backup og meta

ကရဝေးရွက် (Bay leaf)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကရဝေးရွက် (Bay leaf)

    ကရဝေးရွက် ဆိုတာ

    ကရဝေးရွက် ဆိုတာက အမြဲစိမ်းအပင်တစ်မျိုးကနေရရှိတဲ့ အနံ့မွှေးကြိုင်တဲ့ မြေထဲပင်လယ်ဒေသမျိုးရင်းပင် တစ်မျိုးဖြစ်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးများသလို အမွှေးနံ့သာအဖြစ်နဲ့ ထည့်သွင်းအသုံးပြုတာမျိုးလည်း ရှိပါတယ်။

    ကရဝေးရွက်ရဲ့ အရသာက အနံ့စူးရှပြီး ခါးသက်သက် အရသာ ရှိပါတယ်။ ကရဝေးရွက်ရဲ့ အနံ့နဲ့အရသာက သစ်ကြံပိုးခေါက်ရဲ့ အနံ့အရသာနဲ့ခပ်ဆင်ဆင်တူပေမယ့် ကရဝေးရွက်ရဲ့ အနံ့အရသာက သစ်ကြံပိုးခေါက်လောက်တော့ မပြင်းပါဘူး။ ကရဝေးရွက်ကို အစိမ်းဖြစ်ဖြစ်၊ အခြောက်ခံပြီးဖြစ်ဖြစ် အမှုန့်အနေနဲ့ပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။ ကရဝေးရွက်ရဲ့ အဆီက ဆေးဖက်ဝင်ပြီး အသေးစားဖျားနာမှုတွေကို ကုသဖို့အတွက် အသုံးပြုနိုင်ပါတယ်။

    ကရဝေးရွက်က ခါးသက်သက်အရသာရှိတာကြောင့် ဟင်းပွဲတွေထဲမှာပဲ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ ထည့်သွင်းစားသုံးပါတယ်။ ကရဝေးရွက်ကို ဟင်းပွဲတွေထဲမှာထည့်သွင်းစားသုံးနိုင်တဲ့အပြင် ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို သေစေနိုင်တဲ့ အစွမ်းအာနိသင်၊ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့ အစွမ်းအာနိသင်၊ ဆီးရွှင်စေနိုင်တာနဲ့ သွေးတိတ်စေနိုင်တဲ့ အစွမ်းသတ္တိတွေကြောင့်လည်း လူသိများပါတယ်။

    ကရဝေးရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

    ကရဝေးရွက်မှာ အပင်ကနေရရှိတဲ့ ဓာတ်ပေါင်းတွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွ ာပါဝင်တာကြောင့် ကိုယ်ခန္ဓာအတွက် အကျိုးပြုပါတယ်။ ကရဝေးရွက်ကနေရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေနဲ့ သတိပြုစရာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

    ၁. ဆီးချိုကို သက်သာစေခြင်း

    ကရဝေးရွက်က အမျိုးအစား – ၂ ဆီးချိုရောဂါကို ကုသရာမှာထိရောက်တဲ့အစွမ်းရှိပါတယ်။ ကရဝေးရွက်က သွေးတွင်းသကြားဓါတ်၊ ကိုလက်စထရောနဲ့triglyceride ပမာဏတွေကို ကျဆင်းစေနိုင်ပါတယ်။ ကရဝေးရွက်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက ခန္ဓာကိုယ်ရဲ့ အင်ဆူလင်ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို ပိုမိုထိရောက်စေနိုင်တာကြောင့်သွေးတွင်းသကြားဓါတ်ကိုကျဆင်းစေပြီး နှလုံးရဲ့လုပ်ဆောင်မှုကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ အမျိုးအစား – ၂ ဆီးချိုဝေဒနာရှင်တွေနဲ့ အင်ဆူလင်အစွမ်းသတ္တိကို သိရှိခံစားမှု လျော့ကျလာခြင်း (insulin resistance) လက္ခဏာတွေ ခံစားနေရသူတွေ စားသုံးပေးဖို့ သင့်တော်ပါတယ်။

    ၂. အစာကြေချက်မှု ကောင်းမွန်စေခြင်း

    ကရဝေးရွက်က အစာကြေချက်မှုကိုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်သလို ရင်ပူတာနဲ့လေပွတာလိုမျိုး အစာချေစနစ်မှာဖြစ်ပေါ်တဲ့ဝေဒနာတွေကိုသက်သာစေနိုင်ပါတယ်။ ကရဝေးရွက်က ဝမ်းချုပ်တာ၊ အစာအိမ်အချဉ်ပေါက်တာနဲ့ အူမကြီးဆိုင်ရာဝေဒနာတွေကိုလည်း သက်သာစေပါတယ်။ ကရဝေးရွက်မှာပါတဲ့ အင်ဇိုင်းတွေက ပရိုတင်းဓာတ်တွေကိုဖြိုခွင်းပေးနိုင်ပါတယ်။ ကရဝေးရွက်က အစာစားချင်စိတ်ဖြစ်အောင်လှုံ့ဆော်ပေးနိုင်တာကြောင့် အဖျားရောဂါတွေကနေသက်သာစေပါတယ်။

    ၃. နှလုံးသွေးကြောတွေကို ကျန်းမာစေခြင်း

    ကရဝေးရွက်မှပါတဲ့ အင်အားပြည့်ဝတဲ့phytonutrient ကရုတ်တရက်နှလုံးရပ်တာနဲ့လေဖြတ်တာလိုမျိုး နှလုံးသွေးကြောဆိုင်ရာရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။ ကရဝေးရွက်မှာ နှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီး နှလုံးရဲ့လုပ်ဆောင်မှုတွေကို တိုးတက်စေတဲ့rutin၊ salicylates၊ caffeic အက်ဆစ် နဲ့ phytonutrientတွေလိုမျိုး ကျန်းမာရေးအတွက် အဖိုးတန်တဲ့ ဓာတ်ပေါင်းတွေပါဝင်နေပါတယ်။ စိတ်ဖိစီးတတ်သူတွေနဲ့ နှလုံးရောဂါရှိသူတွေအတွက်သင့်တော်ပါတယ်။

    ၄. အဖျားရောဂါ နဲ့ ကူးစက်ရောဂါတွေကို သက်သာစေခြင်း

    ကရဝေးရွက်မှာအအေးမိတာ၊တုပ်ကွေးနဲ့ကူးစက်ရောဂါလက္ခဏာတွေကိုတိုက်ထုတ်နိုင်တဲ့အစွမ်းအာနိသင်ရှိပါတယ်။ချောင်းဆိုးတာနဲ့အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေအတွက်လည်း အထူးသင့်တော်ပါတယ်။ အဖျားကျစေနိုင်တဲ့ အစွမ်းလည်းရှိပါတယ်။

    ၅. နာကျင်မှုတွေကို သက်သာစေခြင်း

    ကရဝေးရွက်ကရောင်ရမ်းနာကျင်မှုတွေကို သက်သာစေနိုင်တဲ့အစွမ်းရှိတာကြောင့် အဆစ်လွဲခြင်း၊ကြွက်သားတွေတောင့်တင်းခြင်း၊အဆစ်အမြစ်တွေရောင်ရမ်းခြင်း၊ဒူလာရောဂါတွေကိုသက်သာစေနိုင်သလို နာကျင်ကိုက်ခဲမှုတွေကို သက်သာလျော့ပါးစေပါတယ်။သွေးလည်ပတ်မှုကိုတိုးတက်ကောင်းမွန်စေပြီး စိတ်ခံစားမှုကိုကောင်းမွန်စေပါတယ်။ အဆစ်အမြစ်တွေနာကျင်ရောင်ရမ်းမှုအတွက်လည်း အသုံးပြုနိုင်ပါတယ်။ခေါင်းကိုက်တာကိုလည်းသက်သာစေနိုင်စွမ်းရှိပါတယ်။

    ၆. ကင်ဆာတိုက်ဖျက်နိုင်တဲ့အစွမ်းရှိခြင်း

    ကရဝေးရွက်မှာ ကင်ဆာရောဂါတွေကို ခုခံတိုက်ဖျက်ပေးနိုင်စွမ်းကိုထောက်ပံ့ပေးတဲ့ chemo-protectiveအစွမ်းသတ္တိတွေရှိတဲ့ caffeic အက်ဆစ်၊ quercetin၊ euganol နဲ့ catechin တို့ပါဝင်ပါတယ်။ ကရဝေးရွက်မှာ သားအိမ်ခေါင်းကင်ဆာဆဲလ်တွေပြန့်ပွားမှုကို ထိန်းချုပ်ဟန့်တားနိုင်စွမ်းရှိတဲ့parthenolide လို့ခေါ်တဲ့phytonutrient ပါဝင်နေပါတယ်။

    ၇. ကိုယ်ဝန်ဆောင်ချိန်မှာလည်း အထောက်အကူပြုပေးခြင်း

    ကရဝေးရွက်မှာ ဖောလစ်အက်ဆစ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ဝန်မဆောင်ခင် ၃ လအလိုနဲ့ ကိုယ်ဝန်ဆောင်ကာလ ၃ လအတွင်းမှာ စားသုံးပေးမယ်ဆိုရင် သန္ဓေသားအတွက် လိုအပ်တဲ့ဖောလစ်အက်ဆစ်တွေကို ထောက်ပံ့ပေးပြီး ကလေးငယ်မှာ မွေးရာပါ ချို့ယွင်းချက် မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကရဝေးရွက်မှာ သန္ဓေအောင်စေနိုင်တဲ့အစွမ်း ရှိပါတယ်။

    ၈. ရာသီသွေးဆင်းတဲ့ပြဿနာတွေကို သက်သာစေခြင်း

    ကရဝေးရွက်က ရာသီသွေးကို ပုံမှန်ဆင်းစေပါတယ်။ အဖြူဆင်းတာကိုလည်း သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။

    ၉. အိပ်ပျော်စေခြင်း

    အိပ်ရာဝင်ခါနီး ကရဝေးရွက်စားသုံးပေးမယ်ဆိုရင်ကောင်းကောင်းအိပ်ပျော်စေမှာဖြစ်ပါတယ်။

    ၁၀. နှာခေါင်းသွေးလျှံတာကို တိတ်စေခြင်း

    နှခေါင်းသွေးလျှံရင် ကရဝေးရွက် အစို (သို့) အရွက်ခြောက် သန့်သန့်ကိုခြေပြီးရှုပေးပါကသွေးတိတ်စေမှာဖြစ်ပါတယ်။

    ၁၁. သွားတွေကိုဖြူဖွေးစေနိုင်ခြင်း

    ကရဝေးရွက် အမှုန့်နဲ့ သွားတိုက်ပေးမယ်ဆိုရင် သွားတွေ ဖြူဝင်းလာစေမှာ ဖြစ်ပါတယ်။

    ၁၂. ပိုးမွှားတွေကို နှိမ်နှင်းနိုင်ခြင်း

    ကရဝေးရွက်မှာ lauric အက်ဆစ် ပါဝင်တာကြောင့် အင်းဆက်ပိုးမွှားတွေကို သေစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ပိုးမွှား အကိုက်ခံရတာမျိုးတွေအတွက် ကရဝေးရွက်ကို ခြေပြီး ဆီအနည်းငယ်နဲ့ ရောထားတဲ့အနှစ်ကို အသုံးပြုပေးလို့ ရပါတယ်။

    ၁၃.ကျောက်ကပ်ဝေဒနာတွေကို သက်သာစေခြင်း

    ကျောက်ကပ်မှာ ပိုးကူးစက်တာနဲ့ ကျောက်ကပ် ကျောက်တည်တာတွေအတွက်လည်း ကရဝေးရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ကရဝေးရွက်ကို ရေနွေးနဲ့ပြုတ်သောက်တာက ကျောက်ကပ်ကျောက်တည်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

    ကရဝေးရွက်နဲ့အရေပြားကျန်းမာရေး

    ကရဝေးရွက်မှာ ဗီတာမင်၊ သတ္တုဓါတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အရေပြားအတွက် အကျိုးပြူပါတယ်။ အရေပြားကျန်းမာရေးအတွက် ကရဝေးရွက်ရဲ့ အသုံးဝင်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

    ၁၄. အရေပြားဆိုင်ရာပြဿနာတွေကိုသက်သာစေခြင်း

    ကရဝေးရွက်က အရေပြားဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ အရေးအကြောင်းတွေ ဖြစ်ပေါ်တာ၊ အရေပြားပေါ်မှာ အနီအကွက်တွေ ဖြစ်တာကို သက်သာစေနိုင်ပါတယ်။ အရေပြားရောဂါတွေအတွက် ကရဝေးရွက်ကို ရေနွေးထဲ ထည့်ပြုတ်ပြီး အငွေ့ကို ခံပေးနိုင်ပါတယ်။

    ၁၅. အနာကျက်စေနိုင်ခြင်း

    ကရဝေးရွက်မှာ အနာတွေကို ကျက်စေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ပိုးမွှားနဲ့အဆိပ်ရှိတဲ့ အကောင်တွေ ကိုက်ခံရတဲ့ အနာတွေအတွက် အသုံးပြုနိုင်သလို ပြတ်ရှဒဏ်ရာတွေနဲ့ အနာဆွေးတွေအတွက်လည်း အသုံးပြုလို့ ရပါတယ်။ ကရဝေးရွက်ရဲ့ အင်းဆက်တွေနဲ့ မှိုပိုးတွေကို သေစေနိုင်တဲ့ အစွမ်းအာနိသင်က အရေပြားကူးစက်ရောဂါတွေကို သက်သာစေပါတယ်။

    ကရဝေးရွက်နဲ့ဆံသားကျန်းမာရေး

    ကရဝေးရွက်ရဲ့ အာဟာရဓာတ်တွေက ဆံသာကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ဆံသားအတွက် ကရဝေးရွက်ရဲ့ အကျိုးသက်ရောက်မှုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

    ၁၆. ဆံပင်ကျွတ်တာနဲ့ဗောက်ထတာကိုသက်သာစေခြင်း

    ခေါင်းလျှော်ပြီးတဲ့အခါ ကရဝေးရွက်ပြုတ်ရည် ခပ်နွေးနွေးလေးကို ဦးရေပြားအထိ ရောက်အောင် ဆေးချပေးတာက ဗောက်ထတာကို သက်သာစေပါတယ်။ ဆံပင်ကျွတ်တာကိုလည်း သက်သာစေမှာ ဖြစ်ပါတယ်။ ကရဝေးရွက် အဆီကတော့ ဆံသားနဲ့ဦးရေအတွက် မသင့်တော်ပါဘူး။ ပြုတ်ရည်ကိုပဲ သုံးပေးသင့်ပါတယ်။

    ၁၇. သန်းကင်းစေခြင်း

    ခေါင်းမှာ သန်းတွယ်နေရင် ကရဝေးရွက်တွေကို ခြေပြီး ရေနွေးနဲ့ ပြုတ်လိုက်ပါ။ ဆံပင်အရင်းနားအထိ ရောက်အောင် လောင်းချပေးပါ။ ၃ နာရီကနေ ၄ နာရီလောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။ ခေါင်းပေါ်က သန်းတွေ လျော့သွားစေမှာ ဖြစ်ပါတယ်။

    ကရဝေးရွက်မှာပါတဲ့ အာဟာရဓါတ်တွေကဘာတွေလဲ

    ကရဝေးရွက်မှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကရဝေးရွက်မှာ copper ၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ သံဓာတ်၊ ဆီလီယမ်နဲ့ မဂ္ဂနိတွေလိုမျိုး ဗီတာမင်တွေ ကြွယ်ဝစွာ ပါရှိပါတယ်။

    ကရဝေးရွက်ရဲ့ ဘေးထွက်ဆိုးကျိုးများ

    • ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင်တွေအနေနဲ့ ကရဝေးရွက်ကို စားသုံးမယ်ဆိုရင် တတ်သိနားလည်သူနဲ့ တိုင်ပင်သင့်ပါတယ်။
    • ကရဝေးရွက်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာကြောင့် ဆီးချိုဝေဒနာသည်တွေအနေနဲ့ မိမိရဲ့ သွေးချိုပမာဏကို သိရှိပြီးမှသာ စားသုံးသင့်ပါတယ်။ ကရဝေးရွက်ကို ဆေးအဖြစ် သုံးစွဲနေတယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို သေသေချာချာ စောင့်ကြည့်ပါ။
    • ကရဝေးရွက်က ပင်မအာရုံကြောစနစ် (CNS) ရဲ့လုပ်ဆောင်မှုကို ကျဆင်းစေနိုင်ပါတယ်။ ကရဝေးရွက်နဲ့ မေ့ဆေး၊ ထုံဆေးနဲ့ခွဲစိတ်ကုသမှုမှာ အသုံးပြုတဲ့အခြားဆေးတွေနဲ့ ထိတွေ့မိတဲ့အခါ ပင်မအာရုံကြောစနစ် (CNS) ရဲ့လုပ်ဆောင်မှုကို တအား ကျဆင်းသွားစေနိုင်ပါတယ်။ ခွဲစိတ်ကုသမှု ခံယူဖို့ရှိပါက ခွဲခန်းမဝင်ရခင် ၂ ပတ်လောက် အလိုကတည်းက ကရဝေးရွက်ကို ဆေးအဖြစ်မှီဝဲနေတာကို ရပ်တန့်ပါ။
    • ကရဝေးရွက် အခြောက်က အစာခြေအူလမ်းကြောင်း အထက်ပိုင်း သွေးယိုစီးမှုကို ဖြစ်စေနိုင်ပါတယ်။
    • ကရဝေးရွက်မှာ အရေးပြားနဲ့ အမြှေးပါးတွေမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်စေနိုင်တဲ့Eugenol ပါဝင်ပါတယ်။
    • ကရဝေးရွက်နဲ့ ကရဝေးရွက်အဆီက ပန်းနာရင်ကျပ်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေအတွက် အန္တရာယ် ရှိပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement