backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Asparagus (ကညွတ်) ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 07/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Asparagus (ကညွတ်) ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

Asparagus (ကညွတ်) ဟာ အာဟာရဓာတ်တွေပြည့်ဝနေတဲ့ အစားအစာဖြစ်လို့ မကြာခဏ စားသောက်သင့်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် အဆီပါဝင်မှုက မရှိသလောက်ရှိပြီး ကယ်လိုရီလည်း အရမ်းနည်းပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးတွေက များလွန်းတဲ့အတွက် စားသုံးသင့်တဲ့ အသီးအရွက်တွေထဲမှာပါဝင်ပါတယ်။

Asparagus (ကညွတ်) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

Asparagus (ကညွတ်) ကို စားပေးမယ်ဆိုရင်

  • အရိုးသန်မာစေခြင်း
  • ဗီတာမင်ကေ ရဲ့ အဓိကလုပ်ဆောင်ချက်က အရိုးသိပ်သည်းမှု ပိုကောင်းစေတာပဲဖြစ်ပါတယ်။ ကညွတ်တစ်ပန်းကန်စာမှာ တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင်ကေပမာဏရဲ့  ၇၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ကယ်လ်စီယမ်စုပ်ယူမှုကို ပိုအားကောင်းစေပြီး အရိုးပွရောဂါနဲ့ အရိုးကျိုးအက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

    • ရောင်ရမ်းမှုကို လျော့ကျစေခြင်း

    ကညွတ်က အမျိုးအစား၂ ဆီးချိုရောဂါ၊ ကင်ဆာရောဂါနဲ့ နှလုံးရောဂါတို့ကို ကာကွယ်နိုင်၊ ကုသနိုင်ပြီး ၎င်းမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း glutathione က အိုမင်းရင့်ရော်မှုကိုနှေးကွေးစေပါတယ်။ ခရမ်းလွန်ရောင်ခြည် သို့မဟုတ် ပြင်ပလေထုညစ်ညမ်းပစ္စည်းတွေကြောင့် အရေပြားရောင်ရမ်းမှုတွေကိုလည်း ကာကွယ်ပေးပါတယ်။

    အစိမ်းရောင်နဲ့ အရောင်ရင့် နှစ်မျိုးရှိတဲ့အထဲမှာ အရောင်ရင့်ရင့်ကညွတ်မှာ အန်သိုဆိုင်ယာနင်ဓာတ်တွေအပြည့်အဝပါဝင်တာကြောင့် အရေပြားထဲက အဆိပ်အတောက်ဓာတ်တွေကိုလျော့ပါးစေပြီး နေလောင်ဒဏ်ကို ကာကွယ်ပေးပါတယ်။

    • ဆီးရွှင်စေခြင်း

    သဘာဝဆီးရွှင်ဆေးဖြစ်နေတဲ့ ကညွတ်က ခန္ဓာကိုယ်ထဲက ရေတွေကို ထုတ်ပယ်ပေးပြီး မလိုလားအပ်တဲ့ အငန်ဓာတ်နဲ့ အရည်ဓာတ်ပါဝင်မှုကို လျော့နည်းစေပါတယ်။ သွေးတိုးရောဂါ ဒါမှမဟုတ် ဖောရောင်ခြင်း ခံစားနေရတဲ့သူတွေအတွက် အကျိုးပြုပေးနိုင်တဲ့ ဓာတ်စာဖြစ်ပါတယ်။ ဒါ့အပြင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို သက်သာပျောက်ကင်းစေနိုင်တဲ့ အာနိသင်လည်းရှိတယ်လို့ သိရပါတယ်။

    • အစာချေလမ်းကြောင်းအတွက် အကျိုးပြုခြင်း

    ကညွတ်မှာ အစာချေစနစ်အတွက် အရေးပါတဲ့ အမျှင်ဓာတ်တွေ အများအပြားပါရှိပါတယ်။ အစာအာဟာရကရရှိတဲ့ အမျှင်ဓာတ်တွေဟာ အူထဲမှာရှိတဲ့ အကျိအမြှေးကပ်ငြိမှုတွေနဲ့ တခြားအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အူလမ်းကြောင်းကို ကောင်းမွန်စေလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အူမကြီးကင်ဆာကိုလည်း ကာကွယ်ပေးပါတယ်။

    • ကိုယ်ဝန်အတွက် ကောင်းကျိုးပြုခြင်း

    မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ အထောက်အကူဖြစ်စေဖို့ ကညွတ်ကို စားပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ဓာတ်ဖြစ်တဲ့ folateပါဝင်မှု မြင့်မားတာကြောင့်လည်း မိခင်လောင်းတွေ စားသုံးသင့်ပါတယ်။

    ဖောလစ်အက်စစ်ဓာတ်ကြောင့် ကိုယ်ဝန်ပျက်ကျမှုနဲ့ မွေးရာပါချို့ယွင်းချက်ဖြစ်နိုင်ခြေလျော့နည်းစေပြီး ပေါင်မပြည့်ခြင်း၊ လမစေ့ဘဲမွေးဖွားခြင်းတို့လည်း ကာကွယ်ပေးပါတယ်။

    • ကင်ဆာဆဲလ်တိုက်ဖျက်ခြင်း

    ကညွတ်မှာပါတဲ့glutathione က ခန္ဓာကိုယ်ထဲက ကင်ဆာဖြစ်စေတဲ့ဆဲလ်တွေကို တိုက်ဖျက်ပေးပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ပြန်လည်ဖြစ်ပေါ်စေပါတယ်။ အရိုး၊ ရင်သား၊အဆုတ်၊ ပန်ကရိယ၊ သားအိမ်ခေါင်းနဲ့ အူမကြီးကင်ဆာတွေအတွက် ကာကွယ်ရာမှာ ထိရောက်မှုရှိပါတယ်။

    • ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပေးခြင်း

    ကယ်လိုရီနည်းတဲ့ ကညွတ်ကိုစားသုံးခြင်းဖြင့် အစာစားချင်စိတ်များနေတာကို တားဆီးနိုင်တာကြောင့် ဆိုးကျိုးပေးမယ့် သရေစာတွေကို မစားဖြစ်တော့လောက်ပါဘူး။ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်တွေ ပေါများတာကြောင့် အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်စေတာဖြစ်ပါတယ်။ ဗီတာမင်B complex ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

    • နှလုံးကျန်းမာရေး

    ကညွှတ်မှာပါဝင်တဲ့ ဗီတာမင် ဘီက ခန္ဓာကိုယ်ထဲက homocysteine ပမာဏကို လျော့နည်းစေပြီး ကိုလက်စထရောကို ကျဆင်းစေပါတယ်။

    • သွေးတွင်းသကြားဓာတ်ထိန်းညှိခြင်း

    အမျိုးအစား ၂ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပြီး ကယ်လ်စီယမ်ကြောင့် အင်ဆူလင်စွန့်ထုတ်မှုကို ထိန်းညှိတဲ့ ပန်ကရိယဆဲလ်တွေအပေါ်  တိုက်ရိုက်အာနိသင်ရှိပါတယ်။

    • အရေပြားကျန်းမာရေး

    Niacin လို့ခေါ်တဲ့ဒြပ်ပေါင်းက ဝက်ခြံပျောက်ကင်းစေပြီး အရေပြားရောင်ရမ်းမှုကိုလျော့ပါးစေပါတယ်။

    ဓာတ်တိုးဆန့်ကျင်ပစ္စည်း glutathione က free radicalsတွေကို ခုခံတိုက်ခိုက်ပြီး အရေပြားနေလောင်မှုကို ကာကွယ်ပေးတဲ့အပြင် အနာကျက်မြန်စေပါတယ်။ ကော့ပါးနဲ့ ဗီတာမင်B12ကြောင့်လည်း အရွယ်မတိုင်မီ ဆံပင်ဖြူခြင်း၊ ဆံပင်ပါးခြင်းကို ကာကွယ်ပေးပါတယ်။

    • ရာသီသွေးမှန်စေခြင်း

    အမျိုးသမီးတွေ ရာသီလာချိန်မှာဖြစ်တဲ့ ဝေဒနာတွေ၊ ကိုက်ခဲတာတွေ၊ သွေးဆင်းများတာတွေကို သက်သာစေပါတယ်။

    • မျိုးအောင်စေခြင်း

    ဗီတာမင် အီးက အမျိုးသမီးနဲ့ အမျိုးသား အားလုံးမှာ လိင်ဟော်မုန်းနဲ့ ဆဲလ်တွေရဲ့ အရည်အသွေးကို တိုးတက်စေပါတယ်။ သုက်ပိုးတွေကို ကျန်းမာစေပြီး သားအိမ်အမြှေးတွေကို ထူထဲစေပါတယ်။

    ဗီတာမင် စီက သုက်ပိုးဆဲလ်တွေကို အားဖြည့်ပေးပြီး သုက်ပိုးအရေအတွက်ကိုတိုးစေပါတယ်။ Folateကြောင့် ဆဲလ်တွေကို သန္ဓေအောင်ဖို့လိုအပ်တဲ့ မှန်ကန်တဲ့ ခရိုမိုဆုန်းတည်ဆောက်ပုံကို ရရှိစေပါတယ်။

    • အဆစ်အမြစ်နာ

    အဆစ်အမြစ်နာရောဂါ၊ အထူးသဖြင့် လေးဖက်နာရောဂါကို ကညွတ်က ကာကွယ်ပေးပါတယ်။ Niacin က အရိုးအဆစ်ရောင်ရမ်းမှုကို လျော့ကျစေပြီး ကော့ပါးက တွယ်ဆက်တစ်ရှူးတွေကို ပြန်လည်ကောင်းမွန်စေတာကြောင့် နာကျင်မှုတွေ၊ တောင့်တင်းမှုတွေကို သက်သာစေနိုင်ပါတယ်။

    • သွေးတိုးကျစေခြင်း

    သွေးဖိအားနဲ့ ပတ်သက်တဲ့ အာနိသင်တွေရှိတဲ့ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် သွေးတိုးကို ထိန်းနိုင်ပြီး ကယ်လ်ဆီယမ်နဲ့ Rutinကြောင့်လည်း ပိုအကျိုးရှိစေတာဖြစ်ပါတယ်။

    • တီဘီရောဂါကိုကုသနိုင်

    လေပြွန်ရောင်ရောဂါနဲ့ တီဘီရောဂါတို့ကို ကုသရာမှာ ကညွတ်ရဲ့အမြစ်က ထိရောက်တဲ့အာနိသင်ရှိတယ်လို့ သိကြပါတယ်။ ကညွတ်အမြစ်က အဆုတ်ထဲက တစ်ရှူးတွေရဲ့ လုပ်ဆောင်ချက်ကိုကောင်းမွန်စေပြီး လည်ချောင်းပိုးဝင်ခြင်းတွေကို သက်သာစေပါတယ်။

    • သွေးကြောကျန်းမာရေးကို ကောင်းမွန်စေခြင်း

    ဗီတာမင် B6ကြောင့် homocysteineကို ထိန်းပေးနိုင်ပါတယ်။ Homocysteine ပမာဏမြင့်မားရင် သွေးကြောဆိုင်ရာရောဂါတွေ ဖြစ်စေနိုင်ပြီး သွေးကြောထဲက အဆီတွေစုပုံကာသွေးလည်ပတ်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

    • ကိုယ်ခံအားကို ကောင်းစေခြင်း

    ရောဂါတွေကို တိုက်ထုတ်နိုင်ပြီး ခန္ဓာကိုယ်ကို ထိခိုက်စေမယ့်ဘေးက ကာကွယ်ပေးနိုင်ဖို့ ကိုယ်ခံအား ကောင်းဖို့ လိုပါတယ်။ ဗီတာမင်စီကြောင့် ကိုယ်ခံအားကို ကောင်းစေပြီး အအေးမိခြင်းနဲ့ ဗိုင်းရပ်စ်တွေ ကူးစက်မခံရအောင် ကာကွယ်ပေးပါတယ်။

    Thiamine ဓာတ်က အစာချေလမ်းကြောင်းနံရံကြွက်သားတွေကို အထောက်အကူပေးပြီး အာဟာရဓာတ်စုပ်ယူမှုအတွက် လိုအပ်တဲ့ဟိုက်ဒရိုကလိုရစ်အက်စစ်ကိုထုတ်ပေးနိုင်ပါတယ်။

    သတိပြုရန်

    ကျန်းမာရေးအကျိုးကျေးဇူးများတယ်ဆိုပေမယ့် ကညွတ်ကို စားတာများလွန်းရင်လည်း ဘေးဖြစ်နိုင်တဲ့အတွက် တန်ဆေးလွန်ဘေး ဆိုတာကို သတိချပ်သင့်ပါတယ်။ တချို့လူတွေမှာဆို ဓာတ်မတည့်မှုကြောင့် နည်းနည်းလောက်စားရုံနဲ့ ဒုက္ခရောက်တတ်ပါတယ်။

    ဓာတ်မတည့်မှုလက္ခဏာပျော့ရင်တော့ အရေပြားနဲ့ မျက်စိမှာ ယားယံနီရဲစေနိုင်ပြီး ဗိုက်အောင့်ဗိုက်နာဖြစ်တတ်ပါတယ်။ ပြင်းထန်လာရင်တော့ နှာပိတ်ခြင်း၊ ဖောရောင်ခြင်း၊ ချွဲကြပ်ခြင်း၊ ပန်းနာရင်ကြပ်၊ ဝမ်းလျှောခြင်း၊ ခေါင်းမူးခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

    တချို့မှာလည်း ဆီးအနံ့ပြင်းလွန်းတာတွေ ရှိတတ်ပါတယ်။

    ကညွတ်က ဆီးရွှင်စေပြီး ခန္ဓာကိုယ်ထဲမှာ လီသီယမ်ဓာတ်တွေများစေနိုင်တာကြောင့် အများကြီးစားရင် လီသီယမ်များခြင်းရဲ့ ဆိုးကျိုးတွေ ရှိလာစေနိုင်ပါတယ်။ စားသုံးမှုလွန်ကဲရင် သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကိုထိခိုက်စေပြီး မိခင်နို့ကိုပါ အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေအနေနဲ့ အာဟာရအဖြစ်သာစားသင့်ပြီး ဆေးဝါးအဖြစ်အများကြီးမစားသင့်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 07/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement