပတီသီးက ဝမ်းလျှောတာမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ရုံပတီသီးမှာပါတဲ့အမျှင်ဓါတ်က ခန္ဓါကိုယ်ထဲက ပိုလျှံနေတဲ့ ကိုလက်စထရောတွေကို ဖယ်ရှားပေးရာမှာလည်း အထောက်အကူပြုပါတယ်။ ခန္ဓါကိုယ်က သကြားဓါတ်စုပ်ယူမှုပမာဏကိုလည်း ထိန်းချုပ်ပေးပါတယ်။

အမြင်အာရုံတိုးတက်ကောင်းမွန်စေခြင်း

ရုံးပတီသီးမှာ ဗီတာမင်အေ (vitamin A) ကြွယ်ဝစွာပါဝင်သလို ဗီတာကယ်ရိုတီးနွိုက်၊xanthein နဲ့ lutein တို့လိုမျိုး ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေကြွယ်ဝစွာပါဝင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အင်အားပြည့်ဝတဲ့ဒြပ်ပေါင်းတွေဖြစ်ပြီးfree radicalတွေကြောင့်ဆဲလ်တွေထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ ရုံးပတီသီးကိုနေ့စဉ်စားသုံးပေးမယ်ဆိုရင် မျက်လုံးကြွက်သားတွေပျက်စီးတာနဲ့ အတွင်းတိမ်ဖြစ်တာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။

အရေပြားကိုကျန်းမာစေနိုင်ခြင်း

ဗီတာမင်အေ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရေပြားကျန်းမာအောင် ကာကွယ်ပေးသလို အနာကျက်မြန်စေတဲ့ အပြင် ဝက်ခြံတွေနဲ့အမာရွတ်ဖြစ်တာတွေကိုလည်းလျှော့ချပေးပါတယ်။ မျက်နှာပေါ်က အရေးအကြောင်းတွေကိုလည်းလျော့ပါးသက်သာစေပါတယ်။ ရုံးပတီသီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရေပြားဆဲလ်တွေကို ပျက်စီးစေတဲ့free radicalတွေကိုလျော့ပါးသက်သာစေပါတယ်။

ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်စေခြင်း

ရုံးပတီသီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကfree radicalတွေကို တိုက်ထုတ်ရာမှာတော်တော့်ကို အထောက်အကူပြုပါတယ်။ ရုံးပတီသီးမှာ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓါကိုယ်ရဲ့ ခုခံစွမ်းကိုတိုးတက်စေနိုင်ပါတယ်။ ဗီတာမင် စီက ကိုယ်ခံအားစနစ်ကိုသွေးဖြူဥဆဲလ်တွေကို ထုတ်လွှတ်ပေးဖို့ လှုံ့ဆော်ပေးပြီး ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်ပါတယ်။

သွေးပေါင်ချိန်ကိုကျဆင်းစေနိုင်ခြင်း

ရုံးပတီသီးမှာ လူ့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပိုတက်ဆီယမ် အပါအဝင် ခန္ဓါအတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ပိုတက်ဆီယမ်က ခန္ဓါကိုယ်တွင်းက ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးတာကြောင့်ကိုယ်တွင်း အရည်ဓါတ်ကို ဟန်ချက်ညီအောင်ထိန်းညှိပေးရာမှာ အရေးပါလှပါတယ်။ ပိုတက်ဆီယမ်ကသွေးလွှတ်ကြောတွေနဲ့ သွေးပြန်ကြောတွေကိုပြေလျော့စေနိုင်တာကြောင့်သွေးဖိအားကို ကျဆင်းစေနိုင်ပါတယ်။ နှလုံးသွေးကြောစနစ်ကို တင်းအားလျော့ကျစေနိုင်ပါတယ်။သွေးကြောတွေထဲမှာသွေးခဲပိတ်ဆို့နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

အသည်းရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း

အသည်းက ခန္ဓါကိုယ်တွင်းက အဆိပ်အတောက်ကိုပြေစေနိုင်တဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ ရုံးပတီသီးက အသည်းကိုရောဂါတွေ မဝင်အောင်ကာကွယ်ပေးနိုင်ပါတယ်။လေ့လာမှုတစ်ရပ်မှာ ရုံးပတီသီးက ဓါတုပစ္စည်းတွေကြောင့် အသည်းအဆိပ်သင့်တာတွေကိုလျော့ပါးသက်သာစေနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ရုံးပတီသီးကို ထည့်သွင်းစားသုံးပေးမယ်ဆိုရင် free radicalsတွေကြောင့် သည်းရောဂါဖြစ်ပေါ်ခ့စားရမှုကိုလျှော့ချပေးမှာဖြစ်ပါတယ်။ ရုံးပတီသီးကfree radicalsတွေကိုတိုက်ထုတ်ပေးပြီး အသည်းရဲ့ ဆဲလ်အမြှေးပါးတွေကိုလည်း ကျန်းမာအောင် ထိန်းညှိပေးပါတယ်။

အာရုံကြောထိခိုက်ပျက်စီးမှု ဖြစ်နိုင်ခြေတွေကို လျော့ပါးသက်သာစေနိုင်ခြင်း

ရုံးပတီသီးက အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေတွေကိုလျှော့ချပေးနိုင်ပါတယ်။ oxidative stressတွေကြောင့်ဖြစ်တဲ့ အာရုံကြောဆိုင်ရာရောဂါတွေမဖြစ်ပေါ်အောင်လည်းကာကွယ်ပေးပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ရုံးပတီသီးကို ထည့်သွင်းစားသုံးပေးမယ်ဆိုရင် အာရုံကြောဆိုင်ရာရောဂါတွေဖြစ်ပေါ်ခံစားရမှုကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ရင်သားကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ခြင်း

ရုံးပတီသီးမှာပါတဲ့lectin isolated ကရင်သားကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ လို့လေ့လာမှုတစ်ရပ်အရသိရပါတယ်။ ရင်သားကင်ဆာအကျိတ်ဆဲလ်တွေရဲ့ကြီးထွားမှုကို ၆၃ ရာခိုင်နှုန်းအထိလျော့ချပေးနိုင် ပါတယ်။

အမျိုးသမီး ၈ ဦးမှာ ၁ ဦးက ရင်သားကင်ဆာရောဂါကို ခံစားကြရပါတယ်။နေ့စဉ်စားသုံးမယ့် အစားအသောက်တွေထဲမှာ ရုံးပတီသီးကို ထည့်သွင်းစားသုံးပေးမယ်ဆိုရင် ရင်သားကင်ဆာ ခံစားရနိုင်ခြေကို သိသိသာသာလျော့ကျစေ နိုင်မှာဖြစ်ပါတယ်။

ပန်းနာရင်ကျပ်ရောဂါကို သက်သာစေနိုင်ခြင်း

ရုံးပတီသီးက ပန်းနာရင်ကျပ်ဝေဒနာသည်တွေအတွက်လည်း အကျိုးပြုပါတယ်။ ဘာကြောင့်လဲဆိုတာကို တိတိကျကျ မသိရသေးပေမယ့် ရုံးပတီသီးမှာ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်မှုက အသက်ရှုလမ်းကြောင်းအတွက် အထောက်အကူပြုတာဖြစ်တယ်၊လို့သိရပါတယ်။

သတိပြုရမယ့်အချက်များ

ရုံးပတီသီးစားမယ်ဆိုရင် သတိထားရမယ့်အချက်တစ်ချက်က ရုံးပတီးသီးမှာ oxalate ပမာဏများစွာပါဝင်တယ်ဆိုတာပဲဖြစ်ပါတယ်။ oxalate က သည်းခြေကျောက်တည်တာနဲ့ကျောက်ကပ်ကျောက်တည်တဲ့ဝေဒနာခံစားနေရသူတွေမှာကျော်တွေကို ကြီးလာစေပြီးရောဂါအခြေအနေကိုတိုးစေနိုင်ပါတယ်။ ရုံးပတီသီးကို ကြော်စားတာက ကိုလက်စထရော ပမာဏကိုတိုးစေနိုင်တာကြောင့် ခန္ဓါကိုယ်ရဲ့ ကိုလက်စထရောပမာဏကို ထိန်းညှိချင်တယ်ဆိုရင် ရုံးပတီသီးကို မကြော်စားမိဖို့တော့ သတိထားရမှာ ဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement