Valerian (ဗလယ်ရီယန်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အသုံးပြုပုံများ

ဗလယ်ရီယန် ကို ဘာအတွက်အသုံးပြုကြသလဲ

valerian ကို အောက်ပါကျန်းမာရေးအခြေအနေမျာအတွက် အဓိက အသုံးပြုပါတယ်။

  • အိပ်မပျော်ခြင်း။
  • စိုးရိမ်ပူပန်စိတ်ဖိစီးမှုများပြားခြင်း။
  • စိတ်လှုပ်ရှားလျှင် ပန်းနာရင်ကျပ်ရောဂါထခြင်း။
  • စိတ်ခံစားမှု အလွန်အမင်းပြင်းထန်ခြင်းကို မထိန်းချုပ်နိုင်ခြင်း။
  • စိတ်လှုပ်ရှားတတ်ခြင်း။
  • နာမကျန်းဖြစ်မည်ကို အလွန်စိုးထိတ်ခြင်း။
  • ခေါင်းကိုက်ခြင်း။
  • ခေါင်းတခြမ်းကိုက်ခြင်း။
  • ဗိုက်နာဗိုက်အောင့်ခြင်း။
  • စိတ်ကျဝေဒနာခံစားနေရခြင်း။
  • ခြေလက်များ (အနည်းငယ်) တုန်ခါခြင်း။
  • အော်တစ်ဇင်ရောဂါ ခံစားနေရခြင်း။
  • ကာလကြာရှည် ပင်ပန်းနွမ်းနယ်မှု ခံစားနေရခြင်း။
  • ကြွက်သားနှင့် အဆစ်များ နာကျင်ခြင်း။
  • ဓမ္မတာလာစဉ် ကိုက်ခဲခြင်း။သွေးဆုံးကိုင်ဝေဒနာ ခံစားရခြင်း (တကိုယ်လုံး ဖိန်းတိမ်းရှိန်းတိမ်းဖြစ်ခြင်း၊စိုးရိမ်ပူပန်ကြောင့်ကြများခြင်း)။

valerian ကို ဗျစ်ပွင့်၊ပရုတ် ဒါမှမဟုတ် လေးလံထိုင်းမှိုင်းမှုကို ဖြစ်စေတဲ့ အခြားသစ်ဥသစ်ဖုတွေနဲ့ ပေါင်းစပ်အသုံးပြုတဲ့အခါ , သင်ရေချိုးတဲ့အခါ ရေချိုးဇလုံထဲကို valerian ထည့်ပြီး ရေစိမ်ပေးမယ်ဆိုရင် ဂဏာမငြိမ်တာနဲ့ အိပ်မပျော်တာတွေကို သက်သာစေပါတယ်။valerian ကို အခြားသော ရည်ရွယ်ချက်တွေအတွက်လည်း အသုံးပြုသေးတာကြောင့် သင့်ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ ဦးစွာ တိုင်ပင်သင့်ပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

Valerian ဟာ ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းကို ထိုင်းမှိုင်းရီဝေစေခြင်းဖြင့် အာနိသင်ပြပါတယ်။အသေးစိတ်ထပ်မံသိရှိလိုပါက ဆရာဝန် ဒါမှမဟုတ် သဘာဝဆေးဝါး ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ဗလယ်ရီယန် အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များရှိပါက သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

  • သင့်တွင် ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်။ဘာလို့လဲဆိုတော့ အဆိုပါ အခြေအနေမျိုးတွေမှာ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကိုသာ သုံးစွဲသင့်လို့ ဖြစ်ပါတယ်။
  • အခြားဆေးများကို သုံးစွဲနေလျှင် (ဆရာဝန်ဆေးစာမပါဘဲ ဝယ်ယူနိုင်သော ဆေးများလည်း ပါဝင်သည်)။
  • valerian သို့မဟုတ် အခြားသော ဆေးများ၊သဘာဝဆေးဖက်ဝင်ပင်များမှ ထုတ်လုပ်ထားသော ဆေးဝါးများနှင့် ဓာတ်မတည့်လျှင်။
  • သင့်တွင် အခြားသော ရောဂါများ ရှိနေလျှင်။
  • အခြားသော အစားအစာများ၊အစားအစာသုံး ဆိုးဆေးများ၊အစားအစာများကို တာရှည်ခံအောင် အသုံးပြုသော ဓာတုပစ္စည်းများ သို့မဟုတ် တိရ စ္ဆာန်များနှင့် ဓာတ်မတည့်ခြင်းများ ရှိလျှင်။

ဖြည့်စွက်အားဆေးများအတွက် ချမှတ်ထားသော စည်းမျဉ်းဥပဒေများမှာ ဆေးဝါးများလောက် တင်းကျပ်မှုမရှိပါ။ယခုဆေး၏ လုံခြုံစိတ်ချရမှုကို သိရှိနိုင်ရန်အတွက် လေ့လာမှုများ ထပ်မံပြုလုပ်ရန် လိုအပ်ပါသေးတယ်။ဆေးကို အသုံးမပြုခင်မှာ ကောင်းကျိုးဆိုးပြစ်တွေကို သေချာစွာ ချိန်ဆရပါမယ်။အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန်ထံ မေးမြန်းနိုင်ပါတယ်။

ဗလယ်ရီယန် က ဘယ်လောက်စိတ်ချရလဲ

ဆရာဝန်နဲ့ အရင်မတိုင်ပင်ဘဲ ကလေးတွေကို valerian ဆေး မတိုက်ရပါ။valerian ကို အသက်သုံးနှစ်အောက် ကလေးတွေမှာ valerian ကို အသုံးမပြုသင့်ပါဖူး။ဘာလို့လဲဆိုတော့ အဆိုပါအသက်အရွယ် ကလေးတွေမှာ ဖြစ်ပွါးတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေချာစွာ မသိရှိရသေးတာကြောင့် ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်နေချိန် :

ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာ valerian ဆေးကို သုံးစွဲခြင်းဟာ စိတ်ချရမှုရှိမရှိနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အချက်အလက်များ မရှိသေးပါ။ဒါကြောင့် စိတ်ချရအောင် မသုံးဘဲနေတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ခွဲစိတ်ကုသမှု ခံယူချိန် :

ကြိုတင်စီမံထားတဲ့ ခွဲစိတ်ကုသမှု မတိုင်မီ အနည်းဆုံး နှစ်ပတ်လောက်အလိုမှာ valerian သုံးစွဲခြင်းကို ရပ်ဆိုင်းထားရပါမယ်။

ဘေးထွက်ဆိုးကျိုးများ

ဗလယ်ရီယန် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးအချို့ကို ဖြစ်ပေါ်စေပါတယ်။

  • ခေါင်းကိုက်ခြင်း။
  • စိတ်လှုပ်ရှားတက်ကြွခြင်း။
  • ဂဏှာမငြိမ်၊လှုပ်ရှားနေခြင်း။
  • အိပ်မပျော်ခြင်း (သုံးစွဲသူအချို့တွင်)။

Valerian ကို ကာလရှည်သုံးစွဲပြီးနောက် ဆက်လက်မသုံးစွဲတော့ဖူးဆိုရင် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှောင်ရှားနိုင်ဖို့အတွက် ဆေးကို တိကနဲ ရပ်လိုက်မယ့်အစား တပတ် သို့မဟုတ် နှစ်ပတ်အတွင်းမှာ ဆေးပမာဏကို ဖြည်းဖြည်းချင်း လျှော့ချပြီး ဖြတ်ရပါမယ်။ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဗလယ်ရီယန် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓာတ်ပြုမှုတွေရှိလာနိုင်သလဲ

valerian ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေ ဒါမှမဟုတ် လက်ရှိခံစားနေရတဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်တဲ့အတွက် မသုံးစွဲခင်မှာ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ရပါမယ်။အဆိုပါ ဆေးဝါးတွေက

အရက်

အရက်ဟာ အိပ်ချင်ငိုက်မျဉ်းစေပါတယ်။valerian ဟာလည်း ထိုနည်း၎င်းပါ။ဒါကြောင့် သူတို့နှစ်မျိုးလုံးကို အတူတကွ အလွန်အကျွံ သုံးစွဲမယ်ဆိုရင် အင်မတန်အိပ်ချင်စေပါလိမ့်မယ်။

Alprazolam (Xanax)

valerian ဟာ အသည်းကနေ Alprazolam ကို ချေဖျက်တဲ့ ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ဒါကြောင့် valerian နဲ့ alprazolam ကို အတူတကွ သုံးစွဲရင် alprazolam ရဲ့ အာနိသင်နဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုလာစေပါမယ် (ဥပမာ ငိုက်မျဉ်းခြင်း)။

အိပ်ဆေးများ (Benzodiazepines)

Valerian ဟာ အိပ်ချင်ငိုက်မျဉ်းစိတ်ကို ဖြစ်စေပါတယ်။အိပ်ချင်စိတ်ဖြစ်လာအောင်၊ထိုင်းမှိုင်းလေးလံလာအောင် လုပ်ပေးနိုင်တဲ့ဆေးတွေကို အိပ်ဆေးတွေလို့ ခေါ်ပါတယ်။Valerian နဲ့ အိပ်ဆေးတွေကို ပူးတွဲအသုံးပြုမယ်ဆိုရင်

အိပ်ချင်ငိုက်မျဉ်းစိတ်ကို အလွန်အကျွံဖြစ်စေပါလိမ့်မယ်။အဆိုပါ အိပ်ဆေးတွေကတော့ alprazolam (Xanax), clonazepam (Klonopin), diazepam (Valium), lorazepam (Ativan), midazolam (Versed),temazepam (Restoril), triazolam (Halcion) နဲ့ အခြားသော ဆေးတွေပဲ ဖြစ်ပါတယ်။

အိပ်ဆေးများ (အာရုံကြောစနစ်ကို ဖိနှိပ်သော ဆေးများ)

Valerian ဟာ အိပ်ချင်ငိုက်မျဉ်းစိတ်ကို ဖြစ်စေပါတယ်။အိပ်ချင်စိတ်ဖြစ်လာအောင်၊ထိုင်းမှိုင်းလေးလံလာအောင် လုပ်ပေးနိုင်တဲ့ဆေးတွေကို အိပ်ဆေးတွေလို့ ခေါ်ပါတယ်။Valerian နဲ့ အိပ်ဆေးတွေကို ပူးတွဲအသုံးပြုမယ်ဆိုရင် အိပ်ချင်ငိုက်မျဉ်းစိတ်ကို အလွန်အကျွံဖြစ်စေပါလိမ့်မယ်။ခွဲစိတ်ရာမှာသုံးတဲ့ အိပ်ဆေး၊မေ့ဆေးတွေနဲ့ Valerian ကို ပူးတွဲအသုံးပြုမယ်ဆိုရင် ၎င်းဆေးတွေရဲ့ အာနိသင်ပြတဲ့ကာလဟာ ပိုမိုကြာရှည်လာပါလိမ့်မယ်။အဆိုပါ ဆေးတွေက pentobarbital (Nembutal), phenobarbital (Luminal), secobarbital (Seconal), thiopental (Pentothal), fentanyl (Duragesic,Sublimaze), morphine, propofol (Diprivan) နဲ့ အခြားသော ဆေးတွေပဲ ဖြစ်ကြပါတယ်။

အသည်းတွင် ဓာတ်ပြောင်းလဲမှု ဖြစ်ပေါ်ရသော ဆေးများ

valerian ဟာ အသည်းကနေ အချို့ဆေးတွေကို ချေဖျက်တဲ့ ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ဒါကြောင့် valerian နဲ့ အဆိုပါဆေးတွေကို အတူတကွ သုံးစွဲရင် သူတို့ရဲ့ အာနိသင်နဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုလာစေမှာ ဖြစ်တာကြောင့် သင့်အနေနဲ့ အသည်းမှာ ဓာတ်ပြောင်းလဲမှု ဖြစ်ပေါ်ရတဲ့ ဆေးတွေကို သုံးစွဲလျက်ရှိတယ်ဆိုရင် valerian မသောက်သုံးခင် ဆရာဝန်ကို ကြိုတင်အသိပေးရပါမယ်။lovastatin (Mevacor), ketoconazole (Nizoral), itraconazole (Sporanox), fexofenadine (Allegra), triazolam (Halcion) တို့အပါအဝင် အခြားဆေးအများအပြားဟာ အသည်းမှာ ဓာတ်ပြောင်းလဲမှုဖြစ်ပေါ်ရပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓာတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

ဗလယ်ရီယန် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

အိပ်မပျော်ခြင်းအတွက်

လက်ဖက်ရည်ကြမ်း : ရေနွေးဆူဆူတခွက်ထဲကို Valerian အမြစ်ခြောက် လက်ဖက်ရည်ဇွန်းတဇွန်း (၂ – ၃ ဂရမ်လောက်) ခပ်ထည့်ပြီး ၅မိနစ်ကနေ ၁၀မိနစ်လောက်နှပ်ထားပါ။

တင်ချာ (၁:၅) : သတ်မှတ်ထားသော ပမာဏမှာ လက်ဖက်ရည်ဇွန်း တဇွန်းမှ တဇွန်းခွဲ (၄ – ၆ စီစီခန့်) ဖြစ်ပါတယ်။

အရည် (၁:၁) : သတ်မှတ်ထားသော ပမာဏမှာ လက်ဖက်ရည်ဇွန်း ဇွန်းတဝက်မှ တဇွန်း (၁ – ၂ စီစီခန့်) ဖြစ်ပါတယ်။

အမှုန့်ခြောက် (၄:၁) : သတ်မှတ်ထားသော ပမာဏမှာ ၂၅၀ – ၆၀၀ မီလီဂရမ် ဖြစ်ပါတယ်။

၄၀၀ – ၉၀၀ မီလီဂရမ်ပမာဏရှိတဲ့ valerian ကို ညအိပ်ယာမဝင်မီ နှစ်နာရီအလိုလောက်မှာ သုံးစွဲရမှာဖြစ်ပြီး ၂၈ရက်လောက်အထိ စွဲသုံးရမှာပါ။

valerian ၁၂၀ မီလီဂရမ် နဲ့ ပရုတ် ၈၀ မီလီဂရမ်ကို တနေ့သုံးကြိမ်နှုန်းနဲ့ ရက်၃၀လောက်အထိ စွဲသုံးရပါမယ်။

ဆေးပြားတပြားမှာ valerian ၁၈၇ မီလီဂရမ် နဲ့ ဗျစ်ပွင့် ၄၁.၉ မီလီဂရမ် ပမာဏပူးတွဲပါဝင်တဲ့ ပုံစံကိုလည်း သုံးစွဲနိုင်ပြီး ဒါမျိုးသုံးစွဲမယ်ဆိုရင်တော့ နေ့စဉ်ညအိပ်ယာမဝင်မီ ဆေးပြားနှစ်ပြားနှုန်းနဲ့ ၂၈ရက်တိတိ စွဲသုံးရမှာပါ။

valerian ကို ညအိပ်ယာမဝင်မီ နာရီဝက်ကနေ နှစ်နာရီအတွင်းမှာ သောက်နိုင်ပြီး ရောဂါအခြေအနေသက်သာလာတယ်ဆိုရင်တော့ valerian ကို နောက်ထပ် ၂ပတ်ကနေ ၆ပတ်အထိ ဆက်သောက်ရပါမယ်။

စိုးရိမ်ပူပန်စိတ်များခြင်းအတွက် :

သတ်မှတ်ထားသော ပမာဏမှာ : ၁၂၀ – ၂၀၀ မီလီဂရမ်ကို တနေ့လျှင် သုံးကြိမ်မှ လေးကြိမ် သောက်နိုင်ပါသည်။လူနာတယောက်နဲ့ တယောက် သုံးစွဲရမယ့် ဆေးပမာဏက တူချင်မှ တူမှာ ဖြစ်ပါတယ်။သင့်အသက်အရွယ်၊ကျန်းမာရေးအခြေအနေနဲ့ အခြားရောဂါတွေ ရှိမရှိပေါ်ကို မူတည်ပြီး ဆေးပမာဏ ကွာခြားပါလိမ့်မယ်။ဒီဖြည့်စွက်အားဆေးတွေဟာ အမြဲတမ်းလုံခြုံစိတ်ချရတာမျိုး မဟုတ်ပါဘူး။ဒါကြောင့် သင့်လျော်တဲ့ ဆေးပမာဏကို သိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ဆွေးနွေးရပါမယ်။

ဗလယ်ရီယန် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

အောက်ပါပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။

  • Valerian ဆေးတောင့် နှင့် ဆေးပြား။
  • Valerian အရည်။
  • Valerian လက်ဖက်ရည်ကြမ်း။

Valerian တင်ချာ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 20, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 30, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။