backup og meta

ညဘက် အိပ်နေရင်း ထထမောနေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 09/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညဘက် အိပ်နေရင်း ထထမောနေပြီလား

    ညဘက် အိပ်နေရင်းနဲ့ မောလို့ ထထိုင်ရတာမျိုးတွေ ဖြစ်နေပြီလား။ ထပြီး ပြတင်းပေါက်ထဖွင့် အသက်ဝဝရှူလိုက်မှ အမောသက်သာတာမျိုး ဖြစ်နေပြီလား။ ဒါကို ဆေးပညာအရ  Paroxysmal nocturnal dyspnea (PND) လို့ ခေါ်ပါတယ်။ ညဘက်မှာ ဖြစ်တဲ့ အမောပေါ့။ သူက အိပ်ပြီး နာရီပိုင်းလောက်ကြာတာနဲ့ ထထမောတတ်ပါတယ်။ မောတာက ဘယ်အချိန်မှာမဆို မောနိုင်ပါတယ်၊ မနက်ဖြစ်ဖြစ်၊ ညဖြစ်ဖြစ်ပေါ့။ မောခြင်းရဲ့ နောက်ကွယ်မှာ နှလုံးမကောင်းတာ၊ အဆုတ်မကောင်းတာလိုမျိုး ရောဂါကြီး တစ်ခုခုလည်း ရှိနေနိုင်ပါတယ်။ PNDကို ဖြစ်စေတဲ့ အကြောင်းရင်း၊ ကုသနည်းတွေကို လေ့လာကြည့်ရအောင်။

    ဘာလက္ခဏာတွေ တွေ့ရမလဲ။

    PNDက အိပ်ပျော်ပြီး နာရီအနည်းငယ်အတွင်းမှာပဲ ဖြစ်တတ်ပါတယ်။ PND မှာ မောပြီး နိုးလာမယ်။ ထထိုင်ပြီး ပြတင်းပေါက်တွေ ဘာတွေဖွင့် အသက်ဝဝရှူလိုက်မှ နေလို့ သက်သာတာမျိုးပါ။ တစ်ခါတစ်လေ နာရီဝက်လောက်နဲ့ သက်သာပေမယ့် ဒီထက်ပိုကြာတာမျိုးလည်း ရှိနိုင်ပါတယ်။ PND တစ်ခေါက်ရပြီးရင် တော်တော်များများက ပြန်အိပ်ဖို့ လန့်သွားကြပါတယ်။ ဒါကြောင့် တစ်ခေါက် နှစ်ခေါက်လောက် ကြုံဖူးရင်ကို စိတ်ဖိစီးမှုတွေများတာ၊ အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။

    PNDအပြင် ကိုယ့်မှာ တခြား ရောဂါ အခံရှိနေရင် အဲ့ရောဂါရဲ့ လာက္ခဏာတွေကိုပါ ခံစားရမှာပါ။PND တဖြည်းဖြည်း ပိုဆိုးလာပြီး မောလို့ ထထိုင်တာတောင် မသက်သာဘူးဆိုရင် ဆေးရုံသွားဖို့လိုနေပါပြီ။

    ဘာကြောင့် ညဘက် အမောဖောက် ရတာလဲ။

    • နှလုံးမကောင်းတာ

    အထူးသဖြင့် နှလုံးကြွက်သားတွေ ပျက်စီးနေတာကြောင့် နှလုံးက သွေးကို ကောင်းကောင်း မညှစ်နိုင်တဲ့ ရောဂါမှာ ပိုတွေ့ရပါတယ်။ သွေးကောင်းကောင်း မညှစ်နိုင်တဲ့အခါ နောက်ပြန်ပြီး အဆုတ်ထဲမှာ အရည်တွေ စုလာတဲ့အတွက် မောလာတာပါ။ နှလုံးမကောင်းတဲ့သူတွေက ညဘက်မှာ အမောဖောက်တာအပြင် လှုပ်ရှားတာနဲ့ မောတာ၊ လှဲလိုက်တာနဲ့ မောတာမျိုးတွေပါ ဖြစ်တတ်ပါတယ်။

    • အဆုတ်ရောဂါ

    အဆုတ်နဲ့ ဆိုင်တဲ့ ရောဂါတွေမှာ ဆိုရင်တော့

    ပန်းနာရင်ကြပ်

    နာတာရှည် အဆုတ်ရောင်ရောဂါ

    ထိပ်ကပ်နာ

    – အဆုတ်ထဲ ရေစုတာ

    အိပ်ဟောက်ရှူရပ်ရောဂါ

    – အဆုတ်သွေးကြောပိတ်တာ

    – အဆုတ်ကောင်းကောင်း မကျုံ့နိုင် မဆန့်နိုင်တာ

    • အခြားရောဂါများ

    စားချဉ့်ရည်ပြန်တာ

    – ကျောက်ကပ်မကောင်းတာ

    – စိတ်ဖိစီးမှုများတာ၊ ကြောက်လန့်တာ စတာတွေပဲ ဖြစ်ပါတယ်။

    ညဘက် အမောဖောက်တာနဲ့ အိပ်ဟောက်ရှူရပ်ရောဂါနဲ့ ဘယ်လိုခွဲမလဲ။

    PNDဆိုတာ ကျတော့ အဆုတ်မကောင်းလို့ ဒါမှမဟုတ် နှလုံးမကောင်းလို့ ဖြစ်တဲ့ လက္ခဏာပေါ့။ အိပ်ဟောက်ရှူရပ်ကကျတော့ သူကိုယ်တိုင်က ရောဂါတစ်မျိုးပါ။ အိပ်ဟောက်ရှူရပ်ကြောင့်လည်း PND ဖြစ်တာမျိုး ရှိနိုင်ပါတယ်။

    အိပ်ဟောက်ရှူရပ်ရောဂါရှိတဲ့သူကကျတော့ အိပ်နေရင်းနဲ့ တစ်ချက်တစ်ချက် အသက်ရှူနှေးသွားတာမျိုး၊ ရပ်သွားတာမျိုး ရှိနိုင်ပါတယ်။ တစ်ခါတစ်လေ အသက်ရှူရပ်သွားတာကြာလို့ အသက်ရှူကြပ်ပြီး PNDလိုမျိုး လန့်နိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။

    ဘယ်လိုကုသကြမလဲ။

    PND ဆိုတာ ရောဂါလက္ခဏာ သက်သက်သာ ဖြစ်တာမို့လို့ သူ့နောက်ကွယ်က အကြောင်းရင်းကို ရှာပြီး ကုသရမှာပါ။ ကုသနည်းတွေက ရောဂါပေါ်မူတည်ပြီး မတူပါဘူး။

    ဒီထဲမှာ နှလုံးပျက်စီးတာက အဆိုးဆုံးပါပဲ။ နှလုံးကြောင့်ဆိုရင်တော့ ဘာကြောင့် နှလုံးပျက်စီးတာလဲဆိုတာကို ရှာပြီး ကုသရမှာပါ။ (ဥပမာ သွေးတိုးမထိန်းနိုင်လို့လားပေါ့။) တခြား ပန်းနာရင်ကြပ်တို့၊ အိပ်ဟောက်ရှူရပ်တို့၊ စားချဉ့်ရည်ပြန်တာတို့ဆို အန္တရာယ်လည်း သိပ်မရှိသလို ကုရတာလည်း ရလဒ်ကောင်းပါတယ်။

    အဆုံးသတ်အနေနဲ့ အကြံပြုလိုတာက ညဘက်မှာ အမောဖောက်နေရင် မပေါ့ပါနဲ့။ ကိုယ့်မှာ ရောဂါအခံရှိရင် ပိုဆိုးပါတယ်။ ဆေးရုံ ဆေးခန်း သွားဖြစ်အောင် သွားပါလို့ ပြောချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 09/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement