backup og meta

နှလုံးကြွက်သားရောင်ရမ်းတဲ့အခါ


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးကြွက်သားရောင်ရမ်းတဲ့အခါ

    နှလုံးဆိုတာလည်း ကြွက်သားတစ်ခုပါပဲ။ ဒါပေမယ့် သူ့မှာ အလွှာသုံးလွှာပါပါတယ်။ အပြင်ဘက်ဆုံးက နှလုံးအမြှေးပါးရယ်၊ အလယ်က ကြွက်သားရယ်၊ အတွင်းသားလေးရယ်ပေါ့။ ဒီသုံးလွှာလုံးက အကြောင်းအမျိုးမျိုးကြောင့် ရောင်ရမ်းတတ်ပါတယ်။ ဒီထဲမှာ နှလုံးကြွက်သားရောင်တာကို အရင်ပြောပြပေးပါမယ်။

    နှလုံးကြွက်သားရောင်တာ အရေးကြီးလား။

    နှလုံးဖြစ်တဲ့ ရောဂါမို့လို့ အရေးမကြီးလို့ ငြင်းလို့မရပါဘူး။ နှလုံးကြွက်သားရောင်တာက နောက်ဆက်တွဲအနေနဲ့

  • နှလုံးပျက်စီးတတ်ပါတယ်။
  • နှလုံးက သွေးအလုံအလောက်ညှစ်ဖို့ဆိုရင် ကြွက်သားအားကောင်းရပါတယ်။ ကြွက်သားရောင်နေမှတော့ နှလုံးလည်း ကောင်းကောင်း မညှစ်နိုင်တော့ပါဘူး။ နှလုံးမှာ နှလုံးသွေးကြောလေးတွေ ရှိပါတယ်။ သူလည်း အလုပ်လုပ်ဖို့ သွေးလိုတာပေါ့။

    နှလုံးက သွေးကောင်းကောင်း မညှစ်နိုင်လို့ နှလုံးသွေးကြောဆီကို သွေးမရောက်ရင် နှလုံးကြွက်သားရောင်ရာကနေ နှလုံးကြွက်သားပုပ်သွားတတ်ပါတယ်။ လူအများကြောက်ကြတဲ့ heart attackဆိုတာမျိုး ဖြစ်လာမှာပါ။

    • လေဖြတ်တာ

    သွေးဆိုတာ အိုင်လာရင် ခဲတတ်တဲ့ သဘောရှိပါတယ်။ ကောင်းကောင်းမညှစ်ထားတဲ့အခါ သွေးတွေက နှလုံးခန်းထဲမှာ အိုင်နေပြီး သွေးခဲလေးတွေ ဖြစ်လာတတ်ပါတယ်။ ဒီသွေးခဲလေးတွေက ပြုတ်ထွက်သွားပြီး ဦးနှောက်မှာ ပိတ်ရင် လေဖြတ်တာ၊ နှလုံးသွေးကြောပိတ်တာတွေ ဖြစ်တတ်ပါတယ်။

    • နှလုံးခုန်မမှန်တာ

    ရောင်နေတဲ့ ကြွက်သားတွေက တခြားကြွက်သားတွေလို လိုက်မညှစ်နိင်တဲ့အခါ နှလုံးခုန်မမှန်တာတွေ ဖြစ်လာပါတယ်။

    • ရုတ်တရက် နှလုံးရပ်သွားတာ

    နှလုံးခုန်မမှန်တော့ အခန့်မသင့်ရင် ရုတ်တရက် နှလုံးရပ်သွားပြီး အသက်ဆုံးရှုံးသွားတတ်ပါတယ်။

    နှလုံးကြွက်သားတွေ ဘာကြောင့်ရောင်တာလဲ။

    ဒီလို ကြောက်စရာနောက်ဆက်တွဲရှိနေတာကြောင့် နှလုံးကြွက်သားတွေ ဘာကြောင့် ရောင်လဲဆိုတာ သိဖို့လိုလာပါပြီ။

    • ဗိုင်းရပ်စ်

    နှလုံးကြွက်သားရောင်ရတဲ့ အကြောင်းရင်းထဲမှာ အဖြစ်အများဆုံးက ဗိုင်းရပ်စ်ကြောင့်ပါပဲ။ Post viral myocarditis လို့ ခေါ်ပါတယ်။ ဗိုင်းရပ်စ်ပိုး ဝင်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုပေါ့။ အဖြစ်များတဲ့ ဗိုင်းရစ်တွေကတော့

    -တုပ်ကွေး ဖြစ်စေတဲ့ adenovirus

    -အသည်းရောင် အသားဝါ ဘီ၊ စီ

    -ရေယုန်ဗိုင်းရပ်စ်

    -အစာအိမ်၊ အူလမ်းကြောင်း ဗိုင်းရပ်စ်တွေ

    -ဂျာမန်ဝက်သက်

    -HIV စတာတွေ ပါပါတယ်။

    • ဘက်တီးရီးယားထဲမှာဆိုရင်တော့

    Staphylococcusတို့ Streptococcusတို့ ဆုံဆို့နာ ဖြစ်စေတဲ့ ဘက်တီးရီးယားတို့က ဖြစ်စေပါတယ်။

    • ကပ်ပါးပိုး

    ကပ်ပါးပိုးမှာဆိုရင်တော့ ကြောင်မစင်က ကူးတဲ့ Toxoplasmaတို့၊ Trypanosoma ကပ်ပါးပိုးတို့ ပါပါတယ်။

    • မှိုပိုး

    မှိုပိုးထဲမှာဆိုရင်တော့ Candida၊ Histoplasma၊ ငှက်မစင်မှာပါတဲ့ မှိုပိုးတို့ အားလုံးပါပါတယ်။

    ဒါ့ပြင် မူးယစ်ဆေးတွေ ထိုးသွင်းတာ၊  တခြားဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကြောင့်လည်း နှလုံးကြွက်သားရောင်ရမ်းတာ တွေ့ရပါတယ်။

    နှလုံးကြွက်သားရောင်ရမ်းတဲ့အခါ

    နှလုံးကြွက်သားရောင်ရမ်းတဲ့အခါ ဘာတွေ ခံစားရမလဲဆိုတော့

    • ရင်ဘတ်အောင့်တာ
    • ရင်တုန်တာ
    • မောတာ
    • ဖောတာ
    • နုံးတာ
    • ဗိုင်းရပ်စ်ပိုးဝင်တာရဲ့ လက္ခဏာတွေ ဖြစ်တဲ့ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်တာ၊ ဖျားတာ၊ လည်နှချောင်းနာတာ စတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။

    လက္ခဏာတွေကို ကြည့်မယ်ဆိုရင်တော့ တခြားနှလုံးရောဂါတွေနဲ့ အတူတူပါပဲ။ ဒါကြောင့် ခွဲရခက်ပါတယ်။ လက္ခဏာကြီးသက်သက်နဲ့တော့ နှလုံးကြွက်သားရောင်တယ်လို့ ပြောဖို့ခက်ပါတယ်။ ရှေ့ရက်တွေက တုပ်ကွေးဝင်ဖူးတဲ့ လက္ခဏာရှိရင်တော့ သံသယပိုဖြစ်စရာ ကောင်းပါတယ်။

    နှလုံးကြွက်သား မရောင်အောင် ကာကွယ်လို့ရလား။

    ၁၀၀ရာခိုင်နှုန်းတော့ မဖြစ်အောင် ကာကွယ်လို့ မရပေမယ့် ဖြစ်နိုင်ချေကို လျှော့ချလို့ရပါတယ်။

    • တုပ်ကွေးရှိတဲ့သူတွေနဲ့ ဝေးဝေးနေပါ။
    • မကြာခဏလက်ဆေးပါ။
    • မူးယစ်ဆေးထိုးသွင်းခြင်း ရှောင်ကြဉ်ပါ။
    • ကာကွယ်ဆေးတွေ ထိုးပါ။ ဥပမာ တုပ်ကွေးကာကွယ်ဆေး။

    နှလုံးကြွက်သားရောင်ရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ ဗိုင်းရပ်စ်ပိုးဝင်လို့ပါပဲ။ သူ့ရဲ့ နောက်ဆက်တွဲ ဆိုးကျိုး တစ်ခုပါ။ ဒါပေမယ့် ကံကောင်းတာတစ်ခုက ပိုးဝင်တိုင်း နှလုံးကြွက်သား မရောင်ပါဘူး။ တချို့သော နှလုံးကြွက်သားရောင်ရမ်းတာတွေက ဘာလက္ခဏာမှ မပြဘဲ သက်သာသွားတာ ရှိပါတယ်။ တချို့ကပဲ လက္ခဏာတွေပြပြီး အသက်အန္တရာယ်ထိခိုက်တာပါ။ ဒါကြောင့် အထက်ပါ လက္ခဏာတွေ ခံစားရရင် ဆေးရုံ၊ ဆေးခန်းသွားပြီး ရောဂါရှာဖွေဖို့ အကြံပြုချင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement