backup og meta

လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်တွေ ဘယ်လောက်တိကျသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 14/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်တွေ ဘယ်လောက်တိကျသလဲ

    အသံတိတ်လူသတ်ရောဂါတစ်မျိုးဖြစ်တဲ့ သွေးတိုးရောဂါကို အထိရောက်ဆုံးကာကွယ်နိုင်တဲ့နည်းကတော့ သွေးပေါင်ချိန်မှန်မှန်တိုင်းတာဖို့ပဲ ဖြစ်ပါတယ်။ဒီလိုလုပ်ဖို့အတွက်လည်း အလွယ်တကူသုံးစွဲနိုင်တဲ့  အိမ်သုံးသွေးပေါင်ချိန်တိုင်းစက်မျိုးစုံ ဈေးကွက်ထဲမှာရှိနေပါပြီ။ တီထွင်မှုအား ကောင်းလာတဲ့အတွက် အရင်လိုသွေးပေါင်ချိန် တစ်ခါတိုင်းဖို့အတွက် လက်ပတ်တွေ၊ လက်ညှစ်ပူဖောင်းတွေ၊ နားကြပ်တွေနဲ့ ရှုပ်ယှက်ခပ် နေစရာမလိုတော့ပါဘူး။ လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်တွေ ရှိနေပါပြီ။

    နောက်ဆုံးပေါ်သွေးပေါင်ချိန်တိုင်းစက်တွေမှာ လက်ပတ်လေးပတ်ပြီး ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့တင် စက္ကန့်ပိုင်းအတွင်းအဖြေထုတ်ပေးနိုင်တဲ့အထိ အဆင့်မြင့်လာပါပြီ။ တချို့စက်တွေက သွေးပေါင်ချိန် ရလဒ်ကို ကိုယ့်ဖုန်းထဲအထိ အလိုအလျောက်ပို့ပေးနိုင်တဲ့အပြင် အဖြေက စိုးရိမ်စရာရှိနေခဲ့ရင် ကိုယ်နဲ့ချိတ်ဆက်ထားတဲ့ဆရာဝန်ကိုပါ တိုက်ရိုက်အသိပေးတဲ့အထိ တိုးတက်လာပါပြီ။

    ဒါပေမဲ့ တစ်ခုရှိတာက တိုင်းတာရရှိတဲ့ သွေးပေါင်ချိန်ရလဒ်တွေ မှန်ဖို့လည်း လိုပါသေးတယ်။ လက်မောင်းပတ် သွေးပေါင်ချိန်တိုင်းစက်တွေက အရင်တုန်းကသုံးခဲ့တဲ့ သွေးပေါင်ချိန်တိုင်းစက်နဲ့ အလုပ်လုပ်ပုံသိပ်မကွာတဲ့အတွက် နည်းမှန်လမ်းမှန် တိုင်းတာမယ်ဆို အတော်လေးတိကျတဲ့ အဖြေရရှိမှာပါ။

    လက်မောင်းပတ်တိုင်းတာတဲ့စက်တွေကို အခုချိန်မှာ အတော်ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေကြပြီး လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်နဲ့ လက်ချောင်းမှာ သွေးပေါင်ချိန်တိုင်းတာပေးတဲ့ စက်တွေကိုလည်း အသုံးပြုလာတာတွေ့လာရပါတယ်။ ဒီတစ်ခေါက်မှာတော့ လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်တွေ ရဲ့ တိကျမှုနဲ့ အသုံးပြုမယ်ဆို သတိထားသင့်တဲ့ အချက်တွေကို ပြောပြပါ့မယ်။

    လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်တွေ ရဲ့ အားနည်းချက်များ

    • လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်တွေရဲ့အဓိကအားနည်းချက်ကတော့ တိုင်းတာနေချိန်မှာ ခန္ဓာကိုယ်အနေအထားနည်းနည်းလေးပြောင်းလိုက်တာနဲ့ အဖြေပြောင်းလဲသွားတာပါပဲ။ ဒီစက်တွေက လူနာရဲ့ အနေအထားကို အရမ်း Sensitive ဖြစ်ပါတယ်။

      သွေးပေါင်ချိန်တိုင်းတဲ့နေရာက နှလုံးနဲ့တပြေးညီဖြစ်မှ တိကျတဲ့ သွေးပေါင်ချိန်အဖြေရနိုင်မှာပါ။ ဒါ့ကြောင့် လက်ကောက်ဝတ်ပတ်သွေးပေါင်ချိန်တိုင်းစက်နဲ့ တိုင်းတာချိန်မှာ လက်ကို ဆန့်ကျင်ဖက်ပုခုံးပေါ် ကန့်လန့်ဖြတ်တင်ထားပြီး နှလုံးနဲ့ သွေးပေါင်ချိန်တိုင်းစက်နဲ့ တပြေးညီဖြစ်အောင်ထားပြီးမှ တိုင်းသင့်ပါတယ်။

    • ဒီလိုတိုင်းတာရင်တောင်မှ လက်မောင်းက တိုင်းတာရရှိတဲ့ အဖြေထက် များနေနိုင်ပြီး လွဲချော်မှုတွေ ရှိနေနိုင်ပါသေးတယ်။ ၂၀၁၆ ခုနှစ်ထုတ် သွေးတိုးရောဂါဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာမှုအရဆိုရင် လက်ကောက်ဝတ်ပတ်သွေးပေါင်ချိန်တိုင်းစက်အသုံးပြုသူတွေရဲ့ ၈၀% ကျော်ရဲ့ သွေးပေါင်ချိန်ရလဒ်က သာမန်ထက်များနေတာကို တွေ့ရှိခဲ့ရပါတယ်။

      ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ သွေးပေါင်ချိန် တိုင်းတာတယ်ဆိုတာ သွေးကြောတွင်းက သွေးတွေက သွေးကြောနံရံတွေအပေါ်ကို သက်ရောက်နေတဲ့ဖိအားကို တိုင်းတာပေးတာဖြစ်ပါတယ်။ လက်ကောက်ဝတ်အတွင်းက သွေးကြောတွေက လက်မောင်းသွေးကြောတွေထက် ပိုသေးငယ်ကျဉ်းမြောင်းပြီး အရေပြားနဲ့အရမ်းနီးကပ်နေတဲ့အတွက် သွေးပေါင်ချိန်ကို တိတိကျကျမတိုင်းတာပေးနိုင်တာပဲဖြစ်ပါတယ်။

    လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်စက်တွေက ဘယ်သူတွေနဲ့ သင့်တော်သလဲ။

    ဒါဆို လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်တွေကို လုံးဝမသုံးရတော့ဘူးလားလို့ မေးစရာရှိပါတယ်။ ဒီလိုလည်း မဟုတ်ပါဘူး။ လက်မောင်းပတ်သွေးပေါင်ချိန်တိုင်းစက်တွေလောက် တိကျမှုမရှိပေမယ့် ဒီစက်တွေနဲ့မှ အဆင်ပြေတဲ့သူတွေလည်း ရှိနေပါတယ်။

    အထူးသဖြင့် အရမ်းဝပြီး လက်မောင်းအရမ်းတုတ်တဲ့သူတွေဆို လက်မောင်းပတ် သွေးပေါင်ချိန်စက် အသုံးပြုလို့ မရနိုင်ပါဘူး။ လက်ပတ်ပတ်လို့ရရင်တောင် လေသွင်းလိုက်ချိန်မှာ လက်မောင်းကို အတင်းဆွဲညှစ်သလိုဖြစ်သွားနိုင်တဲ့အတွက် သွေးပေါင်ချိန်တိုင်းဖို့ ခက်ခဲနိုင်ပါတယ်။ ဒီလိုလူတွေဆို လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်စက်က အဆင်ပြေစေမှာပါ။

    နောက်ပြီး ရင်သွားကင်ဆာခွဲစိတ်မှုခံယူထားတဲ့သူတွေမှာ ရင်သားနဲ့ လက်မောင်းထဲက ပြန်ရည်ကြောအကျိတ် တွေ တစ်ခါတစ်ရံ ရောင်ရမ်းတတ်ပါတယ်။ ပြန်ရည်ကြောအကျိတ်တွေဆီ သွေးစီးဆင်းမှုအားကောင်းသွားလေ အကျိတ်တွေ ရောင်ရမ်းလာနိုင်လေပါပဲ။

    သွေးပေါင်ချိန်တိုင်းချိန်မှာ တိုင်းတဲ့နေရာအပေါ် စက္ကန့် ပိုင်းလောက် ဖိအားများများပေးဖို့လိုတဲ့အတွက် ပြန်ရည်ကြောအကျိတ်တွေဆီ သွေးစီးဆင်းမှု များသွားတတ်ပါတယ်။

    ဒါကြောင့်မို့ ရင်သားကင်ဆာခွဲစိတ်မှုခံယူထားတဲ့အခြမ်းမှာ လက်မောင်းပတ်သွေးပေါင်ချိန်စက်ကို တတ်နိုင်သလောက် အသုံးမပြုသင့်ပါဘူး။ ဒီအစား လက်ကောက်ဝတ်ပတ်သွေးပေါင်ချိန်စက်နဲ့ တိုင်းတာနိုင်ပါတယ် (ဒါမှမဟုတ်) ရိုးရိုးလက်ညှစ်သွေးပေါင်ချိန်တိုင်းနည်းနဲ့လည်း တိုင်းနိုင်ပါတယ်။

    အတိုချုံးပြောရမယ်ဆို အိမ်တွင်းသုံးသွေးပေါင်ချိန်တိုင်းစက်တွေမှာ အားသာချက်တွေရှိတဲ့အတွက် အသုံးပြုသင့်ပါတယ်။ ဆေးရုံဆေးခန်းရောက်မှသွေးပေါင်ချိန်တိုင်းတာခြင်းက လူနာကို ကြောက်လန့်စိတ်အနည်းနဲ့အများ ဖြစ်စေတဲ့အတွက် ရလာတဲ့အဖြေအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။

    အိမ်မှာတိုင်းတာဖို့ စက်ဝယ်ယူမယ်ဆို အပေါ်မှာပြောခဲ့တဲ့သူတချို့ကလွဲရင် တိုင်းတာနည်းလည်းမှန်ကန်သလို အဖြေလည်းပိုတိကျတဲ့ လက်မောင်းပတ်သွေးပေါင်ချိန်တိုင်းစက်ကို အသုံးပြုဖို့ပိုအားပေးပါတယ်။

    Dr. Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 14/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement