backup og meta

ကလေးဘဝကလို အိပ်မက်ဆိုးတွေ မက်နေတုန်းလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးဘဝကလို အိပ်မက်ဆိုးတွေ မက်နေတုန်းလား
    အိပ်မက်….အိပ်မက်လှလှမက်ပါစေလို့သာ ဆုတောင်းကြတာ။ အိပ်မက်ဆိုးတွေက ဝေးပါစေလို့လည်း အမြဲစိတ်ထဲကတွေးကြရဲ့။ ဒါပေမယ့် အိပ်မက်ဆိုတာ ကိုယ်လိုရာစေစားလို့မှမရတာ။ စိတ်စွဲတာတွေ၊ တစ်နေ့တာမှာ မသိစိတ်အတွင်းရှိနေတာတွေ၊ ပတ်ဝန်းကျင်က သက်ရောက်မှုတွေ၊ စိတ်ဖိစီးမှုတွေ စတဲ့အရာတွေအများကြီးကြောင့် ညအိပ်ချိန်မှာ အိပ်မက်အဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။
    ငယ်ငယ်ကဆို သရဲအိပ်မက်တွေ ခဏခဏမက်တတ်ကြတယ်။ ကလေးဆိုတော့ ကြောက်စိတ်ကများခဲ့တာလည်းပါမှာပေါ့။ အိပ်မက်တွေမက်ပြီး လန့်နိုးလာချိန်ဆို အဖေအမေတွေအလယ် ဝင်အိပ်လိုက်ရင် ကြောက်စိတ်ပြေသွားခဲ့တာပဲ။ အဲ..ကြီးတောင့်ကြီးမားအရွယ်ရောက်မှ အိပ်မက်ဆိုးကြောင့် လန့်နိုးရတာတွေကျ အတော်ဒုက္ခရောက်ရပါတယ်။

    လူကြီးတွေရော အိပ်မက်ဆိုးမက်ကြတယ်လား

    ပေါက်ကရအိပ်မက်တွေမက်နေတာများ ဘာဖြစ်လဲ၊ ကလေးကျနေတာပဲဆိုတဲ့ ဝေဖန်မှုတွေကြောက်လို့ မပြောကြတာပဲရှိမှာ။ အိပ်မက်ဆိုးမမက်ဖူးတဲ့သူ မရှိသလောက်ပါပဲ။ အိပ်မက်ပဲ ဆိုပေမယ့် ကျန်းမာရေးမှာရော ဘယ်လိုပတ်သက်မှုရှိနေလဲဆိုတာ သိကြရင် စိတ်ဝင်စားလာကြမှာနော်။ တစ်ခါတလေမက်တာ ပြဿနာမရှိပေမယ့် ကိုယ့်ရဲ့အိပ်စက်မှုတွေကို အနှောင့်အယှက်ဖြစ်လာလောက်အောင် ဆက်တိုက်ဖြစ်နေရင်၊ မကြာမကြာဖြစ်နေရင်၊ ပုံမှန်ဖြစ်လာရင် တစ်ခုခုပါပဲ။ ဘာကြောင့်ဒီလိုဖြစ်လာရသလဲဆိုတာ အဖြေရှာသင့်ပါတယ်။ ဒါမှ ကျန်းမာရေးကိုမထိခိုက်ခင် အမြန်ပြုပြင်နိုင်မှာပါ။

    ဘာကြောင့်မက်ရတာလဲ

    လူကြီးတွေမှာ မက်တဲ့အိပ်မက်ဆိုးတွေဟာ နောက်ခံအကြောင်းရင်းတွေနဲ့ ပတ်ဝန်းကျင်ဆိုင်ရာအချက်တွေကြောင့် အများကြီးသက်ဆိုင်နေတတ်ပါတယ်။

    တချို့က ညစာစားတာနောက်ကျပြီးနောက် အိပ်မက်ဆိုးတွေမက်တတ်တယ်။ ဘာလို့ဆို ဒီလိုစားပြီးရင် ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပြီး ပိုလှုပ်ရှားဖို့ ဦးနှောက်ကိုသတင်းပို့စေလို့ပါပဲ။သောက်သုံးလိုက်တဲ့ ဆေးဝါးတချို့ကြောင့်လည်း အိပ်မက်ဆိုးတွေမကြာခဏမက်စေတတ်တယ်။ စိတ်ကျရောဂါ သောက်ဆေးတွေလိုမျိုး ဦးနှောက်ကို သက်ရောက်မှုဖြစ်စေတဲ့ဆေးဝါးတွေနဲ့ ဆက်နွှယ်နေတ်ပါတယ်။ သွေးကျဆေးလို တခြားဆေးတွေကလည်း ပတ်သက်မှုရှိနိုင်တယ်လို့ သိရပါတယ်။

    အရက်ဖြတ်တာ၊ ဆေးဖြတ်တာတွေကြောင့်လည်း အိပ်မက်ဆိုးမက်စေတယ်ဆိုတော့ ကိုယ်သောက်နေကျဆေးတွေကို ပြောင်းလိုက်ပြီးနောက် အိပ်မက်ဆိုးမကြာခဏမက်တယ်ဆိုရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့်လည်း နောက်ညတွေမှာ နှစ်ခြိုက်စွာအိပ်မပျော်တာကြောင့် အိပ်မက်ဆိုးတွေမက်နိုင်ပါတယ်။
    နောက်တစ်ချက်ကတော့ စိုးရိမ်ပူပန်စိတ်၊ စိတ်ဓာတ်ကျခြင်းတို့လို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်လည်း အိပ်မက်ဆိုးတွေ မက်နိုင်ပါတယ်။ ခြေထောက်လှုပ်ရှားမှုကို မထိန်းနိုင်တဲ့ အာရုံကြောရောဂါ (restless legs syndrome) နဲ့ အိပ်ပျော်စဉ် အသက်ရှူရပ်ခြင်း (sleep apnea) တို့လို အိပ်စက်မှုဆိုင်ရာရောဂါတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

    ကျန်းမာရေးမှာ ဘယ်လိုသက်ရောက်နိုင်သလဲ

    အိပ်မက်ဆိုးဆိုတာက မကောင်းတဲ့အိပ်မက်ဆိုတာထက် အများကြီးပိုပါတယ်။ ဆိုလိုတာက ဥပမာ ကံမကောင်းတဲ့ အိပ်မက်( ကိုယ့်ဖုန်းလေးပျက်သွားတာတို့၊ ပိုက်ဆံပျောက်တာတို့၊ အလုပ်မှာအဆူခံရတာတို့)က တော်သေးတယ်၊ အိပ်မက်ဆိုးကျတော့ လိုက်သတ်ခံရတာတို့၊ သရဲလိုက်ခံရတာတို့၊ အမြင့်က ပြုတ်ကျတာတို့၊ ကိုယ်ချစ်ခင်ရသူတွေသေဆုံးတာတို့ အထိတ်တလန့်၊ ရင်မောရ၊ ပင်ပန်းရတဲ့ အိပ်မက်မျိုးပါ။ အိပ်မက်ဆိုးတွေကို မက်လေ့ရှိတဲ့သူတွေဟာ စိတ်ညစ်ပင်ပန်းရတဲ့အပြင် နောက်ပိုင်းမှာ မထိန်းနိုင်ရင် စိတ်ပိုင်းဆိုင်ရာပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။ အိပ်ရေးပျက်တာ၊ စိတ်ရှုပ်ထွေးတာ၊ အာရုံစိုက်မရတာ စတဲ့နောက်ဆက်တွဲတွေကြောင့် ကျောင်းနဲ့ အလုပ်ခွင်လိုနေရာတွေမှာလည်း သက်ရောက်မှုရှိနိုင်တယ်။

    အိပ်မက်တွေနဲ့ ပတ်လည်ရိုက်နေပြီး အိပ်ရေးပျက်ရတာကြာလာရင်လည်း နှလုံးရောဂါ၊ စိတ်ကျရောဂါနဲ့ အဝလွန်ခြင်းတို့လို ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။

    အိပ်မက်ဆိုးက ကင်းလွတ်စေဖို့

    • အိပ်ရာဝင်ခါနီး အစားမစားပါနဲ့။ အထူးသဖြင့် အချိုများတာတွေရှောင်ပါ။
    • စိတ်ဖိစီးမှုတွေလျှော့ပါ။ စိတ်ကိုဖြေလျှော့နိုင်ဖို့ နည်းလမ်းတွေလိုက်စားပါ။ ဥပမာ တရားထိုင်တာ၊ ယောဂကစားတာ၊ အားကစားလုပ်တာ။
    • အိပ်ပျော်အောင်အိပ်ပါ။ နေရာကျဉ်းရင်တောင် အိပ်ရာဝန်းကျင်ကို သက်သောင့်သက်သာနေရာတစ်ခုဖြစ်အောင်ထားပါ။
    • ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ အားတဲ့အချိန် အားကစားတစ်ခုခုဖြစ်ဖြစ်၊ လမ်းလျှောက်ထွက်တာဖြစ်ဖြစ် လှုပ်ရှားမှုတစ်ခုခုလုပ်ပေးရင် ညဘက်ကောင်းကောင်းအိပ်ပျော်စေပါတယ်။
    • ကော်ဖီ၊ လက်ဖက်ရည်၊ ကဖင်းပါတာတွေ၊ အရက်နဲ့ ဆေးလိပ်လျော့ပါ။ ဒါတွေအားလုံးက အိပ်စက်မှုအတွက် မကောင်းတဲ့အရာတွေချည်းမို့ ဖြတ်သင့်တာဖြတ်၊ လျှော့သင့်တာလျှော့ပါ။ မနေနိုင်ရင်တော့ အိပ်ချိန်နဲ့ အနည်းဆုံး ၃/၄ နာရီခွာပြီး သုံးစွဲပါ။
    • အလင်းပြာတွေကို ရှောင်ပါ။ အပြာရောင်အလင်းဆိုတာ ဖုန်း၊ ကွန်ပျူတာစတဲ့ အီလက်ထရောနစ်တွေဆီက ထွက်တဲ့ အလင်းတွေဖြစ်ပြီး သူတို့က အိပ်ပျော်စေတဲ့ဟော်မုန်းတွေကို ဖိနှိမ်တယ်၊ အိပ်စက်မှုကို အနှောင့်အယှက်ပေးပါတယ်။ အိပ်ချိန်နီးရင် ဒါတွေနဲ့ဝေးဝေးနေပါ။
    • ကိုယ်သောက်နေတဲ့ဆေးတွေနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ တိုင်ပင်ပါ။ အိပ်မက်ဆိုးတွေ မက်စေနိုင်တဲ့ ဆေးဝါးတချို့ရှိတာကြောင့် ကိုယ့်မှာ ပြဿနာရှိနေတယ်ဆို ဆရာဝန်ကိုပြောပြတိုင်ပင်ပါ။
    • ပျော်စရာအတွေးတွေတွေးပေးပါ။ အိပ်တော့မယ်ဆိုရင် အဖြေထွက်မလာတဲ့ ပူပန်စရာတွေတွေးမယ့်အစား ပျော်စရာကောင်းတာတွေတွေးဖို့ ဂရုစိုက်ပါ။ စိတ်ကူးယဉ်တာပဲဖြစ်ဖြစ်ပေါ့။ ကိုယ်ဖြစ်ချင်တာတွေ အောင်မြင်သွားတာ၊ ရည်မှန်းချက်တွေဖြစ်လာတာလိုမျိုး။ အိပ်မက်ဆိုတာ နိုးလာရင်ပြီးသွားမှာပဲဆိုပေမယ့် မကြာခဏဖြစ်လာရင် ကျန်းမာရေးအတွက်မကောင်းဘူးဆိုတာ သိသင့်ပါတယ်။ အိပ်စက်မှုနဲ့ကျန်းမာရေးကို မထိခိုက်လာခင်မှာ အချိန်မီကုစားပြုပြင်သင့်ပါတယ်။ 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement