backup og meta

ညအိပ်မပျော်ခြင်းအတွက် အလွယ်ကူဆုံး ကုထုံးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညအိပ်မပျော်ခြင်းအတွက် အလွယ်ကူဆုံး ကုထုံးများ

    ညအိပ်မပျော်ခြင်းအတွက် အလွယ်ကူဆုံး ကုထုံးများ အကြောင်း ပြောပြပေးချင်ပါတယ်။ ခုနောက်ပိုင်းမှာ လူငယ်တွေသာမက လူကြီးတွေပါ ညအိပ်မပျော်တဲ့ ပြဿနာတွေ အဖြစ်များလာပါတယ်။ လူငယ်တွေမှာကတော့ နေ့နဲ့ ညမှားအိပ်တာ၊ ဖုန်းတွေ ကွန်ပျူတာတွေ အသုံးပြုနေတာ၊ ဂိမ်းဆော့နေတာကြောင့် ညဘက်ဆို အိပ်ပျော်ဖို့ ခဲယဉ်းကြတယ်။ လူကြီးတွေမှာ ဆိုရင်လည်း ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာ ကြုံတွေ့ကြရတဲ့ ကျန်းမာရေး ပြဿနာတွေ၊ နာကျင်ကိုက်ခဲမှုတွေနဲ့ မိသားစုအတွက် စိတ်ဖိစီးစရာတွေကြောင့် အိပ်မပျော်နိုင်ကြပါဘူး။

    ညအိပ်မပျော်ခြင်းအတွက် အလွယ်ကူဆုံး ကုထုံးများ

    ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ၊ ညအိပ်မပျော်တာ ကြာလာတာနဲ့ အမျှ ကိုယ့်ရဲ့ ကျန်းမာရေး ထိခိုက်လာနိုင်တယ် ဆိုတဲ့ အချက်ကိုတော့ မေ့ထားလို့ မဖြစ်ဘူးနော်။ ခုဆောင်းပါးမှာတော့ ညအိပ်မပျော်ဘူး ဆိုတဲ့ သူတွေအတွက် အဆင်ပြေစေလောက်မယ့် ညအိပ်မပျော်ခြင်းအတွက် အလွယ်ကူဆုံး ကုထုံးများ အကြောင်းကို ပြောပြပေးချင်ပါတယ်။

    အရင်ဆုံး ပြင်ဆင်သင့်တဲ့ နေထိုင်မှု ပုံစံတွေ

    ပထမဆုံး ပြင်ဆင်ဖို့ လိုအပ်တာကတော့ ကိုယ့်ရဲ့ နေ့စဉ် နေထိုင်မှုပုံစံကိုပါ။ လူတွေ သတိမထားတတ်ကြတဲ့ အချက်က ကိုယ် တစ်နေ့တာမှာ လုပ်လိုက်တဲ့ အပြုအမူတစ်ခုဟာ ကိုယ့်ရဲ့ အိပ်စက်ခြင်းနဲ့ ကျန်းမာရေးကို သွားပြီး သက်ရောက်နေတယ် ဆိုတာပါပဲ။ ဒါနဲ့ ပတ်သက်ပြီး ဘာတွေ အဓိက ပြင်ဆင်မလဲဆိုရင်

    • ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အမြဲတမ်း ပထမ နေရာက ဦးစားပေးပါ

    • ညဘက်ကို နောက်ကျပြီး အိပ်တာမျိုး လုံးဝမလုပ်ပါနဲ့

    • ကိုယ့်ရဲ့ တစ်နေ့တာ ထမင်းစားချိန်၊ အိပ်စက်အနားယူချိန်ကို သေချာသတ်မှတ်ထားပါ

    စိတ်ဖိစီးမှုတွေကို မမွေးထားပါနဲ့

    • အလုပ်လုပ်ရမယ့် အချိန်မှာ အလုပ်လုပ်ပါ၊ အနားယူရမယ့်အချိန်ကို အပြည့်အဝ အနားယူပါ

    အိပ်ခန်းဟာ အိပ်စက်အနားယူဖို့အတွက်သာ ဖြစ်ပါစေ။

    ကိုယ် အိပ်တော့မယ့် နေရာမှာ ကုတင်နဲ့ စာအုပ် အနည်းငယ်၊ စိတ်ကို ကြည်နူးပေါ့ပါးစေမယ့် အရာလေးတွေလောက်ပဲ ထားတာ အကောင်းဆုံးပါ။

    • အိပ်ရာပေါ်ကို အလုပ်တွေ၊ စိတ်ဖိစီးမှုတွေ သယ်မလာပါနဲ့

    • ဖုန်းလုံးဝ ယူမလာပါနဲ့။ အိပ်ဖို့ အချိန်ကျပြီဆိုရင် ဖုန်းကို ပိတ်ထားပြီး အခန်းအပြင်မှာပဲ ထားခဲ့ပါ

    • မုန့်တွေ၊ စားစရာတွေ မသယ်လာပါနဲ့

    • ကိုယ်အိပ်မယ့်အခန်းသည် အလင်းရောင်၊ အသံ လုံနေပါစေ

    • တတ်နိုင်ရင် မီးပိတ်အိပ်ပါ၊ မီးလင်းနေမှ အိပ်တတ်တယ်ဆိုရင် ကုတင်ဘေးမှာ မီးအိမ်လေး ဖွင့်ထားလို့ ရပါတယ်

    အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေမယ့် အရာတွေ မလုပ်ပါနဲ့။

    ဘာတွေကို အဓိက ပြင်ဆင်ရမလဲဆိုရင်

    ကဖင်းဓာတ် ပါဝင်မှုများတဲ့ ကော်ဖီ၊ လက်ဖက်ရည်တွေကို တတ်နိုင်သလောက် ရှောင်ပါ။ မရှောင်နိုင်ရင်လည်း အိပ်ချိန်နဲ့ အနည်းဆုံး ၈နာရီလောက် ခြားပြီး သောက်ပေးပါ။ တစ်နေ့ကို တစ်ခွက်ထက် ပိုမသောက်ပါနဲ့။

    • ညအိပ်ချိန်နဲ့ အနည်းဆုံး ၃ နာရီ ခြားပြီး အစာစားပါ။ ညစာနဲ့ အိပ်ချိန်ဟာ လုံးဝ နီးကပ်နေလို့ မဖြစ်ပါဘူး။ ညအိပ်မပျော်ရင်လည်း ကြိုးစားပြီး အိပ်ပါ။ အစာလုံးဝ ထမစားပါနဲ့။

    • ရေကို များများသောက်ပါ။ အိပ်ခါနီး ၂ နာရီအလိုမှာ နောက်ဆုံးအကြိမ် ရေအဝ သောက်ပါ။

    • အိပ်ခါနီး ဆီး၊ ဝမ်း တစ်ခါတည်း သွားထားပါ။

    ဆေးလိပ်၊ အရက်ကို တတ်နိုင်သလောက် ရှောင်ပေးပါ။

    လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။

    လေ့ကျင့်ခန်း လုပ်ခြင်းရဲ့ ကျွန်တော်တို့ ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထောက်ကူပေးတယ်။ ကြွက်သားနဲ့ အရိုးအဆစ်ကိုလည်း သန်မာစေသလို မကောင်းတဲ့ အဆီတွေနဲ့ ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းစေပါတယ်။ ညဘက်တွေမှာလည်း ကောင်းစွာ အိပ်ပျော်နိုင်စေဖို့ ကူညီပေးပါတယ်။ လေ့ကျင့်ခန်းဆိုလို့ Gym လိုမျိုး အားကစားခန်းမတွေမှာ သေချာ ကစားမယ်ဆိုလည်း အဆင်ပြေသလို ကိုယ့်ဘာသာ လမ်းလျှောက်တာ၊ ဘောလုံးကန်တာ၊ ရေကူးတာ အစရှိတဲ့ အားကစားတွေ လုပ်လို့လည်း ရပါတယ်။ အသက်ကြီးပိုင်းတွေနဲ့ အပြင်းအထန် လှုပ်ရှားရတာ မကြိုက်တဲ့သူတွေဆိုရင် ယောဂကျင့်စဉ်ကိုလည်း ကျင့်နိုင်ပါတယ်။ အဓိကက လေ့ကျင့်ခန်းကို တစ်နေ့ နာရီဝက်လောက် လုပ်ပေးဖို့ပါပဲ။

    အစာအာဟာရကိုလည်း သေချာဂရုစိုက်ပါ။

    ကိုယ့်ရဲ့ တစ်နေ့တာ စားတဲ့ အစာအာဟာရမှာ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ဥ၊ ပဲ၊ အစေ့အဆန်၊ နွားနို့ အစရှိသဖြင့် စုံလင်စွာ စားပေးဖို့ လိုပါတယ်။ ငါကတော့ ဒါကြိုက်လို့ဆိုပြီး ဒါကိုပဲ နေ့တိုင်းစားတာမျိုးက ကိုယ့်ကျန်းမာရေးအတွက် အဆင်မပြေစေပါဘူးနော်။ ကျန်းမာရေးကောင်းမှ လူက ကောင်းကောင်း အိပ်နိုင်မယ်။ ကောင်းကောင်း အိပ်နိုင်မှလည်း ကိုယ်ခန္ဓာက ကောင်းကောင်း အလုပ်လုပ်နိုင်ပြီး ကျန်းမာမှာပါ။ ဒါကြောင့် ကိုယ်စားလိုက်တဲ့ အစားအစာတိုင်းက အိပ်ချိန်ကို သွားပြီး သက်ရောက်စေနိုင်တယ်ဆိုတာ မေ့ထားလို့ မဖြစ်ပါဘူး။

    ဘာတွေ ထပ်လုပ်ပေးဖို့ လိုမလဲ။

    ကိုယ်က နေထိုင်မှုပုံစံမှားယွင်းလို့ မဟုတ်ဘဲ ရောဂါတစ်ခုခု ရှိလို့ဆိုရင်တော့ ဆရာဝန်နဲ့ ပုံမှန်သွားပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။ ဒါမှပဲ ကိုယ့်ရောဂါကို ထိန်းချုပ်ပြီး ဆေးဝါးအကူအညီ ယူသင့်ရင် ယူရမယ်၊ ရှောင်ရန်၊ ဆောင်ရန်တွေကို လိုက်နာရမယ်။ စိတ်ကြောင့် ဖြစ်တယ်ဆိုရင်လည်း အတတ်နိုင်ဆုံး ကိုယ့်ရဲ့ စိတ်ကို မဖိစီးအောင်လို့ စိတ်ကုထုံး ခံယူတာမျိုး၊ ယောဂကျင့်စဉ် ကျင့်ပေးတာမျိုး လုပ်လို့ ရသလို စိတ်ဆရာဝန်နဲ့လည်း သေချာ ပြသကြည့်နိုင်ပါတယ်။ စိတ်ထင်သလို အိပ်ဆေးဝယ်သောက်တာမျိုးတော့ အကြံမပေးချင်ပါဘူး။ ရေရှည်အတွက်လည်း ဒါဟာ ဖြေဆေး မဟုတ်နိုင်တာကြောင့်ပါပဲ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 17/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement