backup og meta

သင့်နှလုံးပိုကျန်းမာဖို့ အသားအစား ပဲစားပေးပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 13/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်နှလုံးပိုကျန်းမာဖို့ အသားအစား ပဲစားပေးပါ

    သင့်နှလုံးပိုကျန်းမာဖို့ အသားအစား ပဲစားပေးပါ …. ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။

    နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက်ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အလွန်ပဲအရေးကြီးလှပါတယ်။

    နှလုံးရောဂါဟာ ဒီကနေ့ခေတ်မှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပေမယ့် ကာကွယ်တားဆီးလို့ရနိုင်တဲ့ ရောဂါတစ်ခုလည်းဖြစ်ပါတယ်။ လူတွေမှာ နှလုံးရောဂါစွဲကပ်စေရတဲ့ အဓိကအချက်က စားသောက်နေထိုင်မှုပိုင်းမှာ အကျင့်ဆိုးတွေရှိနေတာကြောင့်ပါ။

    အဝလွန်တာတွေ၊ အရက်သေစာနဲ့ ဆေးလိပ်အလွန်အကျွံသောက်သုံးတာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအသောက်တွေကို အလွန်အကျုးမှီဝဲတာတွေကြောင့် နှလုံးနဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ စွဲကပ်နိုင်ပါတယ်။

    ဒါကြောင့် နှလုံးရောဂါကို ကာကွယ်နိုင်ဖို့နဲ့ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့ဆိုရင် စားသောက်ပုံ ပုံစံကို စနစ်တကျ ပြင်ဆင်ပြောင်းလဲနိုင်ဖို့က အဓိကကျပါတယ်။ လေ့လာချက်တွေအရဆိုရင် အသားစားသုံးမှုကို လျှော့ချပြီး ပဲကို အစားထိုးမှီဝဲပေးတာက နှလုံးရောဂါကို သိသိသာသာ ကာကွယ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။

    သင့်နှလုံးပိုကျန်းမာဖို့ အသားအစား ပဲစားပေးပါ

    သင့်နှလုံးပိုကျန်းမာဖို့ အသားအစား ပဲစားပေးပါ လို့ ပြောရတာက ဒီအချက်တွေကြောင့်ပါ။ အမေရိကန် ဆေးသိပ္ပံပညာရှင်တွေရဲ့ နှစ်ပေါင်း ၃၀ ကျော်ကြာအောင် လေ့လာသုတေသနပြုချက်တွေအရ အနီရောင်အဆင်းရှိတဲ့ အသားတွေနေရာမှာ ပဲကို အစားထိုးမှီဝဲစားသောက်ပေးခြင်းအားဖြင့် လူတစ်ယောက်ချင်းစီရဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို ၁၄% အထိ လျှော့ချပေးနိုင်ကြောင်း သိလာရပါတယ်။

    လူပေါင်း လေးသောင်းခွဲနီးပါးကို နှစ်ကာလရှည်ကြာ စောင့်ကြည့်စမ်းသပ်သုတေသနပြုထားတဲ့ အဆိုပါလေ့လာချက်အရ ဒီလို စားသောက်ပုံပြောင်းလဲလိုက်ရုံနဲ့ နှလုံးနဲ့သက်ဆိုင်တဲ့ အဓိကရောဂါကြီးတွေဖြစ်ပေါ်လာနိုင်ခြေ သိသိသာသာကျဆင်းသွားတာကို မြင်တွေ့ခဲ့ရပါတယ်။

    အနီရောင်အဆင်းရှိတဲ့အသားတွေပါဝင်နေတဲ့ ဝက်ပေါင်ခြောက်တွေ၊ ဟော့ဒေါ့တွေ၊ ဝက်အူချောင်းတွေ၊ ဟမ်ဘာဂါတွေ၊ အသားကင်တွေ၊ အသားကြော်တွေဟာ အသက်သေဆုံးသည်အထိ ပြင်းထန်တဲ့ နှလုံးရောဂါမျိုးတွေ ဖြစ်ပေါ်လာအောင် တွန်းအားပေးနေကြတာပါ။

    အဆိုပါ အစားအစာတွေနေရာမှာ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ ပဲပိစပ်တွေ၊ တခြားပဲမျိုးစိတ်တွေ၊ အစေ့အဆံတွေနဲ့ ဟင်းသီဟင်းရွက်တွေကို အစားထိုးလိုက်ရုံနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကျဆင်းသွားစေမှာဖြစ်ပါတယ်။ ဒါ့အပြင် အနှံတွေ၊ နို့ထွက်ပစ္စည်းတွေနဲ့ ဥတွေကိုလည်း အစားထိုးပြီး မှီဝဲနိုင်ပါတယ်။

    ၁၉၈၆ ခုနှစ်မှာ စတင်ခဲ့တဲ့ အဆိုပါသုတေသနလုပ်ငန်းရဲ့ ရလဒ်တွေကို ၄ နှစ်တစ်ကြိမ် ဆန်းစစ်မှုပြုလုပ်ခဲ့ရာမှာ အသားတွေ မှီဝဲစားသောက်တာကြောင့် နှလုံးရောဂါရနိုင်ခြေဟာ တဖြည်းဖြည်းတိုးလာနေခဲ့ပြီး ခုချိန်မှာဆိုရင် ၁၅% အထိ မြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။ ပျမ်းမျှအားဖြင့်ဆိုရင်တော့ ၁၄% လို့ ဆိုပါတယ်။

    သုတေသနကို ဦးဆောင်ခဲ့တဲ့ နယူးယောက်ခ်က နှလုံးအထူးကု ဒေါက်တာ အန်ဂျာလီ ဒုတ္တကတော့ အသားတွေနေရာမှာ ပဲနဲ့ အသီးအရွက်ေတွေကို အစားထိုးတာက ပရိုတိန်းဓာတ်လိုအပ်ချက်ကို ဘေးထွက်ဆိုးကျိုးမရှိပဲ ဖြည့်ဆည်းနိုင်မယ့် နည်းလမ်းဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

    ပဲတွေက နှလုံးကို ကျန်းမာစေရတဲ့အဓိက အကြောင်းအရင်းကတော့ သူတို့မှာပါရှိနေတဲ့ ကောင်းမွန်တဲ့အဆီဓာတ်၊ ဖိုက်ဘာအမျှင်ဓာတ်၊ Antioxidants နဲ့ Polyphenols တွေအားလုံးဟာ နှလုံးကို အကျိုးပြုတဲ့ အာဟာရဓာတ်တွေ ဖြစ်နေတာကြောင့်ဖြစ်ပါတယ်။

    ဒါ့အပြင် ပဲတွေဟာ လူကိုအကျိုးပြုတဲ့ Protective Cholesterol ကို မြှင့်တင်ပေးပြီး ဆိုးကျိုးဖြစ်စေတဲ့ Bad Cholesterol ကိုလည်း လျှော့ချပေးတာမို့ နှလုံးသွေးကြောတွေရဲ့ လုပ်ဆောင်နိုင်စွမ်းမြင့်တက်ကာ နှလုံးပိုမိုကျန်းမာလာစေတာပါ။

    အကျင့်ဆိုးတွေကို ရပ်တန့်ပါ

    သင်နှလုံးရောဂါ မစွဲကပ်ချင်ဘူးဆိုရင် အသားအစား ပဲအမျိုးမျိုး နဲ့ ဟင်းသီးဟင်းရွက်တွေကို မှီဝဲစားသောက်တာအပြင် အောက်ပါ အလေ့အကျင့်ဆိုးတွေကို ဖယ်ရှားဖို့၊ ရပ်တန့်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

    ဒီအကျင့်ဆိုးတွေကတော့

    • အထိုင်များနေတာ၊
    • ငယ်သေးလို့ နှလုံးရောဂါ မဖြစ်လောက်သေးဘူးလို့ထင်နေတာ၊
    • တစ်ခွက်တစ်ဖလားတွေ များနေတာ၊
    • ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် မစားတာ၊
    • သွေးပေါင်ချိန်၊ ကိုလက်စထရောပမာဏ၊ ကယ်လိုရီပမာဏ၊ ကိုယ်အလေးချိန်စတာတွေကို သတိမထားတာ၊
    • ခါးအရွယ်အစားကို ဂရုမစိုက်တာ၊
    • စိတ်ပင်ပန်းနေမှုတွေကို ဂရုမစိုက်တာ၊
    • ဆေးလိပ်ငွေ့တွေကို မရှောင်နိုင်ဖြစ်နေတာစတဲ့ အကျင့်ဆိုေးတွပါပဲ။

    ဒီလိုအကျင့်ဆိုးတွေကို ပြင်ဆင်နိုင်မှ သင့်ရဲ့နှလုံးဟာ ကျန်းမာပြီး သင်ကိုယ်တိုင်လည်း အသက်ရှည်ရှည်နေထိုင်နိုင်မှာဖြစ်ပါတယ်။ ဒါတွေကို မလိုက်နာဘူးဆိုရင်တော့ သင့်ရဲ့နှလုံးဟာ ထိခိုက်ပျက်စီးလာနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 13/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement