backup og meta

ဆေးဖက်ဝင်ဂျင်ဆင်း၏ အကျိုးကျေးဇူးများ


Dr. Thant Zin မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးဖက်ဝင်ဂျင်ဆင်း၏ အကျိုးကျေးဇူးများ

    ဂျင်ဆင်းကို တရုတ်နဲ့ကိုရီးယားနိုင်ငံတွေရဲ့ တိုင်းရင်းဆေးပညာရပ်တွေမှာ နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ နောက်ပိုင်းမှာ အနောက်နိုင်ငံတွေမှာပါ စိုက်ပျိုးမှုတွေ ပြုလုပ်လာကြပါတယ်။ ဂျင်ဆင်းမှာ မျိုးကွဲတွေလည်း ရှိပါတယ်။ ဂျင်ဆင်းမှာအဓိက ပါဝင်တဲ့ ginsenosides နဲ့ gintonin ကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုခြင်း ဖြစ်ပါတယ်။

    ယခုဆက်လက်ဖော်ပြမှာကတော့ ဂျင်ဆင်းကြောင့်ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။

    ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝပြီး ရောင်ရမ်းမှုကိုကျစေခြင်း

    ဂျင်ဆင်းမှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ ရောင်ရမ်းမှုကိုကျစေတဲ့ အာနိသင်တွေ ရှိပါတယ်။ အရေပြားဆဲလ်တွေရဲ့ ရောင်ရမ်းမှုကိုကျစေတယ်လို့ သိရပါတယ်။ ဒါကြောင့် နှင်းခူလို အရေပြားပြဿနာတွေကို ကုသရာမှာ အထောက်အကူပြုပါတယ်။ ဓာတ်တိုးဖိစီးခြင်း (oxidative stress) တွေကို ကာကွယ်ပေးနိုင်တာကြောင့် ကိုယ်ခန္ဓာဆဲလ်တွေ အချိန်မတိုင်မီ ပျက်စီးခြင်းတွေကနေ ကာကွယ်ပေးပါတယ်။

    ဦးနှောက်လုပ်ငန်းဆောင်တာများကို အကျိုးပြုခြင်း

    ဂျင်ဆင်းဟာ မှတ်ဉာဏ်ပိုင်း၊ အမူအကျင့်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ စတဲ့ဦးနှောက်နဲ့ သက်ဆိုင်တဲ့ကိစ္စတွေမှာ အထောက်အကူပြုပါတယ်။ ဂျင်ဆင်းမှာပါဝင်တဲ့ ginsenosides ဟာ ဖရီးရယ်ဒီကယ်များကြောင့် ဦးနှောက်ဆဲလ်တွေထိခိုက်ခြင်းကို ကာကွယ်ပေးပါတယ်။ သုတေသနတစ်ခုရဲ့ ဖော်ပြချက်အရ ဂျင်ဆင်းကိုတနေ့မှာ ၂၀၀ မီလီဂရမ်နှုန်းနဲ့ လေးပတ်တာခန့်သုံးစွဲပေးရာမှာ သုံးစွဲသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ တိုးတက်မှုရှိတယ်လို့ သိရပါတယ်။ ဂျင်ဆင်းဟာ အယ်လ်ဇိုင်းမားရောဂါရှိသူတွေရဲ့ ဦးနှောက်လုပ်ငန်းပိုင်း၊ အမူအကျင့်ပိုင်းတွေမှာ တိုးတက်ကောင်းမွန်မှုဖြစ်စေပါတယ်။

    ပန်းညှိုးခြင်းကို သက်သာစေခြင်း

    ဂျင်ဆင်းဟာ အမျိုးသားများ ပန်းညှိုးခြင်းကို ကုသရာမှာ အထောက်အကူပြုပါတယ်။ အထူးသဖြင့် ယောကျ်ားတန်ဆာရဲ့ သွေးကြောနဲ့တစ်ရှူးဆဲလ်တွေရဲ့ ဓာတ်တိုးဖိစီးခြင်းကို ကာကွယ်ပေးနိုင်တာကြောင့် ပုံမှန်လုပ်ငန်းဆောင်တာအတိုင်း ပြန်လည်စွမ်းဆောင်နိုင်စေပါတယ်။ ဒါ့အပြင် ယောကျ်ားတန်ဆာကြွက်သားတွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကောင်းမွန်စေတဲ့ နိုက်ထရစ်အောက်ဆိုဒ်ထုတ်လုပ်ခြင်းကို ဂျင်ဆင်းက အားပေးပါတယ်။ စာစောင်တစ်ခုမှာဖော်ပြချက်အရ ကိုရီးယားဂျင်ဆင်းအနီရောင်ဟာ ပန်းညှိုးခြင်းဖြစ်နေတဲ့ အမျိုးသားများကို ၆၀ ရာခိုင်နှုန်းထိ သက်သာကောင်းမွန်စေတယ်လို့ သိရပါတယ်။

    ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း

    ဂျင်ဆင်းဟာ ကိုယ်ခံစွမ်းအားကို တိုးတက်စေပါတယ်။ အထူးသဖြင့် ခွဲစိတ်မှုခံယူထားသူတွေ၊ ကင်ဆာရောဂါသည်တွေအတွက် အထောက်အကူပြုပါတယ်။ ဒါ့အပြင် ဂျင်ဆင်းကို ပုံမှန်သောက်သုံးသူတွေမှာ တုပ်ကွေးဖျားနာခြင်း၊ နှာစေးအအေးမိခြင်း စတဲ့အခြေအနေတွေဖြစ်တာ နည်းတယ်လို့ ဆိုပါတယ်။

    ကိုယ်ခန္ဓာစွမ်းအင်မြှင့်တင်ပေးခြင်း

    ဂျင်ဆင်းဟာ မောပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေပြီး အားအင်ပြန်လည်ပြည့်ဖြိုးစေပါတယ်။ ဂျင်ဆင်းမှာပါဝင်တဲ့ ဓာတ်ပစ္စည်းများဟာ ကိုယ်ခန္ဓာဆဲလ်များကို ဓာတ်တိုးပျက်စီးခြင်းကနေ ကာကွယ်ပြီး စွမ်းအင်ထုတ်လုပ်မှုကို တိုးမြှင့်ပေးပါတယ်။ စိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေတာမို့ စိတ်ဖိစီးသူများ၊ အလုပ်ပင်ပန်းသူများအတွက် သင့်တော်ပါတယ်။

    သွေးတွင်းသကြားဓာတ်ကို ထိန်းပေးခြင်း

    ဆီးချိုရောဂါအထံ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဂျင်ဆင်းဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးရာမှာ အထောက်အကူပြုပါတယ်။ အထူးသဖြင့် ပန်ကရိယဆဲလ်များရဲ့ လုပ်ငန်းတွေကို တိုးတက်စေတာကြောင့် အင်ဆူလင်ဟော်မုန်းကို ပိုမိုထွက်စေပြီး တစ်ရှူးများကနေ သကြားဓာတ်သုံးစွဲနှုန်းကို မြှင့်တင်ပေးပါတယ်။ အာဆူလင်အာနိသင်ကိုလည်း ပိုမိုထိရောက်စေပါတယ်။

    ဘေးထွက်ဆိုးကျိုးရှိသလား

    သုတေသနတွေအရ ဂျင်ဆင်းဟာ ဘေးကင်းစိတ်ချရပြီး ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ မရှိပါဘူး။ ဒါပေမယ့် ဆီးချိုဆေးသုံးစွဲနေသူတွေအနေနဲ့ ဂျင်ဆင်းကိုပါ သုံးစွဲမယ်ဆိုရင် ဆီးချိုကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ ကလေးငယ်များနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ နို့တိုက်မိခင်တွေ မသုံးစွဲသင့်ဘူးလို့ သုတေသီအချို့က အကြံပြုကြပါတယ်။

    ဒါ့အပြင် ဂျင်ဆင်းကို ဆက်တိုက်သုံးစွဲလွန်းရင်လည်း ဆေးရဲ့အာနိသင်ထိရောက်မှု လျော့နည်းလာတတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှစ်ပတ်သုံးပတ်ခန့် ဆက်တိုက်သောက်သုံးပြီး တစ်ပတ်နှစ်ပတ်ခန့် မသောက်ဘဲ ခဏနားသင့်ပါတယ်။ နောက်ပိုင်းမှ ပြန်လည်သုံးစွဲသင့်တယ်လို့ အကြံပြုကြပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement