backup og meta

တချို့သွေးတိုးရောဂါသည်တွေ ဘာလို့ အငန် မရှောင်တာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တချို့သွေးတိုးရောဂါသည်တွေ ဘာလို့ အငန် မရှောင်တာလဲ

    သွေးတိုးရောဂါသည် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကြောင့်လည်း ဖြစ်နိုင်သလို မွေးရာပါ သို့မဟုတ် မိဘမျိုးရိုးအရလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ ခုနောက်ပိုင်းမှာတော့ လူငယ်တွေမှာသာမက ကလေးတွေမှာပါ ငယ်ငယ်လေးနဲ့ သွေးတိုးရောဂါ အဖြစ်များလာပါတယ်။

    သွေးတိုးရောဂါဆိုတာနဲ့ လူတိုင်းက အငန်ကို အဓိက ရှောင်ရမယ်ဆိုတာ သိကြပါတယ်။ အငန်ဓာတ်ကို အပေးနိုင်ဆုံးကတော့ ဆားပေါ့။ ဆားကို ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဟင်းချက်တဲ့အခါ မပါမဖြစ် အများဆုံး ထည့်ချက်ကြပါတယ်။ ဆားမှာ ပါတဲ့ ဆိုဒီယမ်ဓာတ်ကို ခန္ဓာကိုယ်က အသုံးပြုသလို လိုလည်း လိုအပ်ပါတယ်။ ပုံမှန် ကျန်းမာတဲ့ လူတစ်ယောက်ဟာ ဆားတွေ စားမိလိုက်တဲ့အခါ ကျောက်ကပ်ကနေ တစ်ဆင့် ဆီးအဖြစ်နဲ့ အပြင်ဘက်ကို စွန့်ထုတ်လိုက်ပါတယ်။ ဒါပေမယ့် စားတဲ့ ဆားပမာဏက အတိုင်းအတာတစ်ခုကို ကျော်လွန်သွားတဲ့အခါ ကျောက်ကပ်က ဆီးအဖြစ်နဲ့ အကုန်မစွန့်ထုတ်နိုင်တော့ပါဘူး။ အဲ့ဒီအခါ အနည် အဖြစ်နဲ့ သွေးထဲမှာ ကျန်ခဲ့ပါတယ်။ သွေးထဲမှာ ဆားဓာတ်တွေ များလာလေ၊ သွေးရည်က ကျဲလာလေ၊ သွေးပေါင်တိုးလေ ဖြစ်ပြီး သွေးတိုးရောဂါ အစပျိုးလာတော့တာပါပဲ။

    ဒါဆို သွေးတိုးရောဂါ ရှိပြီဆိုရင် ဘာလုပ်ရမလဲ။

    အဓိကကတော့ အငန်ဓာတ်ကို ပေးစွမ်းနိုင်တဲ့ ဆားကို နည်းနိုင်သလောက် နည်းအောင် လျှော့ရမှာပါ။ တကယ်တမ်းမှာ အပြောထက် အလုပ်က ပိုခက်တယ်ဗျ။ ဘာလို့လဲဆိုတော့ မွေးရာပါ မဟုတ်ဘဲ အသက်ကြီးလာတော့မှ သွေးတိုးဖြစ်တဲ့သူ တော်တော်များများက ဆားကို မရှောင်ကြပါဘူး။ ကိုယ့်မှာ သွေးတိုးရှိနေမှန်း သိသိကြီးနဲ့လည်း စားနေကြတာပါပဲ။ လူကြီးတွေရော၊ လူငယ်တွေရောပေါ့ဗျာ။ ကလေးတွေကတော့ ငယ်ငယ်တည်းက မိဘတွေက ကိုယ့်ကလေး ကျန်းမာရေး အခြေအနေကို သိထားတဲ့အတွက် စားသောက်ပုံစံကို တဖြည်းဖြည်းချင်း ပြင်ဆင်ပေးလိုက်ရာကနေ အကျင့်ဖြစ်သွားလို့ အရမ်း စိတ်မပူရတော့ပါဘူး။

    ဒါဆို လူငယ်တွေ၊ လူကြီးတွေ ဘာကြောင့် ဆားကို မရှောင်နိုင်ကြတာလဲ။

    အကုန်လုံးတော့ မဆိုလိုပါဘူး။ တချို့သော သွေးတိုးရောဂါရှင်တွေက ဆားကို လုံးဝ မရှောင်ကြပါဘူး။ အဲ့လို မရှောင်ဘဲ စားချင်ရာ စားတော့ ဝေဒနာရှင်သာမက သူ့ကို ပြုစုနေတဲ့ မိသားစုဝင်တွေရော အားလုံး ဒုက္ခရောက်ရတာပေါ့။ ဒါ့အပြင် အဲ့လိုမျိုး စားတတ်တဲ့သူတွေက ဒီသွေးတိုးနဲ့ပဲ မြန်မြန် အသက်သေဆုံးနိုင်ပါတယ်။ ဆားကို မရှောင်နိုင်တဲ့ အကြောင်းရင်းကို ခြေရာပြန်ကောက်ကြည့်လိုက်တဲ့အခါ

    ၁။ မွေးအကျင့် သေမှပျောက် ဆိုသလို တစ်သက်လုံး အငန်စာပဲ စားလာတဲ့သူတွေက ရုတ်တရက်ကြီး အငန်စာ တစ်နည်းအားဖြင့် ကိုယ်စားနေတဲ့ အစားအစာမှာ ဆားမပါရင် ဘယ်လိုမှ မစားတတ်တော့တာပါ။ အဲ့တော့ မရှောင်နိုင်ဘဲ နည်းနည်းစီ ဆားထည့်တယ်။ အဲ့လိုကနေ တဖြည်းဖြည်းနဲ့ များလာပြီး နဂိုပုံမှန် စားနေကျအတိုင်း ပြန်ဖြစ်သွားပါတယ်။

    ၂။ မြန်မာလူမျိုး အပါအဝင် အရှေ့တောင်အာရှ လူမျိုးတွေရဲ့ ရိုးရာဟင်းလျာ (ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက်ဆိုရင် မြန်မာဟင်းလျာတွေပေါ့ဗျာ) တွေက အရသာ အလေးဘက်ကို အရမ်းသွားပါတယ်။ ဒီလိုမျိုး လေးတဲ့ အရသာမျိုး ရဖို့ ဆားကို တော်တော်လေး ထည့်ထားရပါတယ်။ ဒီတော့ မြန်မာလူမျိုးမှန်ရင် မြန်မာထမင်း ဟင်း မပါရင် မစားရရင် ခံတွင်းမတွေ့တော့သလို ဖြစ်ပြီး ဒါတွေပဲ စားကြတော့တာပေါ့။

    ၃။ နောက်တစ်ခုက မလုပ်နဲ့လို့ တားရင် ပိုလုပ်ချင်တဲ့ တွန်းလှန်စိတ်ပါ။ ပုံမှန်အားဖြင့် လူငယ်တွေ၊ ဆယ်ကျော်သက် လူပျို၊ အပျိုဖော်ဝင်ကာစ အရွယ်ဆိုရင် အဲ့လို အမူအကျင့်တွေ တွေ့ရတတ်ပါတယ်။ အသက်ကြီးလာလို့လည်း ငယ်မူတွေက လုံးဝပျောက်သွားတာမျိုး မဟုတ်ပါဘူး။ တိမ်ငုပ်နေတာပဲ ရှိတာပါ။ အဲ့လို တွန်းလှန်စိတ်က ဒီလိုနေရာမှာ ဆားကို လုံးဝမစားရဘူးနော်လို့ တစ်ယောက်ယောက်က မှာလိုက်ပြီဆိုတာနဲ့ မသိစိတ်က ဒီအငန်ဓာတ်က တောင့်တလာတော့တာပေါ့။ အဲ့လို တောင့်တတဲ့ စိတ်ကို မချိုးနှိမ်နိုင်ရင်တော့ စားပြီးရင်း စားရင်းကနေ အသက်ထွက်သွားတဲ့အထိ ဖြစ်သွားပါလိမ့်မယ်။

    ၄။ ခေါင်းမာတာပါ။ လူအများစု အထူးသဖြင့် ယောက်ျားတွေသည် အလွန် ခေါင်းမာသလို ကျန်းမာရေးနဲ့ ပတ်သက်လာရင်လည်း ဗဟုသုတ မရှိတဲ့အတွက် ကြောက်ရကောင်းမှန်း မသိပါဘူး။ မကြောက်တဲ့အခါ ဘာလုပ်သလဲဆိုတော့ ကိုယ်လုပ်ချင်ရာ လုပ်တော့တာပေါ့။ ဆရာဝန်က ဒါမစားနဲ့ မှာရင် စားတော့လည်း ဘာဖြစ်လဲဆိုပြီး ထင်သလို စားတတ်ကြပါတယ်။ ထင်သလို စားရင်တော့ ရောဂါကလည်း ဒီအတိုင်း ငြိမ်နေမှာတော့ မဟုတ်ပါဘူးဗျ။

    ဒီတော့ မိသားစုဝင်တွေအနေနဲ့လည်း သွေးတိုးဝေဒနာရှင်တွေကို သေချာ စောင့်ကြည့်နေဖို့ လိုပါတယ်။ လူလစ်ရင် လစ်သလို၊ မထင်ရင် မထင်သလို ဟင်းခတ်မှုန့်တွေ၊ ဆားတွေ အများကြီး ပစ်ထည့်တာမျိုးတွေ လုပ်တတ်ပါတယ်။ သူကတော့ စားလိုက်ရတဲ့ ခဏလေးမှာ ဆန္ဒတွေ ပြည့်ပြီး နေလို့ ကောင်းသွားတယ် ဆိုပေမယ့် ပြီးတော့မှ ခေါင်းမူး၊ သွေးတိုးပြီး နှလုံးအမောဖောက်တာ၊ လေဖြတ်တာအထိ ဖြစ်လာရင် မိသားစုဝင်တွေပါ ဒုက္ခလှလှ တွေ့ရမှာပါ။ အဲ့ဒီအတွက် သွေးတိုးရောဂါရှင်တွေအတွက် ဘာစားရမလဲ၊ ဘာရှောင်ရမလဲဆိုတာကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သေချာလုပ်ဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement