backup og meta

အိပ်နေတဲ့အချိန်မှာ ဟောက် တာကို ဘယ်လိုကာကွယ်၊ လျှော့ချ ကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်နေတဲ့အချိန်မှာ ဟောက် တာကို ဘယ်လိုကာကွယ်၊ လျှော့ချ ကြမလဲ။ 

    အိပ်နေစဉ် ဟောက် တတ်ခြင်းဟာ အခြားသူကို အိပ်ရေးပျက်စေ၊ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပြီး ကိုယ်တိုင်အတွက်လည်း အိပ်ရေးမဝဘဲ နုံးနေသလိုခံစားရခြင်း၊ အာရုံစိုက်ရာတွင် ခက်ခဲခြင်း စတဲ့ဆိုးကျိုးတွေ အများကြီးဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် မကြာခဏဟောက်တတ်တဲ့ သူတွေမှာ အဆုတ်လမ်းကြောင်းဆိုင်ရာ ရောဂါ၊ နှလုံး၊ သွေးတိုးရောဂါတွေ ပိုပြီးဖြစ်နိုင်တာကို တွေ့ရပါတယ်။

    အတူတူအိပ်တဲ့ မိသားစု (အထူးသဖြင့် ခင်ပွန်း(သို့) ဇနီး) နဲ့လည်း အဆင်မပြေဖြစ်စေနိုင်တဲ့ အတွက် အိမ်ထောင်ရေးပြဿနာတွေလည်း အများကြီးဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ ဟောက်တတ်တဲ့ သူတွေရဲ့ ပြသနာတွေကို ကာကွယ်လျှော့ချဖို့ ကူညီပေးနိုင်မယ့် အချက်လေးတွေကို ပြောပြပေးသွားမှာပါ။

    ဟောက် တာကို လျှော့ချနိုင်မယ့် နည်းလမ်းကောင်းများ

    () အိပ်တဲ့ ပုံစံ အနေအထားကိုပြောင်းလဲပါ။

    အိပ်နေတုန်း ရှူသွင်းလိုက်တဲ့ လေတွေက နှာခေါင်းမှ တစ်ဆင့် လည်ချောင်း၊ လေပြွန်ထဲကို လွတ်လွတ်လပ်လပ် မဝင်သွားနိုင်ဘဲ ဝင်သွားမယ့် လမ်းကြောင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အတားအဆီးဖြစ်နေတဲ့အခါမှာ ဟောက်သံ ဖြစ်လာပါတယ်။ ပက်လက်အိပ်မယ်ဆိုရင် လျှာရဲ့ အောက်ခြေက လည်ပင်း၊ လေပြွန်တွေကို ပိမိနိုင်စေတဲ့အတွက် ဟောက်သံကို ဖြစ်စေနိုင်ပါတယ်။

    ဒါ့ကြောင့် အိပ်တဲ့အခါမှာ ဘေးတစောင်းလေး သတိထားပြီး အိပ်ဖို့ အကြံပေးချင်ပါတယ်။ ခေါင်းကို မြင့်အောင်ထားခြင်းက အသက်ရှူရတာကို ပိုပြီးသက်သောင့်သက်သာ ဖြစ်စေနိုင်တဲ့အတွက် ခေါင်းအုံး မြင့်မြင့် (သို့) ခေါင်းအုံးအပိုတွေ ဆင့်ပြီး အိပ်တာကလည်း ဟောက်တာကို သက်သာစေမှာပါ။

    () ကိုယ်အလေးချိန်လျှော့ပါ။

    ဒီအချက်လေးကတော့ အရင်ပိန်တဲ့ အချိန်မှာ မဟောက်ဘဲ ဝလာပြီးမှ ဟောက်တဲ့သူတွေ အတွက် နည်းလမ်းလေးပါ။ အဲဒီလို လူတွေမှာ ကိုယ်အလေးချိန်တက်လာတဲ့ အခါ လည်ပင်းပတ်ပတ်လည်မှာလည်း ဝလာပြီး လည်ချောင်း၊ လေပြွန်ကို ဖိမိ၊ ညှစ်မိသလို ဖြစ်စေနိုင်တဲ့အတွက် ဟောက်တာကို ဖြစ်လာစေပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်ပြန်ကျအောင် လျှော့ချပေးဖို့လည်း အကြံပေးချင်ပါတယ်။

    () နှာခေါင်း ပိတ်နေတာ မျိုးရှိရင် သေသေချာချာကုသပါ။

    လေပြွန်ထဲရောက်အောင် ရှူဖို့ စစချင်းဖြတ်ရတာက နှာခေါင်းဖြစ်တဲ့ အတွက် ဖျားလို့ နှာပိတ်တာမျိုးပဲ ဖြစ်ဖြစ်၊ အခြားဓာတ်မတည့်တာ တစ်ခုခုကြောင့် နှာပိတ်နေတာမျိုးပဲ ဖြစ်ဖြစ် ဟောက် တာကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် နှာပိတ်နေတာမျိုးရှိရင် နှာခေါင်းထဲ အစက်ချတဲ့ ဆေးရည်သုံးတာမျိုးဖြစ်ဖြစ်၊ နှာပိတ်သက်သာအောင် ဆရာဝန်ညွှန်ကြားတဲ့ ဆေးတစ်ခုခုဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။

    ဓာတ်မတည့်တာမျိုး ရှိရင်လည်း အိပ်မယ့်နေရာ၊ ခေါင်းအုံး၊ အခန်း စတဲ့နေရာတွေမှာရှိတဲ့ ဖုန်တွေ၊ အကောင်တွေ၊ နောက်ပြီး ဓာတ်မတည့်စေမယ့် အရာတွေကို ဖယ်ရှားဖို့က အရေးကြီးပါတယ်။

    () ရေဓာတ်ပြည့်ဝအောင်နေပါ။

    သင့်ရဲ့ ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်တဲ့အခါမှာ နှာခေါင်းနဲ့ အာခေါင်စတဲ့ နေရာတွေမှာရှိတဲ့ အရည်တွေက ပိုပြစ်လာပြီး ပိုဟောက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ရေများများသောက်ပေးပါ။

    () အိပ်ချိန်မှန်မှန် အိပ်ပြီး မအိပ်ခင် အရက်သောက်ခြင်း ကို ရှောင်ပါ။

    အရက်သောက်ခြင်းဟာ လည်ပင်းတဝိုက်မှာ ရှိတဲ့ ကြွက်သားတွေအတွက် လိုအပ်တဲ့ တင်းအားကို လျော့ကျစေနိုင်ပါတယ်။ ဒါ့ကြောင့် မအိပ်ခင် ၄နာရီ၊ ၅ နာရီ အတွင်းမှာ အရက်သောက်တာမျိုးကို ရှောင်ကြဉ်ပေးသင့်ပါတယ်။

    () ဆေးလိပ်ဖြတ်ပါ။

    ဆေးလိပ်သောက်တတ်တဲ့ သူတွေမှာ မသောက်တဲ့သူတွေထက် ဟောက် နိုင်ခြေ ပိုများပါတယ်။ ဆေးလိပ်မှာပါတဲ့ပစ္စည်းတွေဟာ အသက်ရှူလမ်းကြောင်းတစ်လျှောက်လုံးကို ယားယံစေပြီး လေပြွန်တွေကို ပိတ်စေနိုင်တဲ့ အတွက် ဆေးလိပ်ဖြတ်ဖို့လည်း လိုအပ်ပါတယ်။

    ဒီဆောင်းပါးလေးဖတ်ပြီး အားလုံးပဲ ဟောက်ခြင်းကင်းဝေးတဲ့ ညလေးတွေနဲ့ သာယာတဲ့ မိသားစုလေးတွေ ဖန်တီးနိုင်ကြပါစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement