backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ပဲနံ့သာစေ့ (Fenugreek Seed)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ပဲနံ့သာစေ့ (Fenugreek Seed)

ပဲနံ့သာပင်က ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကာလတွေကတည်းက ပဲနံ့သာပင်ရဲ့ အရွက်တွေ နဲ့ အစေ့ကို အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ အိန္ဒိယ ဟင်းလျာတွေထဲမှာ ပဲနံ့သာစေ့ကို ထည့်သွင်းချက်ပြုတ်လေ့ရှိ ကြပါတယ်။ ကျန်းမာရေး ကောင်းမွန်စေဖို့အတွက် ပဲနံ့သာစေ့ကို ဟင်းခတ်အမွှေးအကြိုင်တစ်ခုအနေနဲ့ ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်လေ့ရှိသလို ဆံပင်သန်ဆေးအဖြစ်နဲ့လည်း သုံးစွဲခဲ့ကြပါတယ်။

ဒါပေမယ့် မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ရပ်မှာ ပဲနံ့သာစေ့က ကျန်းမာရေး ကောင်းစေရုံ၊ ဆံပင်တွေ သန်စွမ်းစေရုံသာမက အခြားကျန်းမာရေးအကျိုးကျးဇူးတွေပါ ရှိနေတယ် လို့ သိရပါတယ်။

ပဲနံ့သာစေ့ကို ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်ပေးခြင်းဖြင့် ဆီးချိုကို ထိန်းချုပ်ပေးနိုင်မှာဖြစ်သလို ကလေးလိုချင်နေတဲ့ အိမ်ထောင်ရှင်တွေအတွက်လည်း သားသမီးရရှိစေနိုင်မှာဖြစ်တဲ့အပြင် အရေပြားအတွက်လည်း ကောင်းကျိုးတွေ ပေးစွမ်းနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

ပဲနံ့သာစေ့ (Fenugreek Seed)

ပဲနံ့သာပင် ဆိုတာက စိမ့်ဖျော့ဖျော့အရွက်ကလေးတွေရှိပြီး အဖြူရောင်ပန်းပွင့်ငယ်လေးတွေပွင့်တဲ့ တစ်နှစ်ခံပင် တစ်မျိုးပါ။ အပင်က ၂ပေကနေ ၃ပေ အထိမြင့်နိုင်ပြီး အစေ့အိမ်လေးတွေထဲမှာ ဝါညိုရောင်ရှိပြီး ခပ်ပြားပြားသေးသေး သဏ္ဍာန်ရှိတဲ့ ပဲစေ့ငယ်လေးတွေ ၁၀ စေ့ကနေ ၁၅ စေ့အထိ ပါဝင်ပါတယ်။ အရသာကတော့ အနည်းငယ် ဖန်တဲ့ဘက်ကို သွားပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေထဲမှာ ထည့်သွင်းအသုံးပြုလေ့ ရှိကြပါတယ်။

ပဲနံ့သာစေ့ကို စားလို့ရသလို အနှစ်ဖျော်ပြီး အရေပြားမှာ လူးပေးမယ်ဆိုရင် ရောင်ရမ်းတာကို သက်သာစေနိုင်တဲ့ အစွမ်းအာနိသင် ရှိပါတယ်။ ဆပ်ပြာတွေနဲ့ အလှကုန်တွေ ထုတ်လုပ်ရာမှာ အသုံးပြုကြပါတယ်။ ပဲနံ့သာစေ့ အဆီမှာ ဘက်တီးရီးယားတွေကို သေစေနိုင်စွမ်းရှိသလို ဆီးချိုကိုလည်း သက်သာစေနိုင်တဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အစားအသောက်တွေ ချက်ပြုတ်ပြင်ဆင်ရာမှာလည်း အသုံးပြုလို့ ရပါတယ်။

ပဲနံ့သာစေ့ရဲ့ အာဟာရတန်ဖိုး

ပဲနံ့သာစေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာမှာ –

  • ကယ်လ်လိုရီ ၃၅.၅ ဂရမ်
  • ကာဗိုဟိုက်ဒရိတ် ၆.၄ ဂရမ်
  • ပရိုတင်း ၂.၅ ဂရမ်
  • အဆီ ဝ.၇ ဂရမ်
  • အမျှင် ၂.၇ ဂရမ်
  • သံဓာတ် ၃.၇ မီလီဂရမ်
  • မဂ္ဂနိ ဝ.၁ မီလီဂရမ်
  • copper ဝ.၁ မီလီဂရမ်
  • မဂ္ဂနီဆီယမ် ၂၁ မီလီဂရမ်
  • ဖော့စဖရိတ် ၃၂.၆ မီလီဂရမ်
  • Vitamin B6 ဝ.၁ မီလီဂရမ် တို့ပါဝင်နေပါတယ်။
  • ကျန်းမာရေးအကျိုးကျေးဇူးများ

    ပဲနံ့သာစေ့ကနေ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့

    ပဲနံ့သာစေ့က အရေပြားအပေါ်ဘယ်လိုအကျိုးပြုသလဲ

    ပဲနံ့သာစေ့မှာ အိုမင်းတာကြောင့် အရေပြားပေါ်မှာဖြစ်ပေါ်လာတဲ့ အရေးအကြောင်းတွေကို ဖယ်ရှားပေးတာအပါအဝင် အရေပြားအတွက် အကျိုးကျေးဇူးများစွာပေးပါတယ်။ ဝက်ခြံတွေကိုလည်း သက်သာပျောက်ကင်းစေနိုင်တဲ့အပြင် ပဲနံ့သာစေ့အမှုန့်ကို ရေနဲ့ဖျော်ပြီး လူးပေးမယ်ဆိုရင် အရေပြားကို အစိုဓါတ်ထိန်းပေးပြီးခြောက်သွေ့မှုကင်းဝေးစေမှာဖြစ်ပါတယ်။

    ဆံသားကို ဘယ်လိုကျန်းမာအောင်လုပ်ဆောင်ပေးသလဲ

    ပဲနံ့သာစေ့ကို အ်ုးဆီထဲမှာစိမ်ပြီးလူးပေးမယ်ဆိုရင် ဆံပင်ကို အမြစ်ကနေ အဖျားအထိကျန်းမာသန်စွမ်းစေနိုင်တဲ့ အပြင် ဆံသားမွှေးညှင်းပေါက်လေးတွေအထိ အားဖြည့်ပေးနိုင်ပါတယ်။ ဆံပင်ကိုတောက်ပစေပြီးချောမွေ့စေမှာဖြစ် ပါတယ်။ ပဲနံ့သာစေ့ကိုသုံးပြီး ဆံပင်ကိုပေါင်းတင်ပေးလို့ရပါတယ်။ ပဲနံ့သာစေ့ကို တစ်ညစိမ်ထားတဲ့အရည်နဲ့ခေါင်းကိုဆေးပေးမယ်ဆိုရင် ဦးရေပြားခြောက်သွေ့မှုကို ကင်းဝေးစေပြီးဗောက်တွေကို သက်သာစေမှာဖြစ်ပါတယ်။ ပဲနံ့သာစေ့က ဆံပင်ရဲ့ရောင်ခြယ်တွေကို ထိန်းသိမ်းပေးနိုင်တာကြောင့် ပဲနံ့သာစေ့ကိုရေရှည်စွဲသုံးမယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ဆံပင်ဖြူတာကိုလျော့ပါးသက်သာစေမှာဖြစ်ပါတယ်။

    အခြားကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေလဲ

    ပံနံ့သာစေ့ရဲ့ အခြား ကျန်းမာရေး အကျိုးကျေးဇူးတွေက

    • အစာခြေစနစ်ကိုတိုးတက်ကောင်းမွန်စေပြီး ကိုလက်စထရော ကျဆင်းစေနိုင်ခြင်း

    ပဲနံ့သာစေ့က ဗိုက်ထဲမှာ မအီမသာဖြစ်တာ။ ဝမ်းချုပ်တာနဲ့ အစာအိမ်ရောင်တာတွေလိုမျိုး အစာချေစနစ်ဆိုင်ရာပြဿနာတွေကို သက်သာအောင်စေနိုင်စွမ်းရှိပါတယ်။ ပဲနံ့သာစေ့မှာပါတဲ့ပျော်ဝင်လွယ်တဲ့ အမျှင်ဓါတ်က ဝမ်းမချုပ်အောင်ကာကွယ်ပေးပါတယ်။ အစာချေစနစ်ကို အစာချေဖျက်ရာမှာ လွယ်ကူချောမွေ့အောင် အထောက်အကူပြုပေးတဲ့အပြင်ရောင်ရမ်းမှုကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

    ပဲနံ့သာစေ့က နှလုံးကိုကျန်းမာစေတဲ့အပြင်သွေးကြောတွေ မမာအောင်ကာကွယ်ပေးပြီး ကိုလက်စထရောနဲ့triglyceridesတွေအပါအဝင် ကိုယ်တွင်းကအဆီတွေကြောင့်သွေးပေါင်ချိန်တက်တာမျိုးမဖြစ်အောင်လည်း လုပ်ဆောင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ပဲနံ့သာစေ့ ၂.၅ ဂရမ် ကိုတစ်နေ့ ၂ ကြိမ်နဲ့ ၃ လကြာစားသုံးမှုက ဆီးချိုသမားတွေမှာသွေးချိုပမာဏကို ကျဆင်းစေသလို ကိုလက်စထရောပမာဏလည်းကျဆင်းသွားတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့ HDL ကိုလက်စထရောတွေကို မကျဆင်းစေတာကိုတွေ့ရှိခဲ့ရပါတယ်။

    • ကိုယ်တွင်းက ရောင်ရမ်းမှုတွေကိုလျော့ပါးသက်သာစေခြင်း

    ပဲနံ့သာစေ့က ခန္ဓါကိုယ်တွင်းမှာဖြစ်တတ်တဲ့ ရောင်ရမ်းမှုတွေဖြစ်ကြတဲ့ ပါးစပ်အနာ၊ချောင်းဆိုးရင်ကျပ်နာ၊ အရေပြားအောက်ဘက်က တစ်ရှုးတွေကို ကူးစက်ရောဂါပိုးတွေဝင်ရောက်တာ၊တီဘီရောဂါ၊ကျောက်ကပ်ရောင်တာတွေကိုလျော့ပါးသက်သာစေနိုင်စွမ်းရှိပါတယ်။

    ပဲနံ့သာစေ့က အစာအိမ်နံရံတွေက စားလိုက်တဲ့အစားအသောက်တွေမှာပါတဲ့ သကြားဓါတ်ကို စုပ်ယူမှုကိုနှောင့်နှေးစေနိုင်စွမ်းရှိပြီး အင်ဆူလင်ကိုလှုံ့ဆော်ပေးပါတယ်။ ခန္ဓါကိုယ်အတွင်းပိုင်းကရောင်ရမ်းမှုတွေကိုလျော့ပါးသက်သာစေပါတယ်။ ပဲနံ့သာစေ့မှာရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပြီး ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် (arthritis) အဆစ်ရောင်ရောဂါဝေဒနာသည်တွေအတွက် သဘာဝဆေးတစ်လက်ပါ။

    • အမျိုးသားတွေမှာ ကာမအားတိုးစေနိုင်ခြင်း

    ပဲနံ့သာစေ့ကို အမျိုးသားရောဂါအမျိုးမျိုးအတွက် သဘာဝဆေးတစ်လက်အနေနဲ့အသုံးပြုလို့ရပါတယ်။ ပဲနံ့သာစေ့က လိင်စိတ်ဆန္ဒကို နှိုးဆွပေးပြီးtestosterone ပမာဏကိုလည်း တိုးစေပါတယ်။ စွမ်းဆောင်ရည်ကိုတိုးစေနိုင်ပြီး ပန်းသေတဲ့ရောဂါခံစားနေရသူတွေအတွက် အထူးသင့်တော်ပါတယ်။

    • နို့ရည်ရွှင်စေနိုင်ခြင်း

    နို့ထွက်နည်းတဲ့ နို့တိုက်မိခင်တွေအနေနဲ့လည်း ပဲနံ့သာစေ့ကို စားသုံးပေးမယ်ဆိုရင် နို့ရည်တိုးစေမှာဖြစ်ပါတယ်။ နို့ရည်တိုးစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် နို့တိုက်မိခင်တွေမှာ နို့ရည်တိုးအောင်လုပ်ဆောင်ပေးနိုင်တာဖြစ်ပါတယ်။ နို့ရည်ထုတ်တဲ့ပြွန်တွေကို လှုံ့ဆော်ပေးတာကြောင့် ပဲနံ့သာစေ့ကိုစားသုံးပြီး ၂၄ နာရီအတွင်းမှာတင် နို့ရည်လှိုင်လှိုင်ထွက်လာစေမှာဖြစ်ပါတယ်။ နို့တိုက်မိခင်တွေနဲ့ သင့်တော်လားဆိုတာကို ဆုံးဖြတ်နိုင်ဖို့အတွက် နောက်ထပ်လေ့လာမှုတွေလုပ်ဆောင်ဖို့လိုအပ်သေးတာကြောင့်မစားသုံးခင်မှာဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

    • ရောင်ရမ်းမှုကို ကျဆင်းစေနိုင်ခြင်း

    ပဲနံ့သာစေ့က ကိုယ်တွင်းကရောင်ရမ်းမငတွေကိုလျော့ပါးသက်သာစေနိုင်တဲ့အပြင် ခန္ဓါကိုယ်အပြင်ပိုင်းကရောင်ရမ်းမှုတွေအတွက်လည်း အသုံးပြုလို့ရပါတယ်။ရောင်ရမ်းမှုဗတွလျော့ပါးသက်သာစေဖိုပ ပဲနံ့သာစေ့ကို အဝတ်စသန့်သန့်တစ်ခုထဲထည့်ထုတ်၊ အပူပေးပြီးရောင်နေတဲ့နေရာတွေမှာ ကပ်ပေးလို့ရပါတယ်။ ကြွက်သားတွေရောင်ရမ်း နာကျင်တာ၊ဂေါက်ရောဂါအခံရှိတာကြောင့် နာကျင်တာ၊ခြေထောက်မှာအနာတွေဖြစ်တာကြောင့်ရောင်ရမ်း နာကျင်တာ၊တင်ပါးဆုံအာရုံကြော ကိုက်ခဲနာကျင်တာ၊နှင်းခူနာတွေကို သက်သာစေဖို့ ပဲနံ့သာစေ့တွေကို အသုံးပြုပေးလို့ရပါတယ်။

    • Eating Disorder ကိုသက်သာစေနိုင်ခြင်း

    ပဲနံ့သာစေ့က ဟင်းလျာတွေကို အရသာတိုးစေတဲ့အပြင် အစားစာချင်စိတ်ကိုလည်း တိုးစေပါတယ်။ အာဟာရဓါတ် ကြွယ်ဝစွာ ပါဝင်နေပြီး စားသောက်မှုပုံစံ မူမမှန်တဲ့ဝေဒနာကိုလည်း သက်သာအောင် အထောက်အကူပြုပါတယ်။ အစားစားချင်စိတ် မရှိတာမျိုးတွေကိုလည်း သက်သာစေနိုင်စွမ်း ရှိပါတယ်။ ပဲနံ့သာစေ့အဆီအနှစ်က အစားစားချင်စိတ် ဖြစ်အောင်လှုံ့ဆော်ပေးပြီး ခံတွင်းလိုက်အောင်လည်း လုပ်ဆောင်ပေးနိုင်စွမ်းရှိတယ်၊ လို့ လေ့လာမှုတွေအရ သိရပါတယ်။ ကလေးငယ်တွေအတွက်တော့ သိပ်မသင့်တော်တာကြောင့် ကလေးငယ်လေးတွေကို မကျွေးခင်မှာ တတ်ကျွမ်းနားလည်သူတွေထံကနေ အကြံပြုချက် ရယူသင့်ပါတယ်။

    သတိပြုရမယ့်အချက်များ

    -ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ပဲနံ့သာစေ့ကို အလွန်အကျွံစားသုံးမိမယ်ဆိုရင် လမစေ့ဘဲ ကလေးမွေးဖွားတာမျိုးဖြစ်နိုင်တာကြောင့်ရှောင်ကြဉ်သင့်ပါတယ်။

    -နို့တိုက်မိခင်တွေအနေနဲ့ကတော့ အတန်အသင့်စားသုံးပေးလို့ရပါတယ်။

    -ကလေးငယ်တွေအနေနဲ့ ပဲနံ့သာစေ့စားသုံးတဲ့အခါ သတိလစ်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကလေးငယ်တွေအနေနဲ့ ပဲနံ့သာစေ့ ရေနွေကြမ်းကိုသောက်သုံးမိမယ်ဆိုရင်maple syrup urine Diseae လို့ခေါ်တဲ့ ဆီးထဲမှာmaple syrup အနံ့ပါနေတဲ့ရောဂါခံစားနေရသလိုမျိုး ကလေးတွေရဲ့ ခန္ဓါကိုယ်က အလားတူအနံ့တစ်မျိုးထွက်တဲ့ အခြေအနေဖြစ်ပေါ်နိုင်ပါတယ်။

    ဘယ်သူတွေ မစားသင့်ဘူးလဲ

    -Fabaceae မျိုးရင်းပင်တွေနဲ့ ဓါတ်မတည့်သူတွေအနေနဲ့တော့ ပဲနံ့သာစေ့ကို မစားသုံးသင့်ပါဘူး။

    -ပဲနံ့သာစေ့ကသွေးတွင်းသကြားဓါတ်အပေါ်မှာ သက်ရောက်မှုရှိတာကြောင့် ဆီးချိုဆေးသောက်သုံးနေရသူတွေအနေနဲ့ ပဲနံ့သာစေ့ကို အလွန်အကျွံမစားသုံးသင့်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement