backup og meta

တစ်စုံတစ်ဦး ရုတ်တရက်နှလုံးရပ်သွားသည့်အခါ သင်ဘယ်လိုလုပ်မလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 09/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်စုံတစ်ဦး ရုတ်တရက်နှလုံးရပ်သွားသည့်အခါ သင်ဘယ်လိုလုပ်မလဲ

    ရုတ်တရက်နှလုံးရပ်ခြင်းသည် အလွန်ကြောက်စရာကောင်းလှသည်။ ထိုအခိုက်အတန့်သည် လူတစ်ဦး၏ဘဝကို မိနစ်ပိုင်းအတွင်းအဆုံးသတ်သွားစေနိုင်သောအခိုက်အတန့်ဖြစ်သည်။ ရှေ့တစ်မိနစ်တွင် သူ၏နှလုံးသည်အကောင်းပကတိအတိုင်းခုန်နေသေးသည်။ နောက်တစ်မိနစ်တွင် သွေးလွှတ်ခန်းများသည် အထိန်းအကွပ်မဲ့စွာတဆတ်ဆတ်ခုန်လာပြီး နှလုံးခုန်နှုန်းစည်းချက်မမှန်ဖြစ်လာသည်။ ထို့နောက် နှလုံး တစ်ခုလုံးအခုန်ရပ်သွားတော့သည်။ အကယ်၍ သင်ရှေ့တွင် တစ်စုံတစ်ယောက် ရုတ်တရက် နှလုံး ရပ် သွားပါက သင်ဘာလုပ်မည်နည်း။

    လွဲချော်သွားသော စက္ကန့်တိုင်းသည် လူတစ်ယောက်၏ အသက်ဆက်လက် ရှင်သန်နိုင်သည့်အခွင့်အလမ်းကိုလျော့နည်းစေနိုင်သည့်အတွက် ဤအခြေအနေသည် စင်စစ်အားဖြင့် အမှားမခံသောအခြေအနေဖြစ်သည်။ လူတစ်ဦးဟာရုတ်တရက် နှလုံးရပ်သည့်လက္ခဏာများ စတင်ပြသသည်နှင့် သင်လုပ်သင့်သည့်အလုပ် ၂ခုရှိသည်။ ၎င်းတို့မှာ အရေးပေါ် အသက်ကယ်ကုသမှု (CPR) ပြုလုပ်ခြင်းနှင့် လူနာတင်ယာဉ်ခေါ်ခြင်းတို့ဖြစ်သည်။ CPR သည် အရေးပေါ်လုပ်ငန်း စဉ်တစ်ခုဖြစ် သည်။ ၎င်းသည်လူနာ၏ ခန္ဓါကိုယ်ထဲရှိ အောက်ဆီဂျင်ပမာဏ ကိုထိန်းသိမ်းပေးသည့်အပြင် အရေးကြီးလှသည့်ကောင်းမွန်စွာ သွေးစီးဆင်းမှုကိုလည်း ထိန်းသိမ်းပေးသည်။ (ဦးနှောက်နှင့် ကိုယ်အင်္ဂါများ) သွေးကြောများအတွင်းရှိ အာဟာရ နှင့် အောက်ဆီဂျင်မရရှိလျှင် ပြင်းထန်စွာ ထိခိုက်သွားနိုင်သည်။ CPR ပြုလုပ်ရမည့်အဆင့်များကို ဤနေရာတွင်ဖော်ပြထားသည်။

    ပထမအဆင့် – ဖိခြင်း

    လူနာကိုမြေကြီးပေါ် (သို့) မာကြောသော မျက်နှာပြင်တစ်ခုပေါ်တွင် လဲလျောင်းစေပါ။ ပြီးလျှင် သင်ကသူ၏ဘေးကပ်လျက်တွင်နေရာယူပါ။ လက်တစ်ဖက်ကို လူနာ၏ရင်ဘက်အလည်တည့်တည့် နို့သီးခေါင်း ၂ ခုအကြားတွင်ထားပါ။ နောက်လက်တစ်ဖက်ကို ပထမလက်ပေါ်တွင် တင်ပါ။ သင်၏ လက်မောင်းများကို ဆန့်ထားပြီး (တံတောင်ဆစ်များကို မကွေးပါစေနဲ့) သင်၏ ခန္ဓါကိုယ်အပေါ်ပိုင်းသည် သင်လက်များ၏ အပေါ် တည့်တည့် တွင်ရှိနေပါစေ။ သင်၏ခန္ဓါကိုယ်အပေါ်ပိုင်း အားကိုသုံး၍ လူနာ၏ရင်ဘတ်ကို အနည်းဆုံး ၅စင်တီမီတာခန့် ချိုင့်ဝင်သွားအောင်ဖိချပါ။ ဖိရမည့်နှုန်းမှာ တစ်မိနစ်လျှင် အကြိမ် ၁၀၀ နှုန်းဖြစ်သည်။

    ဒုတိယအဆင့် – လေလမ်းကြောင်းဖွင့်ခြင်း

    သင်သည် CPR လေ့ကျင့်ဖူးသူဖြစ်ပါက အကြိမ် ၃၀ မြောက်ဖိပြီးချိန်တွင် သင်၏လက်ဖဝါးကို ထိုသူ၏ နဖူးပေါ်တင်၍ ဦးခေါင်းကို နောက်သို့ ညင်သာစွာစောင်းပေးခြင်းဖြင့် လေလမ်းကြောင်းကိုဖွင့်နိုင်ပါသည်။ ထို့နောက်လေလမ်းကြောင်းကိုဖွင့်ရန် မေးစေ့ကို ညင်သာစွာတွန်းလိုက်ပါ။ အသက်ရှုသံ (သို့) ရင်ဘတ် လှုပ်ရှားမှုကဲ့သို့ အသက်ရှုလှုပ်ရှားမှုများ ရှိ၊ မရှိစစ်ဆေးသင့်သည်။ အကယ်၍သူသည် ပုံမှန် အသက်မရှုလျှင် ပါးစပ်ခြင်းတေ့၍ လေမှုတ်သွင်းခြင်းကိုပြုလုပ်နိုင်သည်။ သင်သည် ဤလုပ်ငန်းစဉ်နှင့် အကျွမ်းတဝင်မရှိလျှင် ရင်ဘက်ဖိခြင်းကိုသာဆက်လုပ်ပါ။

    တတိယအဆင့် -လေမှုတ်သွင်းခြင်း (ပါးစပ်ချင်းတေ့၍ လေမှုတ်သွင်းခြင်း)

    လေလမ်းကြောင်း ဖွင့်ပြီးဖြစ်သည့်နောက်တွင် သင်သည် သင်၏နှာခေါင်းကို သင်၏လက်တစ်ဖက်နှင့် ပိတ်ထားလိုက်ပါ။ ထို့နောက်ထိုသူ၏ ပါးစပ်ကိုသင်၏ပါးစပ်ဖြင့်လုံအောင်ပိတ်လိုက်ပါ။ အသက်ကယ်လေမှုတ်သွင်းလိုက်ပါ။ ၎င်းသည် တစ်စက္ကန့်လောက်ကြာသင့်သည်။ ထိုအချိန်တွင် လူနာ၏ ရင်ဘတ်မြင့်တတ်လာ၊ မလာကြည့်ပါ။ မြင့်တက် လာလျှင် ဒုတိယတစ်ချက်ထပ်မှုတ်သွင်းပါ။ မြင့်မတက်လာလျှင် လေလမ်းကြောင်း ကောင်းမွန်စွာ ပွင့်မပွင့်ပြန်စစ်ဆေးပါ။ မပွင့်လျှင် ခေါင်းစောင်းခြင်း၊ မေးစေ့တွန်းတင်ခြင်းပြန်လုပ်၍ နောက်တစ်ကြိမ် လေမှုတ်သွင်းပါ။ အသက်ရှုသည့်စက်ဝန်းတစ်ပတ်တွင် ရင်ဘတ်ဖိခြင်းအကြိမ် ၃၀ နှင့် လေမှုတ်သွင်းခြင်း ၂ ကြိမ်ပါဝင်သည်။ ထို့နောက် သွေးလှည်ပတ်မှုအတွက်ရင်ဘက်ဖိခြင်း ပြန်လုပ်သင့်သည်။

    ကျန်းမာရေးဝန်ဆောင်မှုများရရှိသည့်အထိ (သို့) အလိုအလျောက်ပြင်ပမှနှလုံးနှိုးစက်(AED) ရသည်အထိ CPR ကို ဆက်လုပ်ပါ။ အလိုအလျောက် နှလုံးနှိုးစက် AED သည် နှလုံးကိုရှော့ခ်ရိုက်ခြင်းဖြင့် ၎င်း၏ပုံမှန်စည်းချက်မှန်နှလုံးခုန်မှုပြန်ရရန် ကူညီပေးသော ကိရိယာဖြစ်သည်။ AED နှင့် CPR ပူးပေါင်းလုပ်ဆောင်သည့် လုပ်ရိုးလုပ်စဉ်တွင် ရှော့ခ်တစ်ကြိမ်ရိုက်၊ နောက်တစ်ကြိမ် ရှော့ခ်မရိုက်မီ CPR ၂ မိနစ်ခန့်ပြုလုပ်ခြင်းဖြစ်သည်။ AED ကိုအသုံးပြုပုံကို မသိလျှင် လူနာတင်ယာဉ်လာသည်အထိ ရင်ဘက်ဖိခြင်း ဆက်လုပ်နေပါ။

    လူတစ်ယောက်သည် မကြာမီနှလုံးရပ်တော့မည်ဆိုလျှင် တွေ့နိုင်မည့်လက္ခဏာအချို့ရှိသည်။ ၎င်းတို့မှာ အသက်ရှုနှုန်းရုတ်တရက်ကျသွားခြင်း၊ မူးဝေလာခြင်း၊ ရင်ဘက်အောင့်လာခြင်း၊ အားနည်း လာခြင်း၊ လက်မောင်း၊ ကျော၊ လည်ပင်းနှင့် မေးရိုးတို့တွင် အောင့်လာခြင်းနှင့် တုန့်ပြန်မှုမရှိတော့ခြင်း တို့ဖြစ်သည်။ နှလုံးရောဂါရာဇဝင်ရှိသော လူတစ်ယောက်ကိုသိခြင်းသည်လည်း သင့်ကို အမြဲနိုးကြားနေစေပါ သည်။ ပုံမှန်မဟုတ်သော အမှုအရာတစ်ခုခုကိုသတိပြုမိသည်နှင့် ပြတ်ပြတ်သားသား ဆုံဖြတ်ပါ။ သင်သည်လူတစ်ဦး၏ အသက်ကို အချိန်မီကယ်ဆယ်ကောင်း ကယ်ဆယ်နိုင်လိမ့်မည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Sandar Lin မှ ရေးသားသည်။ · 09/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement