backup og meta

သွေးတိုးခြင်းနဲ့ ပတ်သက်ပြီး မှားယွင်းသောအယူအဆ ၅ ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုးခြင်းနဲ့ ပတ်သက်ပြီး မှားယွင်းသောအယူအဆ ၅ ချက်

    သွေးတိုးခြင်းနဲ့ ပတ်သက်ပြီး မှားယွင်းသောအယူအဆ ၅ ချက်

    သွေးတိုးခြင်းက တစ်ခါတစ်လေ ထိန်းညှိရခက်ပါတယ်။ သင်ကျန်းမာနေတယ်လို့ သင်ထင်နေပေမယ့် ဒီသွေးတိုးခြင်းက သင့်ရဲ့ခန္ဓါကိုယ်ကို ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ သွေးတိုးခြင်းက လက္ခဏာတွေ သိပ်ပြလေ့မရှိဘဲ တစ်ခါတစ်လေ နှစ်နဲ့ချီပြီး ရှိလို့ရှိမှန်း မသိပါဘူး။ တကယ်လို့ မကုသဘဲထားလိုက်မယ်ဆိုရင် လေဖြတ်ခြင်း နှလုံးရောဂါဖြစ်ခြင်း တို့ပါ ကြုံတွေ့လာနိုင်ပါတယ်။ တကယ်လို့ သင့်မှာသွေးတိုးရှိနေပြီဆိုရင် ဒီသွေးတိုးရောဂါအကြောင်းကို လေ့လာထားသင့်ပါတယ်။

    အောက်မှာပြောပြသွားမှာက သွေးတိုးရောဂါနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ အယူအဆ ၅ ချက်ပါ။

    မှားယွင်းတဲ့အယူအဆ (၁) – သွေးတိုးရောဂါက ရောဂါကြီးကြီးမားမားမဟုတ်ဘူး

    သင့်အထင်လုံးဝမှားပါလိမ့်မယ်။ သွေးတိုးရောဂါဟာ အသံတိတ်လူသတ်သမားလို့တောင် တင်စားရတဲ့ထိဆိုးရွားပါတယ်။ သွေးတိုးရောဂါဟာ သင့်ရဲ့သွေးကြောလေးတွေ၊ ကျောက်ကပ် နှလုံးအပြင် တခြားအစိတ်အပိုင်းတွေကိုပါ ပျက်စီးစေပါတယ်။ ပုံမှန်ဆို နှလုံးခုန်ခြင်းဖြင့် လူ့ကိုယ်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို သွေးကိုအသုံးပြုပြီး သွေးကြောလေးတွေကတစ်ဆင့် ပို့လွှတ်ပါတယ်။ သွေးကြောလေးတွေကလည်း သွေးအဆင်ပြေပြေ စီးဆင်းနိုင်ဖို့ ကျယ်လိုက် ကျဉ်းလိုက် လုပ်ပေးပါတယ်။ တကယ်လို့ သင့်မှာသွေးတိုးရှိတယ်ဆိုရင် နှလုံးကနေ သွေးတွေကို တွန်းကန်တဲ့အားက မြင့်နေပါလိမ့်မယ်။

    သွေးတိုးကို အစောပိုင်းအခြေအနေတွေမှာ သိတာနဲ့ သိသိချင်းကုသဖို့လိုအပ်ပါတယ်။

    မှားယွင်းတဲ့အယူအဆ (၂) -သွေးတိုးကို ကာကွယ်လို့မရဘူး

    သင့်မိသားစုတွေမှာ သွေးတိုးရှိတဲ့အခါ သင့်အနေနဲ့ သွေးတိုရောဂါဟာ ကာကွယ်မရဘူးလို့ ထင်လာနိုင်ပါတယ်။ တကယ်တော့ ကာကွယ်လို့ရပါတယ်။

    • ကိုယ်အလေးချိန်ကို ထိန်းပါ။ လေ့ကျင့်ခန်းလုပ်ပါ။
    • အာဟာရမျှတစွာ စားပါ။ တော်ရုံသင့်ရုံသာစားပြီး အာဟာရဖြစ်စေနိုင်တာတွေကိုသာစားပါ။ ဆီ ၊အချို ၊အငန် လျှော့စားပါ။
    • အရက်သောက်တာလျှော့ပါ။
    • ဆေးလိပ်မသောက်ပါနဲ့။ သူတစ်ပါးသောက်တာကိုလည်း မရှူမိအောင်ရှောင်ပါ။
    • လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ တစ်နေ့ကို မိနစ် ၃၀ အနည်းဆုံးလုပ်ပြီး တစ်ပတ် ၅ ရက်အနည်းဆုံးလုပ်ပါ။
    • စိတ်ဖိစီးမှုကလည်း နှလုံးခုန်မြန်စေပြီး သွေးကြောတွေ တောင့်တင်းစေတဲ့ Chemical တစ်မျိုးထုတ်ပါတယ်။ တတ်နိုင်သမျှ စိတ်ဖိစီးမှု မဖြစ်အောင်နေပါ။

    နေထိုင်မှုပုံစံပြောင်းလဲတာတွေနဲ့ စိတ်ဖိစီးမှုလျှော့ချတာတွေဟာ သွေးတိုးရောဂါကိုကာကွယ်ဖို့အတွက် ရိုးစင်းပြီး ထိရောက်တဲ့နည်းလမ်းတွေပါ။

    မှားယွင်းတဲ့အယူအဆ (၃) – သွေးတိုးတိုင်းတဲ့အခါမှာ နံပတ်တစ်ခု ပုံမှန်ဖြစ်တာနဲ့ ကျန်တာပုံမှန်ပဲ

    မှားပါတယ်။ နံပတ်နှစ်ခုလုံးက အရေးကြီးပါတယ်။ သွေးတိုးတိုင်းတဲ့အခါမှာ နံပါတ်နှစ်ခုရှိပါတယ်။ အပေါ်တစ်ခု အောက်တစ်ခုပေါ့။ အပေါ်တစ်ခုကို Systolic blood pressure (အပေါ်သွေး) လို့ခေါ်ပါတယ်။ သူက နှလုံးခုန်လိုက်တိုင်း ထွက်သွားတဲ့ သွေးရဲ့ဖိအားပါ။ ၁၁၉ နဲ့အောက်က ပုံမှန်ပါ။ ၁၂၀ နဲ့ ၁၃၉ ကြားဆိုရင်တော့ သွေးတိုးရောဂါစနေပြီလို့ဆိုလိုရပြီး ၁၄၀ ကျော်ရင်တော့ သွေးတိုးရှိနေပါပြီ။ အောက်နံပါတ်ကတော့ Diastolic blood pressure (အောက်သွေး) လို့ခေါ်ပြီး သူက နှလုံးခုန်ခြင်းနားလိုက်တဲ့ အချိန်ကြားက သွေးရဲ့ဖိအားပါ။ ၇၉ နဲ့အောက်က ပုံမှန်ပါ။ ၈၀ နဲ့ ၈၉ ကြားက သွေးတိုးအစပြုလာပါပြီ။ ၉၀ အထက်ဆိုရင်တော့ သွေးတိုးရှိပါပြီ။

    နံပါတ်တစ်ခုခုက ပုံမှန်ဖြစ်နေရင် ပုံမှန်ပဲလို့ သင်ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ နံပါတ်နှစ်ခုလုံးက အရေးကြီးပါတယ်။ သင့်ရဲ့ သွေးဖိအားက တစ်နေ့လုံးပြောင်းလဲနိုင်ပါတယ်။ တကယ်လို့ နံပါတ်တစ်ခုခုက ပုံမှန်ထက် ဆက်တိုက် မြင့်နေမယ်ဆိုရင် ဆရာဝန်ဆီ အသိပေးပါ။ သွေးတိုးရောဂါဟာ စောစီးစွာကုသမယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်ပါတယ်။

    မှားယွင်းတဲ့အယူအဆ (၄) – သွေးတိုးရောဂါကို ဆေးသောက်ရုံနဲ့ ကုလို့ရတယ်

    မှားပါတယ်။ သွေးတိုးရောဂါကို ဆေးတစ်ခုတည်းနဲ့ ကုသလို့မရပါဘူး။ အစားအသောက် အချိုးကျအောင်စားခြင်း နေထိုင်မှုပုံစံပြောင်းခြင်းက သွေးတိုးကိုလျော့ကျစေပါတယ်။ သွေးတိုးရောဂါအတွက် ကုသမှုပုံစံ မျိုးစုံရှိပါတယ်။ သင့်ဆရာဝန်ကလည်း အခုပြောပြမယ့် ကုသမှုတွေကို ပေးကောင်းပေးနိုင်ပါတယ်။

    DASH diet plan : သူ့ရဲ့အရှည်ကောက်ကတော့ the Dietary Approaches to Stop Hypertension ဖြစ်ပါတယ်။ သွေးတိုးခြင်းကို ရပ်တန့်ဖို့ အစားအသောက်ဖြင့် ချဉ်းကပ်နည်း ဖြစ်ပါတယ်။ ဒီကုသမှုမှာ ဆီလျှော့စားခြင်း သစ်သီး နှင့် ဟင်းသီးဟင်းရွက်များများစားခြင်း တို့ပါဝင်ပါတယ်။ ဒီကုသမှုမှာ အစားအသောက်တွေထဲ ဆားလျှော့စားဖို့အတွက် ဆားမထည့်ဘဲ အရသာရှိစေတဲ့ တခြားနည်းလမ်းတွေလည်း ပါပါတယ်။ အရက်သောက်ခြင်းကိုလည်း လုံးဝလျှော့ခိုင်းပါလိမ့်မယ်။ အရက်က သွေးဖိအားတက်စေတာကြောင့်ပါ။

    ကိုယ်အလေးချိန် ထိန်းခြင်း : အဝလွန်ခြင်းကလည်း သွေးတိုးဖြစ်နိုင်ခြေများစေပါတယ်။ အပေါ်ကပြောသွားတဲ့ DASH plan ကိုလိုက်နာနေစဉ်အတွင်း လေ့ကျင့်ခန်းလည်း လုပ်ပေးပါ။

    ဆေးလိပ်မသောက်ရ။ ။ ဆေးလိပ်သောက်ခြင်းက သွေးဖိအားတိုးလာစေတဲ့အပြင် နှလုံးနဲ့ သွေးကြောတွေကိုပါ တိုက်ရိုက် ထိခိုက်စေပါတယ်။

    ဆေးသောက်ခြင်း။ ။ သင့်ရဲ့သွေးတိုးရောဂါကို ထိန်းချုပ်ဖို့ ဆရာဝန်အနေနဲ့ ဆေးပေးပါလိမ့်မယ်။ ဆေးတစ်မျိုးတည်းနဲ့လည်း သွေးတိုးရောဂါကို ထိန်းချုပ်ဖို့ မလုံလောက်ပါဘူး။ ဆရာဝန်အနေနဲ့ အောက်ပါဆေးညွှန်းတွေကို ပေးနိုင်ပါတယ်။

    • Diuretics ဆိုတဲ့ဆေးက ကိုယ်အတွင်းရှိ မလိုအပ်တဲ့ အရည်တွေကို ဖယ်ရှားပေးတဲ့အပြင် ပိုနေတဲ့ sodium တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဒီဆေးက ကိုယ်တွင်းရှိ အဆိပ်အတောက်တွေကိုလည်း ပျက်ပြယ်စေပါတယ်။
    • ACE inhibitors, alpha-blocker နဲ့ calcium channel blocker စတဲ့ဆေးတွေကလည်း သင့်သွေးကြောတွေကို ပွင့်စေပြီး နှလုံးကို ဝန်ပိခြင်းမှ ကာကွယ်ပါတယ်။
    • Beta-blockers ဆေးတွေကလည်း သင့်နှလုံးခုန်နှုန်းကို လျော့ကျစေပြီး သွေးကြောတွေကို တင်းကြပ်စေခြင်းမှ ကာကွယ်ပါတယ်။

    ဆေးနည်းတွေကို ပေါင်းစပ်ခြင်းက လူအပေါ်လိုက်ပြီး ခက်ခဲနိုင်ပါတယ်။ ဒီဆေးနည်းတွေကြောင့် သင်ဘယ်လိုဖြစ်လာလည်းဆိုတာကိုလည်း ဆရာဝန်ကို အသိပေးပါ။

    မှားယွင်းတဲ့အယူအဆ (၅)-သွေးတိုးရောဂါ ကုသနည်တွေက ထိရောက်မှုမရှိဘူး

    မမှန်ပါဘူး။ ပထမဆုံး ကုသခြင်းမှာတော့ သိပ်ထိရောက်မှုမရှိတာဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့်နောက်ပိုင်း ကိုယ်နဲ့သင့်တော်တဲ့ ကုသမှုကိုရှာတွေ့ပြီဆိုရင် ထိရောက်မှုက သိသာလာပါလိမ့်မယ်။ အောက်မှာပြောပြမှာကတော့ သင့်ကုသမှုတွေကို ထိရောက်မှုပိုရှိစေမယ့် နည်းလမ်းတွေပါ။

    • သင့်သွေးတိုးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း မကြာခဏစစ်ပါ။
    • ကုသမှုကို တသွေမတိမ်းလိုက်နာပါ။ တကယ်လို့ ကုသမှုမှာ သင့်အတွက်ဆိုးကျိုးရှိနေရင် ဆရာဝန်ကို ချက်ချင်းပြောပါ။
    • ဆရာဝန်နဲ့ အချိန်မှန်မှန်တွေ့ပါ။
    • သင့်ကိုပေးထားတဲ့ဆေးတွေအကြောင်းကို ဆရာဝန်ကိုမေးပြီး သိအောင်လုပ်ထားပါ။ ဒါမှသာ ဆေးနဲ့ပတ်သက်တဲ့ ပြဿနာပေါ်ခဲ့ရင် သင်ဆရာဝန်ကိုချက်ချင်းပြောနိုင်မှာပါ။

    သွေးတိုးရောဂါနဲ့ ပတ်သက်တဲ့ မှားယွင်းတဲ့အယူအဆတွေကို သိခြင်းအားဖြင့် သင့်အနေနဲ့ ဘယ်ဟာမှန်လဲ ဘယ်ဟာလုပ်သင့်လဲဆိုတာကို သိလာနိုင်ပါတယ်။ သွေးတို့ရောဂါအကြောင်းသိထားခြင်းက သင့်ကိုယ်သင် ကြိုတင်ကာကွယ်ရာလည်း ရောက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement