backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Snoring ( ဟောက်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Snoring ( ဟောက်ခြင်း)

Snoring ( ဟောက်ခြင်း) အကြောင်း လေ့လာလိုက်ရအောင်လား ……..

အဓိပ္ပါယ်ဖွင့်ဆိုချက်

Snoring ( ဟောက်ခြင်း) ကဘာလဲ။

အိပ်စက်နေစဉ် အသက်ရှူလမ်းကြောင်း ခေတ္တပိတ်သွားတာကြောင့် ထွက်လာတတ်သည့် ကြမ်းရှသောအသံဖြစ်တယ်။ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းရှိ တစ်သျှူးများတစ်ခုနှင့်တစ်ခု ထိရိုက်မိမှုကြောင့် တုန်ခါပြီးထွက်လာသောအသံဖြစ်တယ်။ တခါတရံမှာတော့ ဟောက်ခြင်းဟာ အရေးကြီးသော ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်လည်းဖြစ်နိုင်တယ်။ ညတိုင်းလည်းဟောက်နိုင်သလို တစ်ညတလေမှဟောက်တတ်တာမျိုးလည်းရှိနိုင်ပါတယ်။

ဆိုးဆိုးရွားရွားဟောက်ခြင်းတွေဟာ ညဘက်တွေမှာ မကြာခဏနိုးစေခြင်း၊ နေ့ဘက်အိပ်ငိုက်ခြင်းတွေနဲ့ မိမိအဖော်အိပ်ခြင်းတို့ကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

Snoring ( ဟောက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အလွန်ကိုအဖြစ်များပြီး ယောကျာ်းတွေမှာ ပိုဖြစ်လေ့ရှိတယ်။ အရွယ်မရွေးဟောက်နိုင်ပြီး ဟောက်စေတတ်တဲ့အချက်တချို့ကိုရှောင်ခြင်းဖြင့် လျှော့ချထိန်းချုပ်နိုင်ပါလိမ့်မယ်။ အသေးစိတ်ကိုဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။

လက္ခဏာများ

Snoring ( ဟောက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

  • အိပ်နေစဉ်အသံထွက်ဆူညံစေခြင်း
  • နေ့ဘက်အလွန်အမင်းအိပ်ငိုက်ခြင်း
  • အာရုံစိုက်ရခက်ခြင်း
  • မနက်ခင်းတွင်ခေါင်းကိုက်ခြင်း
  • လည်ချောင်းနာခြင်း
  • ကောင်းမွန်သောအိပ်စက်မှုမရခြင်း
  • သွေးတိုးခြင်း
  • ညဘက်တွင်ရင်ဘတ်အောင့်ခြင်း
  • တစ်ဖက်သားအိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေခြင်း
  • လည်ချောင်းတစ်ဆို့မှုဖြင့် နိုးလာရတတ်ခြင်း

ဟောက်ခြင်းဟာ တခါတရံအိပ်နေစဉ် အသက်ရှူကြပ်မှုနှင့် စပ်ဆက်နေတတ်ပါတယ်။ ဟောက်တိုင်းထိုသို့မဟုတ်ပေမယ့် အထက်ပါလက္ခဏာတွေနဲ့ တိုက်ဆိုင်နေရင်တော့ အိပ်နေစဉ်အသက်ရှူကြပ်မှုရှိမရှိသိရဖို့ ဆရာဝန်ပြကြည့်သင့်ပါတယ်။

ဖော်ပြထားတဲ့လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့ဆွေးနွေးကြည့်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့အထက်ပါလက္ခဏာတွေရှိရင် ဒါမှမဟုတ် သိလိုသည်များရှိပါက ဆရာဝန်ပြသင့်တယ်။ လူတိုင်းခန္ဓါကိုယ်ကမတူညီတာကြောင့် သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။

သင့်ကလေးငယ်လေးမှာ အိပ်ရင်းဟောက်တတ်နေရင်တော့ ကလေးဆရာဝန်နဲ့မေးမြန်းဆွေးနွေးကြည့်သင့်တယ်။ ကလေးငယ်တွေမှာလည်း အိပ်နေရင်းအသက်ရှူကြပ်ခြင်း ဖြစ်နိုင်ပါတယ်။ အာသီးကြီးခြင်းလို နှာခေါင်းနဲ့ လည်ချောင်းဆိုင်ရာပြဿနာတွေ၊ အဝလွန်ခြင်းတွေဟာ ကလေးငယ်အသက်ရှူလမ်းကြောင်းကို ကျဉ်းစေနိုင်ပြီး အိပ်နေစဉ်အသက်ရှူကြပ်ခြင်းကို ဖြစ်စေနိုင်တယ်။

အကြောင်းရင်းများ

Snoring ( ဟောက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

နှာခေါင်း၊ ပါးစပ်တို့ကို လေဖြတ်သန်းရာမှာ ကျဉ်းနေ၊ ပိတ်နေတဲ့အခါ ဟောက်သံတွေဖြစ်ပေါ်လာရပါတယ်။ ထိုသို့ပိတ်ဆို့ခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်-

အသက်ရှူလမ်းကြောင်းပိတ်ခြင်း – လူတချို့က ဓါတ်မတည့်မှုတွေ ဖြစ်တတ်တဲ့ရာသီတွေမှာ ဟောက်တတ်ကြတယ်။ နှာခေါင်းဝနှစ်ဖက်ကြား ခြားထားသောနံရံထိခိုက်သွားခြင်း၊ သို့မဟုတ် နှာခေါင်းတွင်အဖုငယ်များပေါ်ခြင်းကြောင့် ပိတ်နိုင်ပါတယ်။

လည်ချောင်း၊ လျှာတို့မှ ကြွက်သားများအားနည်းခြင်း – ပျော့ပျောင်းအားနည်းနေသာအခါ အသက်ရှူလမ်းကြောင်းကို သွားပိတ်တတ်ပါတယ်။ အလွန်အမင်းနှစ်ခြိုကစွာအိပ်ခြင်း၊ အရက်သောက်ခြင်း သို့ အိပ်ဆေးများသောက်အိပ်ခြင်းတို့မှာ ဖြစ်နိုင်တယ။် အသက်ကြီးလာခြင်းကလည်း ကြွက်သားများအားလျော့ပျော့တွဲတတ်ပါတယ်။

လည်ချောင်းတစ်သျှူးကြီးခြင်း – အဝလွန်သောအခါ လည်ပင်းကြွက်သားများကြီးတတ်တယ်။ အာသီးကြီးသော ကလေးငယ်များလည်းဟောက်တတ်ပါတယယ်။

အာခေါင်ရှိအရိုးနုပြားရှည်ခြင်း – အာခေါင်ရှိ လေပြွန်ပေါ်အုပ်ထားသော အရိုးနုပြားရှည်ခြင်းဟာလည်း နှာခေါင်းမှလည်ချောင်းသို့ သွားသောအပေါက်ဝကို ကျဉ်းစေနိုင်ပါတယ်။ ထိုပစ္စည်းများတုန်ခါပြီး တစ်ခုနှင့်တစ်ခု တိုက်ခိုက်မိသောအခါ လေလမ်းကြောင်းပိတ်ပြီး ဟောက်သံဖြစ်ရပါတယ်။

အရက်သောက်ခြင်း – မအိပ်မီ အရက်အလွန်အကျွံသောက်ခြင်းဟာလည်း ကြွက်သားတွေကို လျော့သွားစေပြီး အသက်ရှူလမ်းကြောင်းပိတ်စေနိုင်သောကြောင့် ဟောက်ခြင်းကိုဖြစ်စေနိုင်တယ်။

အိပ်ချိန်မလောက်ခြင်း – အိပ်စက်ခြင်းမလုံလောက်ပါကလည်း လည်ချောင်းကြွက်သားများလျော့ရဲသွားစေတယ်။

အိပ်စက်သောပုံစံ – အဖြစ်အများဆုံးနဲ့ အကျယ်ဆုံးဟောက်သံတွေကတော့ ပတ်လတ်အိပ်သောအခါ ကမာမြေကြီးဆွဲအားကြောင့် အသက်ရှူလမ်းကြောင်း ကျဉ်းသွားတဲ့အခါဖြစ်တတ်တယ်။

အိပ်စက်စဉ်အသက်ရှူကြပ်ခြင်း – အိပ်စက်စဉ်အသက်ရှူကြပ်ခြင်းကြောင့်လည်း ဟောက်နိုင်တယ်။ လည်ချောင်းတစ်သျူးများ အသက်ရှူလမ်းကြောင်းကို အနည်းငယ် သို့ လုံးဝပိတ်သွားစေပြီး အသက်ရှူရခက်စေပါတယ်။

ဖြစ်နိုင်ခြေများ

Snoring ( ဟောက်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အမျိုးသားများ – အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုဟောက်လေ့ရှိသလို၊ အိပ်နေစဉ်အသက်ရှူပိုကြပ်လေ့ရှိပါတယ်။

အဝလွန်ခြင်း – အဝလွန်ပါက အိပ်နေစဉ်အသက်ရှူရပိုခက်နိုင်တယ်။

အသက်ရှူလမ်းကြောင်းကျဉ်းခြင်း – တချို့လူတွေမှာ အာခေါင်ရှိအရိုးနုရှည်ခြင်း၊ အာသီးကြီးခြင်းတို့ကြောင့် အသက်ရှူလမ်းကြောင်းကျဉ်းကာ ဟောက်သံဖြစ်ပေါ်စေတယ်။

အရက်သောက်ခြင်း – အရက်သောက်ခြင်းကြောင့် လည်ချောင်းကြွက်သားများ လျော့ရဲသွားကာ ဟောက်စေနိုင်ပါတယ်။

နှာခေါင်းဆိုင်ရာပြဿနာများ – နှာဝနှစ်ခုကြားရှိ အကန့်ထိခိုက်ခြင်း၊ နှာခေါင်းပိတ်ခြင်း တို့ကြောင့်လည်း ဟောက်နိုင်ပါတယ်။

မိသားစုအတွင်း ဟောက်တတ်သူ၊ သို့ အိပ်နေစဉ်အသက်ရှူကြပ်တတ်သူရှိပါကလည်း ဟောက်နိုင်ချေရှိပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Snoring ( ဟောက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်ကလက္ခဏာတွေကိုမေးမြန်းပါလိမ့်မယ်။ တချို့စစ်ဆေးစမ်းသပ်မှုတွေလည်းလုပ်နိုင်ပါတယ်။

ရောဂါအခြေအနေအတိမ်အနက်ကိုသိဖို့ သင့်အဖော်ဖြစ်သူကိုလည်း မေးခွန်းတချို့မေးနိုင်ပါတယ်။ သင့်ကလေးမှာဟောက်နေရင်တော့ ဘယ်လောက်ဆိုးလဲ သင့်ကိုမေးပါလိမ့်မယ်။

ရုပ်ပုံရိုက်ကူးစစ်ဆေးမှုများ – ဓါတ်မှန်ကဲ့သို့ ရုပ်ပုံရိုက်ယူစစ်ဆေးမှုတွေလုပ်ကာ နှာဝနှစ်ခုကြား အကန့်ထိခိုက်ယိုယွင်းနေခြင်းကဲ့သို့ အသက်ရှူလမ်းကြောင်းတလျှောက်ပြဿနာတွေ စစ်ဆေးနိုင်ပါတယ်။

အိပ်စက်စစ်ဆေးခြင်း – ဟောက်ခြင်းဘယ်လောက်ဆိုးရွားသလဲနဲ့ တခြားလက္ခဏာတွေပေါ်မူတည်ကာ အိပ်စက်စစ်ဆေးနိုင်တယ်။ အိမ်မှာ သို့မဟုတ် သက်ဆိုင်ရာနေရာမှာ တစ်ညတာ စက်ပစ္စည်းများ ချိတ်ဆက်ထားပြီး အိပ်စက်ခြင်းဖြစ်တယ်။ သင့်ဦးနှောက်မှထွက်သောလှိုင်းများ၊ သွေးတွင်းအောက်စီဂျင်ပမာဏ၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ အိပ်စက်ခြင်းအဆင့်များ၊ မျက်လုံးနှင့် ခြေထောက်လှုပ်ရှားမှုများကို စစ်ဆေးမှတ်သားထားမှာဖြစ်တယ်။

Snoring ( ဟောက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

နေထိုင်မှုပုံစံ၊ ဥပမာ- ဝိတ်လျှော့ခြင်း ၊ အိပ်ခါနီးအရက်သောက်မှုရှောင်ခြင်း စသည့်နေထိုင်မှုပုံစံတွေကို အရင်အကြံပေးပါလိမ့်မယ်။ နောက် နှာခေါင်းပိတ်မှုအတွက်ကုသခြင်းနှင့် အိပ်ရေးပျက်ခြင်း၊ ပတ်လက်အနေအထားနှင့်အိပ်ခြင်း တို့ကိုရှောင်ခိုင်းပါလိမ့်မယ်။

အိပ်စက်နေစဉ် အသက်ရှူကြပ်ခြင်းကြောင့် ဟောက်နေပါက ဆရာဝန်ကအောက်ပါတို့ကိုညွှန်းနိုင်တယ်။

အသက်ရှူလမ်းကြောင်းကို ထိန်းသိမ်းထားပေးဖို့ မေးရိုး၊ လျှာ၊ အာခေါင်ရှိအရိုးပျော့တို့ကို နေရာမှန်စေမယ့် ပါးစပ်မှာတပ်ရသောပစ္စည်းတစ်မျိုးပေးနိုင်ပါတယ။် ထိုပစ္စည်းကိုအသုံးပြုမည်ဆိုပါက သွားဆရာဝန်ထံ ပထမတစ်နှစ်မှာ ခြောက်လလျှင်တစ်ခါခန့်သွားပြီး နောက်ပိုင်းတွေမှာ တစ်နှစ်တစ်ခါမှန်မှန်သွားပေးဖို့ လိုပါလိမ့်မယ်။ သင်နှင့်အဆင်ပြေသင့်လျော်သလား၊ အခြေအနေပိုဆိုးလာသလား စစ်ဆေးစောင့်ကြည့်ဖို့ဖြစ်တယ်။

CPAP အသုံးပြုခြင်း-အိပ်နေစဉ် နှာခေါင်းပေါ်အုပ်ရသောပစ္စည်းတစ်မျိုးဖြစ်ပြီး သင့်အသက်၇ှူလမ်းကြောင်းထဲ လေများမှုတ်သွင်းကာ ပွင့်နေအောင်ကူညီပေးပါလိမ့်မယ်။

အာခေါင်ရှိအရိုးနုကိုထောက်ပံ့ခြင်း – ပေါလီအစက်စတာ အမျှင်လေးများဖြင့် အာခေါင်ရှိအရိုးနုကို သန်မာစေခြင်းဖြစ်တယ်။

ခွဲစိတ်မှု(UPPP) – မေ့ဆေးပေးကာ လည်ချောင်းကြွက်သားများ သန်မာစေကာ ပိုနေသောတစ်သျှူးများကို ဖယ်ထုတ်ပစ်ခြင်းဖြစ်တယ်။

လေဆာနည်း (LAUPPP)- အာခေါင်ရှိအရိုးပါးကို လေဆာသုံးကာတိုပစ်ဖြင်းဖြစ်တယ်။ ထိုသို့ပြုလုပ်ခြင်းဟာ လေလမ်းကြောင်းကျယ်စေသလို တုန်ခါမှုလျှော့ချပေးပါတယ်။ တစ်ခါမကဆရာဝန်ပြန်ပြဖို့တော့လိုပါလိမ့်မယ်။

somnoplasty -ထုံဆေးပေးကာ အားနည်းရေဒီယိုလှိုင်းဖြင့် အာခေါင်ရှိအရိုးနုပြားမှ ကြွက်သားများကို ကျုံ့သွားစေပြီး ဟောက်ခြင်းလျော့စေသောနည်းဖြစ်တယ်။ ထိုကုသမှုရဲ့အာနိသင်ကတော့ ထပ်မံလေ့လာရန်လိုပြီး နာကျင်မှုအသက်သာဆုံးနည်းဖြစ်ပါတယ်။

နေထိုင်မှုပုံစံ၊ အိမ်တွင်းကုထုံးပုံစံများ

  • အဝလွန်ပါက၊ အလေးချိန်လျှော့ပါ။ အဝလွန်သောလူတွေမှာ လည်ချောင်းတစ်သျှူးများ ပိုနေတာကြောင့် ဟောက်တတ်ပါတယ်။ ဒါကြောင့်အလေးချိန်လျှော့ပါ။
  • ဘေးတစောင်းအိပ်ပါ။ ပတ်လက်အိပ်ခြင်းဟာ လျှာကိုလည်ချောင်းထဲကျပြီး လေလမ်းကြောင်းပိတ်မိစေနိုင်တာကြောင့် ဘေးတစောင်းအိပ်နိုင်အောင် ကြိုးစားကြည့်ပါ။ တစ်ရေးနိုးချိန် ပတ်လက်အနေအထားဖြစ်နေတတ်ပါက အင်္ကျီကျောဘက်မှာ တင်းနစ်ဘောလုံးတစ်လုံးလောက် တွယ်ချုပ်ထားလိုက်ပါ။
  • ခေါင်းမြင့်မြင့်ထားအိပ်ကြည့်ပါ။ လေးလက်မလောက် ခေါင်းမြှင့်ထားခြင်းဟာ အကူအညီဖြစ်နိုင်ပါတယ်။
  • နှာခေါင်းလမ်းကြောင်းချဲ့ပေးနိုင်ပြီး အသက်ရှူခြင်းကို အထောက်အပံ့ပေးသောပစ္စည်းများသုံးပါ။ ဒါပေမယ့် ထိုပစ္စည်းတွေဟာ အိပ်စက်စဉ်အသက်ရှူကြပ်တတ်သော အခြေအနေတွေအတွက်အသုံးမဝင်ပါဘူး။
  • နှာခေါင်းပိတ်ခြင်းကိုကုပါ။ ဓါတ်မတည့်ခြင်းသို့ နှာဝနှစ်ခုကြား အကန့်ထိခိုက်ခြင်းကြောင့် လေအဝင်နည်းနေပါက ပါးစပ်မှအသက်ရှူစေတာကြောင့် ဟောက်သံထွက်စေနိုင်ပါတယ်။
  • အရက်၊ အိပ်ဆေးလျှော့သုံးပါ။ မအိပ်မီ ၂ နာရီအလိုမှာ အရက်နှင့် အရက်ပါသောအရည်များသောက်ခြင်း ရှောင်ပါ။ အိပ်ဆေးမသောက်ခင်မှာ ဟောက်တတ်ကြောင်း ဆရာဝန်ကိုပြောပြအသိပေးပါ။ အိပ်ဆေးနဲ့ အရက်တွေဟာ အာရုံကြောအဖွဲ့အစည်းကို အားလျော့ကာ ကြွက်သားများလျော့ရဲစေပါတယ်။
  • ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ဖြတ်ခြင်းဟာလည်း ဟောက်ခြင်းသက်သာစေတဲ့အပြင် ကျန်းမာရေးအတွက် အခြားကောင်းကျိုးတွေအများကြီးရစေပါတယ်။
  • လုံလောက်စွာအိပ်ပါ။ လူကြီးတွေဟာ တစ်ညလျှင် ၇ နာရီ ၈ နာရီခန့်အိပ်သင့်ပါတယ်။ ကလေးငယ်တွေအတွက် အိပ်သင့်သောနာရီမှာ အသက်အလိုက်ဖြစ်တယ်။ ကျောင်းမတက်သေးသောအရွယ်များမှာ တစ်ရက် ၁၁ နာရီ၊ ၁၂ နာရီလောက်အိပ်သင့်ပြီး ကျောင်းနေအရွယ်များမှာ တစ်ရက် ၁၀ နာရီခန့်၊ ဆယ်ကျော်သက်များမှာ တစ်ရက် ၉ နာရီမှ ၁၀ နာရီခန့်ထိအိပ်ပေးသင့်ပါတယ်။

သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရရန် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement