backup og meta

နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲရောဂါများ


Aye Thi Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲရောဂါများ

    ရောဂါတွေအကြောင်းသိထားမှ ကိုယ့်ကိုကိုယ်ကျန်းမာအောင်နေထိုင်နိုင်မှာပါ။နေ့စဉ်ဝမ်းရေးအတွက် မနားမနေရုန်းကန်နေရသူတွေဆိုရင် ကိုယ်တိုင်ရောဂါ ခံစားနေရတာတောင် မသိလိုက်မိဘဲရောဂါကတော်တော်လေးဆိုးလာမှဆေးရုံဆေးခန်းကို သွားပြမိတာမျိုးတွေရှိတတ်ကြပါတယ်။ အချို့ရောဂါတွေက မမြင်ရတဲ့နေရာမှဖြစ်နေတာမို့ မသိတာကဖြေသာပေမယ့်မြင်သာရက်နဲ့ မသိလိုက်တာကတော်တော်လေးစိတ်မကောင်းဖြစ်စရာပါ။ အခုတစ်ခေါက်တော့ မျက်စိနဲ့ မြင်ရုံနဲ့တင်သိနိုင်တဲ့ရောဂါတစ်ခုအကြောင်းပြောပြပေးမယ်နော်။

    နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ဆိုတာ

    နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ဆိုတာကသွေးပြန်ကြောနံရံ နဲ့ခြေထောက်သွေးပြန်ကြောထဲက တစ်ဖက်ပွင့်အဆို့ရှင်တွေကောင်းကောင်းအလုပ်မလုပ်တော့တဲ့ အနေအထားကြောင့်ဖြစ်လာတဲ့ရောဂါအခြေအနေတစ်ရပ်ပါ။ ဒီလိုအခြေအနေမျိုးမှာခြေထောက်ဆီကသွေးတွေက နှလုံးဆီကိုပြန်လည်ရောက်ရှိဖို့ ခက်ခဲသွားစေနိုင်ပါတယ်။ CVIရောဂါခံစားရတဲ့အခါသွေးပြန်ကြောထဲမှာသွေးတွေစုမိနေတာမျိုး ပိုလျှံနေတာမျိုးဖြစ်နိုင်ပါတယ်။သွေးပြန်ကြောထဲမှာ လိုအပ်တဲ့သွေးပမာဏထက်ပိုများနေတာကိုသွေးပြန်ကြောနာလို့ခေါ်ကြပါတယ်။ခြေထောက်အပေါ်ယံအရေပြားအောက်မှာသွေးကြောလေးတွေ ထုံးနေတာလိုမျိုးလေးတွေမြင်တွေ့ရနိုင်ပါတယ်။

    ဒီအချက်တွေကြောင့် နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI)ဖြစ်နိုင်ပါတယ်

    သွေးပြန်ကြောတွေက ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီကသွေးတွေကို နှလုံးဆီကိုပြန်ပို့ပေးရတာပါ။ နှလုံးဆီကိုသွေးတွေရောက်ရှိစေဖို့ဆိုရင်ခြေထောက်ကသွေးတွေကသွေးပြန်ကြောတွေဆီကနေ ခန္ဓါကိုယ်အထက်ပိုင်းဆီကို စီးဆင်းသွားရပါမယ်။သွေးတွေ ခန္ဓါကိုယ် အထက်ပိုင်းကို စီးဆင်းစေဖို့ဆိုရင်ခြေသလုံးကြွက်သားတွေနဲ့ခြေထောက်မှာရှိနေတဲ့ ကြွက်သားတွေကတဆင့်ချင်းညှစ်ပြီးသွေးပြန်ကြောကနေတဆင့်သွေးတွေကို အထက်ပိုင်းဆီကိုပြန်လည်စီးဆင်းစေပါတယ်။သွေးတွေခန္ဓါကိုယ်အထက်ပိုင်းကို အဆင်ပြေပြေစီးဆင်းသွားပြီး ဘက်ပြန်စီးဆင်းတာမျိုး မဖြစ်ဖို့ဆိုရင်သွေးပြန်ကြောထဲမှာရှိနေတဲ့ တစ်ဖက်ပွင့် အဆို့ရှင်ကကောင်းကောင်းအလုပ်လုပ်ဖို့လိုအပ်မှာပါ။

    နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ခံစားရတဲ့အခါ အဆို့ရှင်ကပျက်စီးသွားပြီးသွေးတွေက ဘက်ပြန်စီးဆင်းမှုဖြစ်လာပါတယ်။

    • အသက်အရွယ်ကြီးရင့်လာတာ (အသက် ၅၀ကျော်ဖြစ်လာတာ)
    • အထိုင်များတာ
    • အချိန်ကြာမြင့်စွာမတ်တတ်ရပ်တာ
    • လှုပ်ရှားမှုနည်းတာ
    • အတွင်းပိုင်းမှာရှိတဲ့သွေးပြန်ကြောတွေမှာသွေးခဲတဲ့ရောဂါအခံရှိတာ (DVT)
    • သွေးကြောကြီးပြီးသွေးကြောထုံးရောဂါ မျိုးရိုးရှိတာ
    • အဝလွန်တာ
    • ကိုယ်ဝန်ဆောင်နေရတာ
    • ဆေးလိပ်သောက်တာ
    • အမျိုးသမီးဖြစ်နေတာတွေကြောင့်လည်း နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ကိုခံစားရနိုင်ပါတယ်။

    ရောဂါလက္ခဏာတွေက

    များသောအားဖြင့်ကတော့ရောဂါလက္ခဏာတွေကခြေထောက်မှာတွေ့ရတာများပါတယ်။

    • ခြေထောက် အထူးသဖြင့်ခြေချင်းဝတ်မှာရောင်ရမ်းနေမယ်
    • နာကျင်မယ်
    • ယားယံမယ်
    • သွေးကြောတွေကြီးပြီးသွေးကြောထုံးတာမျိုးခံစားရမယ်
    • အရေပြားက သားရေလိုမျိုးခပ်ထူထူကြီးဖြစ်နေမယ်။

    ဒီလိုအခြေအနေမျိုးတွေခံစားနေရပြီဆိုရင်သေချာကုသမှုခံယူတာမျိုးလုပ်ဖို့လိုအပ်ပါမယ်။ တကယ်လို့ သင့်အနေနဲ့ ကုသမှုမခံယူဘဲထားမယ်ဆိုရင်ခြေထောက်မှာရှိတဲ့ ဆံချည်မျှင်သွေးကြောလေးတွေ ပျက်စီးသွားပြီး အရေပြားမှာ အညိုကွက်တွေဖြစ်တာမျိုးခံစားရနိုင်ပါတယ်။ အထူးသဖြင့်ခြေချင်းဝတ်နားမှာ အဖြစ်များပါ။ ဒီလိုကနေတဆင့် အချိန်ကြာလာတာတဲ့အခါခြေထောက်တွေရောင်ရမ်းလာတာ၊ အနြာဖစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီအနာတွေက အနာကျက်ဖို့ခက်ခဲပြီး ပိုးဝင်ကူးစက်နိုင်ခြေကတော်တော်လေးများပါတယ်။နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ပြဿနာတွေကတော်တော်လေးတော့များပါတယ်။ ဒီလိုမျိုးနောက်ဆက်တွဲပြဿနာတွေ ခံစားရမှုကနေ ကာကွယ်နိုင်ဖို့ဆိုရင်သေချာကုသမှုခံယူဖို့လိုအပ်မှာပါ။မြန်မြန်ဆန်ဆန်ကုသမှုခံယူနိုင်လေလေ ထိရောက်မှုရှိလေလေပါ။

    နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ရဲ့ရောဂါလက္ခဏာအဆင့်များ

    နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါလက္ခဏာများ

    နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ခံစားရတဲ့အခါ –

    (၁) ခြေထောက်လေးလံခြင်း၊ နာခြင်း၊ ကြွက်တက်ခြင်း

    (၂) ပင့်ကူမျှင်သွေးကြောထုံး

    (၃) ကောက်ကွေးကြီးမားသောသွေးကြောထုံး

    (၄) ဖောရောင်ခြင်း

    (၅) ခြေထောက်အညိုအမဲစွဲခြင်း

    (၆) အနာကျက်သောခြေထောက်အနာ

    (၇) အနာမကျက်သော ဆိုးရွားသည့်သွေးပြန်ကြောအနာ ဆိုပြီး အဆင့်ဆင့်ကွဲပြားနိုင်ပါတယ်။

    ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲရောဂါတွေက

    နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါတွေကို အချိန်ကြာမြင့်စွာမကုသဘဲထားမယ်ဆိုရင် အခုလိုမျိုးနောက်ဆက်တွဲရောဂါတွေခံစားလာရနိုင်ပါတယ်။

    သွေးပြန်ကြောထဲမှာသွေးခဲပိတ်ဆို့ခြင်းရောဂါ (Superficial venous thrombophlebitis) – အပေါ်ယံအရေပြားအောက်ဘက်ပိုင်းမှာရှိတဲ့သွေးပြန်ကြောထဲမှာသွေးခဲပိတ်ဆို့တဲ့အခြေအနေမျိုးပါ။ အရမ်းနာကျင်နိုင်သလို အခြားရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။

    သွေးထွက်ခြင်း – ထိခိုက်မှုတစ်ခုခုဖြစ်ဖြစ်တဲ့အခါတော်တော်နဲ့ သွေးမတိတ်တဲ့အနေအထားမျိုးပါ။ အသက်အရွယ်ကြီးရင့်သူတွေမှာ ပိုပြီးဖြစ်နိုင်ခြေများပါတယ်။ အရမ်းပြင်းထန်မယ်ဆိုရင်တော့ အသက်အန္တရာယ်စိုးရိမ်ရနိုင်ပါတယ်။

    သွေးပြန်ရည်လမ်းပိတ်ခြင်း (Lymphedema) အရေပြားအောက်ဘက်က တစ်ရှုးတွေမှာပြန်ရည်တွေစုနေတာမျိုးပါ။

    ခြေထောက်ပြည်တည်နာ (Venous ulcers) – နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါရဲ့ အပြင်းထန်ဆုံးသောနောက်ဆက်တွဲရောဂါကသွေးပြန်ကြောကြောင့်ဖြစ်တဲ့ခြေထောက်ပြည်တည်နာ (Venous ulcers) ပါ။ခြေထောက်အောက်ဘက်ပိုင်းတွေ နဲ့ ခြေချင်းဝတ်တွေမှာအဖြစ်များပါတယ်။ နာကျင်နိုင်ပြီးပြည်တွေဖြစ်နေတာမျိုးဖြစ်နိုင်ပါတယ်။ အနာကတော်တော်လေးကြီးနိုင်ပါတယ်။ ဒီဝေဒနာကပြန်ဖြစ်လာနိုင်တဲ့အနေအထားရှိပါတယ်။

    ဘယ်လိုကာကွယ်မလဲ

    ဒီလိုမျိုးရောဂါတွေမခံစားချင်ဘူးဆိုရင်တော့ အကောင်းဆုံးနည်းလမ်းတစ်ခုရှိပါတယ်။ ကြိုတင်ကာကွယ်တာပါ။

    • ကျန်းမာရေးနဲ့ညီညွတ်မျှတအောင်စားသုံးပေးပါ
    • ဆေးလိပ်ဖြတ်ပါ
    • လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးပါ
    • အရမ်းကျပ်တဲ့ အဝတ်အစားတွေ စည်းနှောင်သလိုဖြစ်တဲ့ အဝတ်အစားတွေကို မဝတ်ပါနဲ့
    • ကိုယ်အလေးချိန်များနေရင်လျှော့ပါ
    • အချိန်အကြာကြီး မတ်တတ်ရပ်တာ၊ ထိုင်နေတာမျိုးမလုပ်ပါနဲ့။

    ဒီအလေ့အထလေးတွေကိုမွေးမြူပြီး နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) နဲ့ ဒီရောဂါကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲရောဂါတွေကို ကာကွယ်လိုက်ပါ။

    ကျန်းမာပျော်ရွှင်ရောဂါကင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း………..

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement