backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သဘာဝဆေးဖက်ဝင် အပင်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သဘာဝဆေးဖက်ဝင် အပင်များ

မြန်မာနိုင်ငံမှာ သဘာဝဆေးဖက်ဝင် အပင်တွေက တော်တော်ခေတ်စားပါတယ်။ အနောက်တိုင်း ဆေးဝါးတွေက ပြင်းတယ်၊ ဘေးထွက်ဆိုးကျိုးများတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သဘာဝဆေးဖက်ဝင်အပင်တွေကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သတိထားရမယ့် အချက်တွေကို ပြောပြပေးလိုပါတယ်။

သဘာဝဆေးဖက်ဝင် အပင်ဆိုတာ

အပင်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ အရွက်၊ အမြစ် စတဲ့ ပဉ္စငါးပါးကို လိုသလိုပြုပြင်ပြီး အသုံးချတာပါ။ ဒါတွေကို ရိုးရာနည်းအရ ပြုတ်သောက်၊ သုပ်စား စတာတွေ လုပ်သလို နောက်ပိုင်းမှာ ဆေးဖော်တဲ့နေရာ၊ အနောက်တိုင်းဆေးတွေလို ဆေးတောင့်တွေအနေနဲ့ သုံးလာကြပါပြီ။

ဒါပေမယ့် ဒီဆေးတွေက တခြားဆေးတွေလိုပါပဲ။ သေသေချာချာ မသုံးဘူးဆိုရင် ခန္ဓာကိုယ်ကို ဥပါဒ်ဖြစ်စေနိုင်ပါတယ်။

သဘာဝဆေးဖက်ဝင် အပင်တွေကို သုံးစွဲတဲ့အခါ သတိထားရမယ့် အချက်များ

တခြားသောက်နေတဲ့ ဆေးတွေရဲ့ အာနိသင်ကို ကျစေ၊ တိုးစေနိုင်တာမျိုး ရှိနိုင်ပါတယ်။ ဒါကနေ လိုအပ်တဲ့ ဆေးအာနိသင်မရတာ ဒါမှမဟုတ် ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာမျိုး ဖြစ်လာနိုင်ပါတယ်။

အနောက်တိုင်း ဆေးဝါးတွေမှာ ဆေးဓာတ်မတည့်တာ၊ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်တာမျိုး ရှိသလို သဘာဝဆေးဖက်ဝင်အပင်တွေကလည်း ဒါမျိုး ဖြစ်နိုင်ပါတယ်။

  • သဘာဝဆိုတိုင်း အန္တရာယ်ကင်းချင်မှ ကင်းတာပါ။

သဘာဝဆိုတိုင်း ကောင်းတာမဟုတ်ပါဘူး။ သေချာ သန့်စင်တာမျိုး မရှိ၊ စမ်းသပ်ထားတာမျိုး မရှိရင် လူကို ဘေးဖြစ်စေနိုင်ပါတယ်။

၉၆ပါး ရောဂါတွေ ပျောက်တယ်လို့ ကြော်ငြာတာ ကြားဖူးမှာပါ။ တကယ်တော့ ဒီလို အလုံးစုံကောင်းတဲ့ ဆေးဆိုတာ မရှိပါဘူး။ ရောဂါတစ်မျိုး၊ နှစ်မျိုးလောက်ကို သက်သာတာ ဖြစ်နိုင်ပေမယ့် ဘာပဲဖြစ်ဖြစ် ဒီဆေးတစ်မျိူးတည်း သောက်လို့ သက်သာတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

သဘာဝဆေးဖက်ဝင်အပင်တွေကို ကိုယ့်သဘောနဲ့ ကိုယ် မသောက်ဖို့ ပြောတဲ့အခါ တိုင်းရင်းဆေးကို အထင်သေးတယ်ဆိုပြီး သမုတ်ခံရပါတယ်။ တကယ်တော့ သဘာဝဆေးဖက်ဝင်အပင်တွေကို ထုလိုက်၊ ထောင်းလိုက်၊ သောက်လိုက်၊ လိမ်းလိုက်တာသည် ဆေးမြီးတိုသာ ဖြစ်ပါတယ်။ တိုင်းရင်းဆေးက အနောက်တိုင်းဆေးတွေလိုပဲ သူတို့မှာ တိကျတဲ့ ပမာဏ ရှိပါတယ်။ ဆေးအညွှန်းတွေ၊ ဆေးနံပါတ်တွေ ရှိပါတယ်။ ဆေးမြီးတိုနဲ့ မတူပါ။ တိုင်းရင်းဆေးဆရာကြီးတွေ၊ ဆရာမကြီးတွေ ညွှန်တဲ့ ဆေးဆိုရင်တော့ စိတ်ချလက်ချ သောက်နိုင်ပါတယ်။

  • အနောက်တိုင်းဆေးတွေက သဘာဝဆေးဖက်ဝင်အပင်တွေကပဲ လုပ်ထားတာပါ။

အနောက်တိုင်းဆေးက ထူးထူးခြားခြား ဆေးတွေ မဟုတ်ပါဘူး။ သဘာဝဆေးဖက်ဝင်အပင်က ဒြပ်ပေါင်းတွေကို ယူထားတာပါ။ အပင်တွေကို ဒီတိုင်းသုံးတာနဲ့ ကွာတာက သန့်စင်ပြီးမှ သုံးတာပါ။ သန့်စင်ပြီး လိုတဲ့ ဒြပ်ပေါင်းကိုပဲ သီးသန့်ထုတ်ယူတာပါ။ သန့်စင်လို့ မရမှ ပုံစံတူ ဒြပ်ပေါင်းကို ဓာတ်ခွဲခန်းမှာ ထုတ်တာပါ။ အပင်တွေကို ဒီတိုင်းတို့စား၊ ပြုတ်သောက်တဲ့အခါကျတော့ ဆေးဖက်ဝင်တဲ့ ဒြပ်ပေါင်းတွေရော၊ အဆိပ်ဖြစ်စေတဲ့ ဒြပ်ပေါင်းတွေရော ကိုယ်ထဲရောက်သွားပါတယ်။

  • ပမာဏ သိဖို့ လိုပါတယ်။

ဆေးဝါးတွေကို သောက်တဲ့အခါ ကလေး၊ လူကြီးလား။ တစ်နေ့ ဘယ်နှကြိမ်သောက်ရမှာလဲ။ တစ်ခါသောက် ဘယ်လောက်ပမာဏလဲ။ ဘယ်နှရက်သောက်ရမှာလဲ။ ဒါတွေကို သိဖို့ လိုပါတယ်။

သဘာဝဆေးဖက်ဝင် အပင်တွေကို မသောက်သင့်တဲ့သူတွေ

  • တခြားဆေးတွေ စွဲသောက်နေရတဲ့သူတွေ
  • အသည်း ဒါမှမဟုတ် ကျောက်ကပ်ရောဂါရှိသူတွေ (ဆေးတွေကို အသည်းနဲ့ ကျောက်ကပ်က ဖျက်ရတဲ့ အတွက်ကြောင့်ပါ)
  • ကင်ဆာဆေးသွင်းကုသမှု ခံယူသူတွေ (အသည်း၊ ကျောက်ကပ် ထိသွားခဲ့ရင် ကင်ဆာဆေးပါ ဆက်သွင်းမရဖြစ်တတ်ပါတယ်)
  • ခွဲစိတ်မှု ခံယူမယ့်သူတွေ
  • ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်
  • သက်ကြီးရွယ်အိုတွေ
  • ကလေးငယ်တွေ

သူတို့တွေကတော့ အပင်တွေကို ကိုယ့်သဘောနဲ့ကိုယ် ဆေးလုပ်မသောက်သင့်ပါဘူး။

ခွဲစိတ်လူနာများနဲ့ သဘာဝဆေးဖက်ဝင်အပင်များ

ခွဲစိတ်တာဖြစ်ဖြစ်၊ ဆရာဝန်က ဆေးအသစ်ညွှန်းတာဖြစ်ဖြစ် ကိုယ့်မှာ သောက်လက်စ ဆေးဖက်ဝင်အပင်တွေ ရှိတယ်ဆို ဆရာဝန်ကို ပြောပြသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့

-တချို့ ဆေးဖက်ဝင်အပင်တွေက ခွဲစိတ်တဲ့နေရာမှာ သုံးမယ့် မေ့ဆေး၊ ထုံဆေးတွေနဲ့ ဓာတ်ပြုနိုင်လို့ပါ။

သွေးခဲတာတွေ၊ သွေးပေါင်ချိန်တွေကို အပြောင်းအလဲဖြစ်စေနိုင်လို့ ခွဲစိတ်နေစဉ်နဲ့ ခွဲစိတ်အပြီးမှာ သွေးမတိတ်တဲ့ ပြဿနာ ဖြစ်လာနိုင်လို့ပါ။

ဒါကြောင့် တတ်နိုင်ရင် ခွဲစိတ်မှု မလုပ်ခင်နဲ့ ခွဲစိတ်အပြီးမှာ ဆေးဖက်ဝင်အပင်တွေ သောက်နေတာကို ရပ်ထားသင့်ပါတယ်။

သဘာဝဆေးဖက်ဝင် အပင်တွေကို ဆေးအနေနဲ့ ဝယ်သောက်မယ်ဆိုရင် ဘာတွေ သိထားသင့်သလဲ။

လက်ရှိမှာတော့ ဆေးဖက်ဝင်အပင်တွေကို သမားရိုးကျ ပြုတ်သောက်တာ၊ သုပ်စားတာမျိုး မဟုတ်ဘဲ အနောက်တိုင်းဆေးတွေလိုပဲ ဆေးလုံး၊ ဆေးတောင့်တွေ အနေနဲ့ ရောင်းချလာကြပါပြီ။ ဒါတွေကို ဝယ်သောက်မယ်ဆိုရင် အောက်ပါအချက်တွေကို သတိထားသင့်ပါတယ်။

  • ထုတ်လုပ်တဲ့ ကုမ္ပဏီက စိတ်ချရရဲ့လား။ FDA ခွင့်ပြုချက်ရထားပြီးသားလားဆိုတာကို စစ်ဆေးသင့်ပါတယ်။
  • ကိုယ်သောက်မယ့် ဆေးနဲ့ ပတ်သက်ပြီး တတ်နိုင်သမျှ လေ့လာသင့်ပါတယ်။ ဒီအပင်က ဘာအတွက်ကောင်းတာလဲ။ ဘယ်သူတွေ မသောက်သင့်ဘူးလဲ။
  • သောက်မယ်လို့ ဆုံးဖြတ်ပြီးသွားရင် ဆေးဘူးပါတဲ့ ဆေးအညွှန်းအတိုင်း အတိအကျလိုက်နာသင့်ပါတယ်။ ဆေးမသောက်ခင် အနည်းဆုံး အညွှန်းကို တစ်ခေါက်လောက်ဖတ်ပါ။ သတ်မှတ်ထားတဲ့ ပမာဏထက် ပိုမသောက်မိပါစေနဲ့။
  • မရှင်းတာရှိရင် ထုတ်လုပ်တဲ့ ကုမ္ပဏီကို ပြန်မေးပါ။
  • ဘေးထွက်ဆိုးကျိုးတွေကို သတိထားပါ။ သောက်နေရင်းနဲ့ ပျို့အန်တာ၊ မူးတာ၊ ဗိုက်မကောင်းတာမျိုးတွေ ဖြစ်လာရင် ဆေးပမာဏကို လျှော့တာ ဒါမှမဟုတ် ဆေးသောက်တာကို ရပ်ပြီး စောင့်ကြည့်သင့်ပါတယ်။
  • ဆေးဓာတ်မတည့်တာကိုလည်း သတိထားပါ။ စစချင်း ဆေးသောက်ပြီး အသက်ရှူရခက်လာတာ၊ အင်ပျင်တွေ ထွက်လာတာမျိုး ရှိခဲ့ရင် ဆေးရုံဆေးခန်းကို အမြန်သွားပါ။

Takeaway

သဘာဝဆိုတိုင်း အန္တရာယ်ကင်းတာ မဟုတ်တဲ့အတွက် ကိုယ်သေချာ မသိတဲ့ အပင်တွေ၊ အရွက်တွေကို ပြုတ်သောက်တာ၊ စားတာမျိုး မလုပ်သင့်ပါဘူး။ အထူးသဖြင့် အလွန်အကျွံ၊ ကြာရှည်စွဲသောက်တာမျိုးကို ဆင်ခြင်သင့်ပါတယ်။ ဆေးမြီးတိုနဲ့ တိုင်းရင်းဆေး မတူဘူးဆိုတာကိုလည်း သိစေချင်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဆေးပင်တွေကို သောက်မယ့်အစား စိတ်ချရပြီး FDAလက်မှတ်ရထားတဲ့ ဆေးဖက်ဝင်အပင်ကနေ ထုတ်ထားတာတွေကို မှီဝဲပါ။ မမှီဝဲခင်မှာ အညွှန်းကို သေချာဖတ်ပါလို့ အကြံပြုချင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement