သွေးတိုးစေရတဲ့ အကြောင်းရင်းတွေထဲမှာ စိတ်ဖိစီးမှု လည်း ပါပါတယ်။ စိတ်ဖိစီးမှုကြောင့် သွေးတိုးမရှိတဲ့သူလည်း သွေးတက်လာနိုင်သလို၊ နဂိုရောဂါအခံရှိပြီးသားလူဆိုရင်လည်း ပိုပြီး တိုးလာနိုင်ပါတယ်။ လူတော်တော်များများက စိတ်ဖိစီးတာကို သတိမပြုမိကြတဲ့အတွက် သွေးတိုးတာကိုပဲ ပြဿနာတစ်ခုလို သဘောထားပြီး ဖြေရှင်းတတ်ပါတယ်။ အကြောင်းရင်းခံဖြစ်တဲ့ စိတ်ဖိစီးမှုကို မဖြေရှင်းသရွေ့ကတော့ သွေးက ဆက်တိုးနေဦးမှာပါပဲ။
စိတ်ဖိစီးမှု ကြောင့် သွေးတိုးတက်သလား။
စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်က stress ဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေက သွေးကြောတွေကို ကျုံ့စေတဲ့အတွက် သွေးဖိအားကို တက်စေပါတယ်။ ဒါပေမယ့် ဒါက ယာယီပါပဲ။ စိတ်ဖိစီးမှု သက်သာသွားလို့ ဟော်မုန်းတွေ ပြန်နည်းသွားရင် သွေးဖိအားလည်း ပြန်ကျသွားပါတယ်။
ဒါပေမယ့် နေ့စဉ်ရက်ဆက် စိတ်တွေ ဖိစီးနေရင်တော့ ဟော်မုန်းတွေလည်း တောက်လျှောက် ထွက်နေပြီး သွေးတွေ ဆက်တိုက် တက်နေမှာပါ။ ဒီလိုအခါမျိုးဆိုရင်တော့ သွေးတိုးရောဂါလိုပဲ ခန္ဓာကိုယ်ကို ရေရှည်မှာ ဒုက္ခပေးတတ်ပါတယ်။ နောက်ပြီး တကယ့် သွေးတိုးရောဂါနဲ့လည်း မှားနိုင်ပါတယ်။
စိတ်ဖိစီးမှု ကြောင့် သွေးတက်တဲ့အခါ သွေးပြန်ကျအောင် ဘာလုပ်သင့်သလဲ။
မေးခွန်းမှာ ပါသွားပါပြီ။ ‘စိတ်ဖိစီးလို့’ လို့ ဆိုတာကြောင့် စိတ်ဖိစီးမှုကို လျှော့ချရပါမယ်။ သူက တရားခံပါ။ ဒါပေမယ့် လက်တွေ့မှာ သွေးတိုးနဲ့ စိတ်ဖိစီးမှု တွဲလာရင် သွေးတိုးကိုပဲ ရောဂါမှတ်တတ်ကြပါတယ်။ တကယ်တော့ သူက ရောဂါမဟုတ်ပါဘူး။ စိတ်ဖိစီးမှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာပါ။ သွေးတိုးကိုပဲ အမြန်ချပြီး စိတ်ဖိစီးမှုကို မလျှော့ဘူးဆိုရင် နောက်နေ့တွေမှာလည်း သွေးတိုးနေဦးမှာပါ။
စိတ်ဖိစီးမှုက လူတိုင်းမှာ ရှိပေမယ့် ကိုယ့်ကိုယ်ကို ရှိမှန်း မသိကြပါဘူး။ ဒါကြောင့်လည်း မြင်သာထင်သာရှိတဲ့ သွေးတိုးကိုပဲ မဲပြီး ချကြတာပါ။ စိတ်ဖိစီးမှုကို မထိန်းနိုင်သရွေ့က သွေးတွေ တက်ပါမယ်။ သွေးတိုးရောဂါနဲ့ မှားနိုင်ပါတယ်။ မလိုအပ်ဘဲ ဆေးတွေ သောက်ရနိုင်ပါတယ်။
စိတ်ဖိစီးမှု လျှော့ချနိုင်ဖို့
နဂိုက အကောင်း ဒါမှမဟုတ် သွေးတိုးရှိပေမယ့်် ဆေးတွေနဲ့ ကောင်းကောင်းထိန်းထားနိုင်သူ တစ်ယောက်က သွေးတွေ တက်လာပြီ။ ၁၆၀တွေ၊ ၁၈၀တွေ ဖြစ်လာပြီဆိုရင် အရင်ဆုံး ကိုယ့်စိတ်ထဲမှာ ဘာဖြစ်နေလဲဆိုတာ တွေးကြည့်ပါ။ စိတ်ဖိစိးနေတာလား၊ ပူပန်မှုတွေ များနေတာလားပေါ့။ ဒါတွေရှိနေရင် ဒါကို အရင်ဖြေလျှော့ပါ။
-အရင်ဆုံး တိတ်ဆိတ်တဲ့ တစ်နေရာကို သွားပြီး လှဲပြီးဖြစ်ဖြစ်၊ ထိုင်ပြီး ဖြစ်ဖြစ် သက်သောင့်သက်သာ နေပါ။
–အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။ လက်တစ်ဖက်က ဗိုက်ပေါ်တင်၊ နောက်တစ်ဖက်က ရင်ဘတ်ပေါ်တင်ပါ။ အသက်ကို အားလေးနဲ့ ရှိုက်ပြီး ရှည်ရှည် ရှူသွင်းပါ။ ပြီးရင် ခဏအောင့်ထားပါ။ ရှည်ရှည်ပြန်ရှူထုတ်ပါ။ ရှူသွင်းတဲ့အခါ ဝမ်းဗိုက်ဖောင်းလာပြီး၊ ရှူထုတ်တဲ့အခါ ဝမ်းဗိုက်ပိန်သွားတာကို အာရုံစိုက်ပါ။ ဒီလေ့ကျင့်ခန်းကို ၅ခါ ၆ခါလောက် လုပ်လိုက်ပါ။
–တရားထိုင်တဲ့ အလေ့ကျင့်ရှိရင် တရားထိုင်ပါ။
-လက်ရှိမှာ ကိုယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာရှိရင် ဒါနဲ့ဝေးဝေး နေပါ။ ဥပမာ ဖုန်းထဲက သတင်းတွေကြောင့် စိတ်ညစ်နေရတယ်ဆို ဖုန်းသုံးတာ ခဏနားထားပါ။
-ကိုယ်နှစ်သက်တဲ့ အလုပ်တစ်ခုခုနဲ့ အာရုံလွှဲပါ။ ဥပမာ သီချင်းဆိုတာဖြစ်ဖြစ်၊ အိမ်ရှင်းချလိုက်တာဖြစ်ဖြစ်။
-အပြင်ထွက်နိုင်ရင် ထွက်လိုက်ပါ။ အိမ်နီးပတ်ဝန်းကျင်ကို လမ်းထွက်လျှောက်တာ၊ ခြံထဲဆင်းလျှောက်တာဖြစ်ဖြစ် လုပ်နိုင်ပါတယ်။
ဒီနည်းတွေနဲ့ တတ်နိုင်သလောက် အာရုံပြောင်းပါ။ စိတ်ကလေး နည်းနည်း ငြိမ်သွားမှ သွေးပေါင်ပြန်ချိန်ကြည့်ပါ။ ဒါလည်း တက်နေသေးတယ်ဆိုရင် ဆရာဝန်နဲ့ ပြကြည့်ပါ။
ဘာတွေ မလုပ်သင့်ဘူးလဲ။
စိတ်ဖိစီးလို့ သွေးတက်တယ်ဆိုတာကို ခေါင်းကိုက်လို့ သွေးပေါင်ချိန်ကြည့်ပြီး သိကြတာ များပါတယ်။ ဆိုလိုတာက ခေါင်းကိုက်တယ်၊ သွေးများတက်နေသလား မသိဘူးဆိုပြီး သွေးပေါင်ချိန်တယ်။ တကယ်လည်း တက်နေတော့ စိတ်ထဲမှာ သွေးတက်လို့ ခေါင်းကိုက်တယ်လို့ပဲ ထင်သွားကြတယ်။ တကယ့်အကြောင်းအရင်းဖြစ်တဲ့ စိတ်ဖိစီးတာကို သတိမထားမိလိုက်ကြဘူး။ ဒီတော့ သွေးပေါင်ကျဖို့အတွက်ပဲ စိတ်လောကြတော့တယ်။
သွေးပေါင်ကျအောင် ဆိုပြီး
–သွေးကျဆေးတွေကို ညွှန်တာထက် ပိုသောက်တယ်။
တစ်နေ့ တစ်ခါ၊ နှစ်ခါပဲ သောက်ရတဲ့ သွေးကျဆေးတွေကို ထပ်ခါထပ်ခါသောက်တာက အကျိုးမထူးပါဘူး။ ဘာကြောင့်လဲဆိုတော့ လူနာတွေ အိမ်မှာ သောက်နေတဲ့ သွေးကျဆေးတွေက ချက်ချင်းသောက်၊ ချက်ချင်းကျတဲ့ ဆေးတွေ မဟုတ်ပါဘူး။ တစ်နေ့လုံးစာ အတွက် ချိန်ပြီး ထိန်းထားတဲ့ ဆေးတွေပါ။ ဒါကြောင့်လည်း တစ်နေ့မှ တစ်ခါ၊ နှစ်ခါပဲ သောက်ရတာပါ။
ခုသောက် ခုကျ မဟုတ်ပါဘူး။ ဆေးသောက်လိုက်တယ်၊ မကျဘူး၊ ထပ်သောက်တယ်၊ မကျဘူး ဒီလိုပဲဖြစ်နေမှာပါ။ ဒီဆေးတွေက အာနိသင်ပြဖို့ အချိန်ကြာပါတယ်။ တကယ်အာနိသင်ပြတဲ့အချိန်လည်း ရောက်ရော သောက်ထားတဲ့ ဆေးတွေက ဝိုင်းပြီး အာနိသင်ပြရင် သွေးပေါင်တွေ ထိုးကျသွားမှာပါ။
-ဒန့်ဒလွန်စေ့တွေ၊ သံပုရာစေ့တွေ ဝါးတယ်။
ဒန့်ဒလွန်စေ့တွေ၊ သံပုရာစေ့တွေ ဝါးတာက သွေးပေါင်ကျချင်လည်း ကျမှာပါ။ ကျသည့်တိုင်အောင် မချသင့်ပါဘူး။ သွေးကျဆေးတွေလည်း သောက်၊ ဒါတွေလည်း ဝါးလို့ သွေးပေါင်တွေ ထိုးကျသွားရင် အန္တရာယ်များပါတယ်။
သွေးပေါင်ကို မြန်မြန်မချရပါဘူး။ ဆေးပညာမှာ J curveဆိုတာ ရှိပါတယ်။ သွေးပေါင်ကို မြန်မြန်ချလေလေ၊ တစ်ဖက်က အရေးကြီးတဲ့ အင်္ဂါ (ဥပမာ ကျောက်ကပ်၊ ဦးနှောက်) ကို သွေးရောက်တာ နည်းလေလေ၊ အသက်အန္တရာယ် များလေလေပါပဲ။
အရေးပေါ်အခြေအနေမှာတောင် ဆရာဝန်တွေက သွေးပေါင်ကို ဝုန်းခနဲ မချပါဘူး။ တစ်နာရီကို မူလသွေးပေါင်ချိန်ရဲ့ ဘယ်လောက် ရာခိုင်နှုန်းပဲ ချရမယ်ဆိုပြီး သတ်မှတ်ထားတာ ရှိပါတယ်။
-လက်ထိပ်ကနေ သွေးတွေ ဖောက်ထုပ်တယ် စသဖြင့် လုပ်တတ်ကြပါတယ်။
လက်ထိပ်သွေးဖောက်တာကိုလည်း အားမပေးပါဘူး။ လက်ထိပ်က သွေးလေး နည်းနည်း ထွက်သွားရုံလောက်နဲ့ သွေးပေါင်မကျပါဘူး။ ဖောက်တဲ့အပ် မသန့်ရင် ပိုးဝင်မယ်၊ လူနာက သွေးဖောက်ပြီး နာရင်၊ အပ်ကြောက်ရင် ဒါလည်း စိတ်ဖိစီးတာကြောင့် သွေးပိုတက်ရုံပဲ ရှိမှာပါ။
နောက်တစ်ခုက သွေးပေါင်ကို ခဏခဏ မတိုင်းပါနဲ့။ အိမ်သုံးဒစ်ဂျစ်တယ်တွေက ဆက်တိုက်တိုင်းရင် အဖြေလွဲနိုင်ပါတယ်။ သွေးပေါင်က ဘယ်တော့မှ တစ်သမတ်တည်း မရှိပါဘူး။ သွေးပေါင်ကျပြီလား၊ မကျသေးဘူးလား ခဏခဏတိုင်းတာက အဖြေမှန်မရနိုင်ပါဘူး။ နောက်ပြီး စိတ်လှုပ်ရှားတဲ့အချိန် တိုင်းတဲ့သွေးပေါင်သည် အမှန်မဟုတ်ပါဘူး။
ဒါကြောင့် သွေးပေါင်တက်နေရင် ကိုယ့်စိတ်အခြေအနေလေးကို ပြန်ဆန်းစစ်ပါ။ စိတ်ဖိစီးနေရင် အရင်လျှော့ချပါ။ သွေးပေါင်ကို အတင်းမချပါနဲ့။ မြန်မြန်ချ၊ များများချလေလေ အန္တရာယ်များလေလေဆိုတာ သတိထားပါ။ သွေးပေါင်တက်တာနဲ့အတူ အမြင်တွေဝါးမယ်၊ ရင်ဘတ်အောင့်မယ်၊ ပျို့အန်မယ် စတာတွေ ခံစားရရင်၊ သွေးပေါင်တက်တာကို စိုးရိမ်တယ်ဆိုရင် ဆရာဝန်နဲ့ ပြသပါ။
[embed-health-tool-heart-rate]