Yellow dock (ကုလားချဉ်ပေါင်ငယ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အသုံးပြုပုံများ

ကုလားချဉ်ပေါင်ငယ် ကို ဘာအတွက်အသုံးပြုကြသလဲ

Yellow-dock ဟာ ဆေးဖက်ဝင် သစ်ပင်တမျိုးဖြစ်ပြီး ရိုးတံတွေကို ဆလတ်လုပ်ရာမှာ အသုံးပြုနိုင်သလို အမြစ်တွေကို ဆေးဝါးကုသမှုမှာ အသုံးပြုနိုင်ပါတယ်။

Yellow-dock ကို အောက်ဖော်ပြပါ ရောဂါအခြေအနေတွေမှာ အများဆုံးအသုံးပြုလေ့ရှိပါတယ်။

  • နှာခေါင်းတွင်း နှင့် အသက်ရှုလမ်းကြောင်း ရောင်ရမ်းခြင်း။
  • ဝမ်းနှုတ်ဆေး၊ဝမ်းပျော့ဆေးအဖြစ်။
  • ဘက်တီးရီးယား ကူးစက်ရောဂါများ။
  • လိင်မှတဆင့် ကူးစက်သော ရောဂါများ။
  • အရေပြား ရောင်ရမ်းခြင်း။
  • အနီစက်များထွက်ခြင်း။
  • scurvy လို့ခေါ်တဲ့ ဗီတာမင် စီ ချို့တဲ့ရောဂါ။
  • အသားဝါရောဂါ။
  • Psoriasis လို့ခေါ်တဲ့ အရေပြားရောဂါတမျိုးနဲ့ ဝမ်းချုပ်ခြင်းတို့ကို အတူတကွ ခံစားရခြင်း။

Yellow-dock ကို သွားတိုက်ဆေးအဖြစ်လည်း အချို့က အသုံးပြုကြပါတယ်။Yellow-dock ကို အခြားသော ရည်ရွယ်ချက်တွေနဲ့လည်း အသုံးပြုနိုင်သေးတဲ့အတွက် အသေးစိတ်ထပ်မံသိရှိလိုတယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်တွေထံ မေးမြန်းသင့်ပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

ယခု ဆေးဖက်ဝင်အပင် ဘယ်လိုအလုပ်လုပ်သလဲဆိုတာ သိရှိနိုင်ဖို့အတွက် လုံလောက်တဲ့ လေ့လာမှုတွေ မပြုလုပ်ရသေးပါ။ အသေးစိတ် ထပ်မံသိရှိဖို့အတွက် ဆရာဝန် ဒါမှမဟုတ် သဘာဝဆေးဖက်ဝင်ပစ္စည်းများဆိုင်ရာ ကျွမ်းကျင်သူကို မေးမြန်းပါ။ ဒါပေမယ့် yellow-dock မှာ ပါဝင်တဲ့ ဓါတ်ပစ္စည်းတမျိုး (anthraquinones) ဟာ ဝမ်းနှုတ်ဆေးအာနိသင်ရှိကြောင်းကို လေ့လာစမ်းသပ်ချက်တွေအရ သိရှိရပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ကုလားချဉ်ပေါင်ငယ် အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များရှိပါက ဆရာဝန်ကို အသိပေးပါ။

  • သင့်တွင် ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ရှိနေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန်တွင် ဆရာဝန်ညွှန်ကြားထားသော ဆေးများကိုသာ သုံးစွဲသင့်သောကြောင့် ဖြစ်ပါသည်။
  • အခြားသော ဆေးများကို သုံးစွဲနေလျှင်(ဆရာဝန်ဆေးစာမပါဘဲ သုံးစွဲနိုင်သောဆေးများ ဖြစ်ကြသည့် သဘာဝသစ်ဥသစ်ဖုများမှ ထုတ်လုပ်ထားသော ဆေးများ သို့မဟုတ် တိုင်းရင်းဆေးများလည်း ပါဝင်ပါသည်)။
  • yellow-dock သို့မဟုတ် အခြားဆေးများ သို့မဟုတ် သဘာဝဆေးဖက်ဝင်အပင်များနှင့် ဓါတ်မတည့်ခြင်းများရှိလျှင်။
  • အခြားသော ဖျားနာမှု၊ရောဂါဝေဒနာ သို့မဟုတ် ကျန်းမာရေးပြဿနာများရှိလျှင် (ဥပမာ သွေးခဲခြင်းနှင့်ပတ်သက်သော ပြဿနာများ၊ဓါတ်မတည့်ခြင်းများ၊အစာအိမ်နှင့် အူလမ်းကြောင်းပိတ်ဆို့ခြင်း၊အစာအိမ် သို့မဟုတ် အူသိမ်အနာဖြစ်ခြင်း၊ကျောက်ကပ်ရောဂါရှိခြင်း)။

အခြားသော အစားအစာများ၊အစားအစာသုံး ဆိုးဆေးများ၊အစားအစာများကို

  • တာရှည်ခံအောင် အသုံးပြုသော ဓါတုပစ္စည်းများ သို့မဟုတ် တိရ စ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများ ရှိလျှင်။

ဖြည့်စွက်အားဆေးများအတွက် ချမှတ်ထားသော စည်းမျဉ်းဥပဒေများမှာ ဆေးဝါးများလောက် တင်းကျပ်မှုမရှိပါ။ ယခုဆေး၏ လုံခြုံစိတ်ချရမှုကို သိရှိနိုင်ရန်အတွက် လေ့လာမှုများ ထပ်မံပြုလုပ်ရန် လိုအပ်ပါသေးတယ်။ ဆေးကို အသုံးမပြုခင်မှာ ကောင်းကျိုးဆိုးပြစ်တွေကို သေချာစွာ ချိန်ဆရပါမယ်။ အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန်ထံ မေးမြန်းနိုင်ပါတယ်။

ကုလားချဉ်ပေါင်ငယ် က ဘယ်လောက်စိတ်ချရလဲ

ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်နေချိန် :

ကိုယ်ဝန်ဆောင်မိခင် ဒါမှမဟုတ် နို့တိုက်မိခင်တွေအနေနဲ့ yellow-dock ကို မသောက်သုံးသင့်ပါဘူး။yellow-dock ဟာ ဝမ်းနှုတ်ဆေး အာနိသင်ရှိတဲ့အတွက် ကိုယ်ဝန်ဆောင်တွေနဲ့ မသင့်တော်တာဖြစ်ပြီး အဆိုပါ ဝမ်းနှုတ်ဆေးအာနိသင်ကို ပေးတဲ့ ဓါတ်ပစ္စည်းတမျိုးဟာ မိခင်နို့မှတဆင့် နို့စို့ကလေးငယ်ဆီကိုလည်း ရောက်ရှိလို့ သွားနိုင်ပါသေးတယ်။

ဘေးထွက်ဆိုးကျိုးများ

ကုလားချဉ်ပေါင်ငယ် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Yellow-dock ဟာ ဝမ်းလျှောခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း၊ဗိုက်နာခြင်း၊ဆီးအလွန်အမင်းသွားခြင်း၊အရေပြား ပူစပ်ပူလောင်ဖြစ်ခြင်း၊သွေးတွင်း ပိုတက်ဆီယမ်နဲ့ ကယ်လ်ဆီယမ်ပမာဏ နည်းပါးခြင်း တို့ကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အော့အန်ခြင်း၊နှလုံးပြဿနာများဖြစ်ခြင်း၊အသက်ရှူရခက်ခဲခြင်း အစရှိတဲ့ ပြင်းထန်ဆိုးရွားသော ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်လာစေနိုင်ပြီး အသက်အန္တရာယ်အထိ ရှိလာနိုင်ပါတယ်။ ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ကုလားချဉ်ပေါင်ငယ် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

yellow-dock ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေ ဒါမှမဟုတ် လက်ရှိခံစားနေရတဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်တဲ့အတွက် မသုံးစွဲခင်မှာ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ရပါမယ်။yellow-dock နဲ့ ဓါတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့

  • Digoxin : yellow-dock ဟာ အူကိုဆွပေးနိုင်တဲ့ ဝမ်းနှုတ်ဆေးဖြစ်ပြီး ၎င်းတို့ဟာ သွေးတွင်းပိုတက်ဆီယမ်ပမာဏကို လျော့နည်းစေပါတယ်။ သွေးတွင်းပိုတက်ဆီယမ်ပမာဏ နည်းပါးခြင်းဟာ digoxin (Lanoxin) ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုလာစေနိုင်ပါတယ်။
  • ဆီးဆေးများ : yellow-dock နဲ့ ဆီးဆေးတွေကို အတူတကွ သောက်သုံးခြင်းကြောင့် သွေးတွင်းပိုတက်ဆီယမ်ပမာဏကို အလွန်အမင်းကျဆင်းစေပါတယ်။ အဆိုပါဆီးဆေးတွေက chlorothiazide (Diuril), chlorthalidone (Thalitone), furosemide (Lasix), hydrochlorothiazide (HCTZ, Hydrodiuril, Microzide) စတာတွေပဲ ဖြစ်ပါတယ်။

Warfarin : Yellow-dock ဟာ ဝမ်းနှုတ်ဆေးအဖြစ် အာနိသင်ပြတဲ့အတွက် အချို့လူတွေမှာ ဝမ်းလျှောစေနိုင်ပါတယ်။ ဝမ်းလျှောခြင်းဟာ warfarin ဆေးရဲ့ အာနိသင်ကို ပိုလာစေပြီး သွေးထွက်နိုင်ချေကို ပိုများလာစေပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

ကုလားချဉ်ပေါင်ငယ် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

yellow-dock ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

Yellow-dock အမြစ် လက်ဖက်ရည်ကြမ်း : အမြစ်ခြောက် လက်ဖက်ရည်ဇွန်း တဇွန်း၊နှစ်ဇွန်းလောက်ကို ရေနွေးနှစ်ခွက်စာထဲကို ထည့်ပြီး ဆယ်မိနစ်လောက် နှပ်ထားပေးပါ။ ပြီးရင် တနေ့ကို သုံးခါလောက် သောက်ပေးပါ။

Yellow-dock တင်ချာ : သတ်မှတ်ထားတဲ့ ပမာဏမှာ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာလောက်ကို တနေ့ သုံးကြိမ်လောက် သုံးစွဲပေးရပါမယ်။

Yellow-dock အမြစ်ရည် : အသက်ရှုလမ်းကြောင်းအပေါ်ပိုင်း သက်သာရာရဖို့အတွက် Yellow-dock အမြစ်ရည်ကို တခါစားရင် လက်ဖက်ရည်ဇွန်းတဇွန်း ပမာဏလောက် စားပေးနိုင်ပါတယ်။

Yellow-dock အရွက်တွေကို ထောင်းပြီး လိုအပ်တဲ့ နေရာမှာ တိုက်ရိုက်လိမ်းပေးနိုင်ပါတယ်။

လူတယောက်နဲ့ တယောက် သုံးစွဲရမယ့် ဆေးပမာဏက တူချင်မှ တူမှာ ဖြစ်ပါတယ်။ သင့်အသက်အရွယ်၊ကျန်းမာရေးအခြေအနေနဲ့ အခြားရောဂါတွေ ရှိမရှိပေါ်ကို မူတည်ပြီး ဆေးပမာဏ ကွာခြားပါလိမ့်မယ်။ ဒီဖြည့်စွက်အားဆေးတွေဟာ အမြဲတမ်းလုံခြုံစိတ်ချရတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် သင့်လျော်တဲ့ ဆေးပမာဏကို သိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ဆွေးနွေးရပါမယ်။

ကုလားချဉ်ပေါင်ငယ် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

အောက်ပါပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။

လက်ဖက်ရည်ကြမ်း။

တင်ချာ။

အရည်။

အရွက်ကို ထောင်းထားသော ပုံစံ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတ် 20, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 30, 2017

ရင်းမြစ်များ