brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

CRP ပမာဏနှင့် သင့်နှလုံး

C-reactive ပရိုတင်း (CRP) ဆိုတာဘာလဲ

CRP ဆိုတာ အသည်းမှထုတ်သော ပရိုတင်းတစ်မျိုးဖြစ်ပြီး နှလုံးအခြေအနေနဲ့ပတ်သက်လို့ သတိထားစစ်ဆေးသင့်သည့် အရာတစ်မျိုးဖြစ်တယ်။ သွေးတွင်းပရိုတင်းဖြစ်ပြီး ပမာဏများနေပါက နှလုံးရောဂါနှင့် လေဖြတ်မှုတို့အတွက် ထည့်သွင်းစဉ်းစားသင့်သည့် အချက်တစ်ချက်ဖြစ်ပါတယ်။ ထိခိုက်မှု၊ ရောဂါပိုးဝင်မှုတို့ကြောင့်ရတတ်တဲ့ အင်္ဂါအစိတ်အပိုင်းများရောင်ရမ်းမှုကြောင့် CRP တက်တတ်ပြီး၊ CRP ပရိုတင်းကို နှလုံးရောဂါရနိုင်ချေရှိနေသောသူများတွင်သာမက ကျန်းမာနေသူများတွင်ပါ နှလုံးရောဂါဖြစ်နိုင်ချေရှိမရှိ စမ်းသပ်ရာတွင် အသုံးပြုနိုင်တယ်လို့ လတ်တလောလေ့လာမှုတွေကဆိုလာပါတယ်။ ဒါကြောင့် CRP ပမာဏတက်နေခြင်းဟာ နှလုံးဆိုင်ရာပြဿနာနဲ့ လေဖြတ်နိုင်ချေရှိနေတယ်လို့ ပြောလို့ရပါတယ်။

CRP ပမာဏနှင့် သင့်နှလုံး

CRP ပမာဏစစ်ဆေးသင့်လား

တကယ်လို့ နှလုံးနဲ့သွေးကြောဆိုင်ရာ ပြဿနာများတွေ့ကြုံခံစားရခြင်း၊ ဒါမှမဟုတ် လတ်တလော ဗိုင်းရပ်စ် သို့မဟုတ် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းများရှိထားပါက ဆရာဝန်က CRP ပမာဏစစ်ဆေးခိုင်းနိုင်ပါတယ်။ ထိခိုက်မှုများ၊ ရောဂါပိုးဝင်မှု (အဆုတ်ရောင်ခြင်း၊ ရေယုန်ပေါက်ခြင်း၊ ဘတ်တီးရီးယားပိုးဝင်ခြင်း၊ ဗိုင်းရပ်စ်ဝင်ခြင်း စသည်) တို့ကြောင့် ရောင်ရမ်းမှုများရှိခဲ့ပါက သွေးထဲမှာ CRP ပမာဏတက်နိုင်ပါတယ်။ CRP စစ်ဆေးရန် သာမန်သွေးစစ်ဆေးမှုနှင့်လုံလောက်ပြီး ထိုသွေးမှ သွေးတွင်းအဆီနှင့် homocysteine ခေါ် ပစ္စည်းတစ်မျိုး စစ်ဆေးခြင်းဖြင့် နှလုံးရောဂါနဲ့ လေဖြတ်မှုဖြစ်နိုင်ချေကို ခန့်မှန်းနိုင်ပါတယ်။ ဒီစမ်းသပ်မှုတွေဟာ တိကျတဲ့စမ်းသပ်မှုတွေဖြစ်တယ်။

နှလုံးရောဂါဖြစ်နိုင်ချေအတွက် CRP ပမာဏစစ်ဆေးမှုဟာအရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်တယ်။ ယခင်အခြားသော ရောင်ရမ်းမှုပြဿနာများအတွက် စစ်ဆေးသည့် CRP စစ်ဆေးမှုထက် အဆင့်မြင့်CRPစစ်ဆေးမှုတစ်မျိုးက ပိုမိုတိကျပါတယ်။ CRP ရှိသင့်သည့်ပမာဏမှာ သွေးတစ်လီတာလျှင် တစ်မီလီဂရမ်အောက်ဖြစ်သည့်အတွက် သွေးတစ်လီတာမှာ ၁-၃ မီလီဂရမ်ကြားရှိပါက ရောဂါဖြစ်နိုင်ချေအသင့်အတင့်ရှိပြီး ၃မီလီဂရမ်ထက်များပါက ရောဂါဖြစ်နိုင်ချေမြင့်တယ်လို့ ယူဆကြပါတယ်။ CRP အပြင် သွေးတွင်းအဆီပမာဏပါ တူညီသောသွေးနမူနာမှ တစ်ခါတည်းစစ်ဆေးနိုင်ပါတယ်။

CRP ပမာဏတက်စေသောအရာများ

နှလုံးရောဂါဖြစ်နိုင်စေသောအချက်တွေက CRP ပမာဏလည်း တက်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ သွေးတိုးခြင်း၊ ဝခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း မရှိခြင်းတွေဟာ CRP ပမာဏများစေနိုင်တယ်။ မျိုးရိုးဗီဇကြောင့်လည်း များနိုင်ပြီး နီးစပ်ရာဆွေမျိုးသားချင်းမှာ CRP ပမာဏများခြင်းရှိပါက မိမိတွင်လည်းတူညီသော ပြဿနာတွေ့ကြုံနိုင်ပါတယ်။

အချုပ်ဆိုရလျှင် နှလုံးရောဂါဖြစ်နိုင်ချေရှိမရှိအတွက် CRP ပမာဏစစ်ဆေးခြင်းက အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

Dr. K Zin Thwe
Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။