backup og meta

အိပ်မရ တဲ့ညများ လွန်မြောက်စေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်မရ တဲ့ညများ လွန်မြောက်စေဖို့

    ဒီခေတ်လူနေမှုပုံစံအရ အိပ်မရ တဲ့ ပြဿနာ၊ အိပ်ရေးပျက်တဲ့ ပြဿနာက အထူးအဆန်းတော့ မဟုတ်ပါဘူး။ အပြိုင်အဆိုင်များလွန်းတဲ့ ဒီခေတ်ကြီးမှာ အလုပ်က အလုပ်မှာတင် လုပ်လို့ မပြီးဘဲ အိမ်ထိ၊ အတွေးတွေထဲထိလိုက်လာတာကြောင့် ညညဆို အိပ်ပျော်ဖို့ခက်လာပါတယ်။ မိုးသာလင်းသွားတယ်။ တစ်မှေးမှ မမှေးလိုက်ရတဲ့ ညတွေလည်း အများသားမလား။

    ခုလိုအချိန်ဆို ပိုဆိုးပါတယ်။ မိသားစုနဲ့ ခွဲနေတဲ့သူကလည်း သူတို့တွေ အဆင်ပြေမှ ပြေပါ့မလား။ အလုပ်ရှင်တွေကလည်း ဒီကပ်ကြီးပြီးသွားရင် အလုပ်တွေ အဆင်ပြေပါ့မလား။ အလုပ်သမားတွေကလည်း လစာမှ ရပါ့မလား စသဖြင့် ပူပင်ကြောင့်ကြမှုတွေနဲ့ပေါ့။ တစ်ရက် နှစ်ရက်နဲ့ မသိသာပေမယ့် ရက်ဆက်လာရင်တော့ အိပ်ရေးပျက်တဲ့ ဒဏ်တွေကို အလူးအလဲ ခံရတော့မှာပါ။ ဒါကြောင့် ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လုပ်နိုင်တဲ့ နည်းလမ်းတွေကို ပြောပြပေးပါ့မယ်။

    အိပ်ရေးပျက်ရင် ဘာဖြစ်နိုင်လဲ။

    အရွယ်ရောက်ပြီးသား လူတစ်ယောက်က တစ်နေ့ကို ၇နာရီကနေ ၉နာရီလောက်ထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ရင်

    စိတ်ပိုင်းဆိုင်ရာမှာ

    • ပင်ပန်းနွမ်းနယ်တာ၊ အာရုံစူးစိုက်မရတာ
    • မေ့တတ်တာ၊ ဆုံးဖြတ်ချက်တွေ မှားယွင်းတာ
    • စိတ်တိုစိတ်ဆတ်တာ၊ စိတ်ဖိစီးတာ
    • နောက်ဆုံး ကိုယ့်ကိုယ်ကို သတ်သေချင်စိတ် ပေါက်တာတွေအထိ ဖြစ်တတ်ပါတယ်။

    ရုပ်ပိုင်းဆိုင်ရာမှာ

    • အိပ်ရေးမဝတဲ့အတွက် အိပ်ငိုက်ပြီး မတော်တဆ ဖြစ်လွယ်တာ
    • ခုခံအားကျတာ
    • သွေးတိုးတာ
    • ဆီးချိုဖြစ်နိုင်ချေ မြင့်လာတာ
    • အိပ်ရေးမဝတော့ အစားတွေ ပိုစားမိပြီး ဝလာတာ
    • နှလုံးရောဂါဖြစ်နိုင်ချေ များတာ
    • အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာ
    • လိင်စိတ်နည်းပါးတာ စတာတွေ ဖြစ်နိုင်ပါတယ်။

    ညဘက် ကောင်းကောင်းအိပ်ပျော်စေဖို့ နည်းလမ်းကောင်းများ

    အိပ်ရာထဲမှာ ဘာမှ မတွေးပါနဲ့။ အလုပ်ကိစ္စ၊ သားရေး သမီးရေး အားလုံးကို ခဏ အနားပေးလိုက်ပါ။ နောက်ဆုံး အိပ်ရေးမဝတဲ့ အကြောင်းကိုတောင် မတွေးပါနဲ့။ ငါ ဒီနေ့ ၈နာရီပြည့်အောင် မအိပ်ရင် နက်ဖြန်ငြီးစီစီ ဖြစ်နေတော့မှာပဲ လို့တောင် မတွေးပါနဲ့။ စိတ်ကလေးကို လျှော့ပြီး ခေါင်းရှင်းရှင်းနဲ့ အိပ်ပျော်အောင် အိပ်ပါ။

    • အိပ်ချိန် ထချိန်မှန်ပါစေ။

    ဦးနှောက်က သူအနားယူရတဲ့အချိန်၊ ပြန်ထရတဲ့အချိန်ကို မှတ်ထားတတ်ပါတယ်။ အိပ်ချိန် ထချိန်မှန်ရင် နောက်ပိုင်း အကျင့်ဖြစ်ပြီး သူ့အချိန်ရောက်ရင် အလိုလို အိပ်ချင်လာမှာပါ။

    • နေ့လယ်ဘက် အိပ်ရင် သတိထားပါ။

    နေ့လယ်ဘက် အိပ်ရင် ညဘက်အိပ်မပျော်မှာစိုးလို့ မအိပ်တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ပင်ပန်းလို့ အင်မတန် အိပ်ချင်လာရင်တော့ အိပ်လိုက်ပါ။ ဒါမှ နိုးလာရင် ကြည်ကြည်လင်လင်နဲ့ အလုပ်ဆက်လုပ်နိုင်မှာပေါ့။ သတိထားရမှ မိနစ်၂၀ထက်ပိုပြီး မမှေးမိဖို့ပါပဲ။ မဟုတ်ရင် ခေါင်းလည်း မကြည်သလို ညလည်း ကောင်းကောင်း အိပ်ပျော်မှာ မဟုတ်တော့ပါဘူး။

    • အရက်၊ ကော်ဖီနဲ့ လက်ဖက်ရည်တို့ကို ရှောင်ပါ။

    ညနေပိုင်းလောက်ကစပြီး ကော်ဖီ၊ လက်ဖက်ရည်တို့ကို ရှောင်ပါ။ ဒါတွေသောက်ပြီး ညဖက် အိပ်မပျော်ဘဲ မျက်လုံးကြောင်နေတာ၊ ရင်တုန်နေတာက ဘယ်လောက်ခံရခက်လဲဆိုတာ ကြုံဖူးသူတိုင်း သိပါတယ်နော်။ အရက်မူးအောင် သောက်ပြီးလည်း မအိပ်ပါနဲ့။ အိပ်ပျော်တယ်လို့ ထင်ရပေမယ့် နောက်ရက်မှာ အရက်နာ ကျပြီး နေလို့မကောင်းပါဘူး။ အိပ်ပျော်နေလို့ နားရတဲ့အချိန်မှာ ခန္ဓာကိုယ်က မနားရဘဲ အရက်ကို ချေဖျက်နေရတဲ့အတွက် ကျန်းမာရေးလည်း ထိခိုက်ပါတယ်။

    • ပုံမှန်လေ့ကျင့်ခန်း လုပ်ပါ။

    လေ့ကျင့်ခန်းလုပ်တာက သွေးလည်ပတ်မှုကောင်းစေပြီး အကြောပြေစေတဲ့အတွက် အိပ်ပျော်စေပါတယ်။ ဒါပေမယ့် အိပ်ခါနီး ၄နာရီအတွင်းတော့ မလုပ်ပါနဲ့။ တက်ကြွပြီး အိပ်မပျော်မှာ စိုးလို့ပါ။ အိပ်ခါနီးရင်တော့ ယောဂဖြစ်ဖြစ်၊ တရားထိုင်တာ ဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ကောင်းကောင်း အိပ်ပျော်စေတဲ့အပြင် မနက်ခင်းမှာလည်း ကြည်ကြည်လင်လင်နဲ့ နိုးထလာမှာပါ။

  • အိပ်ခါနီး အစာမစားပါနဲ့။
  • အိပ်ခါနီး ပြည့်အင့်အောင် စားတာက  အိပ်ဖို့ မပြောနဲ့ ပက်လက်လှဲဖို့တောင် အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါ့ပြင် အစာအိမ်က အစာချေနေရတဲ့အတွက် ခန္ဓာကိုယ်က အနားမရပါဘူး။ စားပြီးခါစ ခဏပဲ အိပ်ငိုက်သလိုဖြစ်ပြီး ပြီးတော့လည်း ပြန်နိုးလာပါတယ်။

    နောက်ပြီးတော့ အိပ်ခါနီး ဗိုက်ဆာပြန်ရင်လည်း ကောင်းကောင်း အိပ်မပျော်ပြန်ပါဘူး။ ဒါကြောင့်  အိပ်ခါနီး နွားနို့နွေးနွေးလေး တစ်ခွက်လောက်သောက်ပေးတာ၊ ပေါ့ပေါ့ပါးပါးမုန့်လေးတွေ စားတာက ဗိုက်ည်းမဆာစေသလို၊ ဗိုက်လည်း မပြည့်စေတဲ့အတွက် တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှာပါ။

    • အိပ်တဲ့နေရာက သက်တောင့်သက်သာဖြစ်ပါစေ။

    ရှေ့ရက်တွေတုန်းကဆို ပူလွန်းလို့ ညညဆို အိပ်လို့ မပျော်နိုင်ဘူး။ ခု မိုးလေး စရွာတော့မှ ညဘက်တွေ အိပ်ရအဆင်ပြေတာ။ ဒါကြောင့် ကိုယ်အိပ်မယ့်နေရာက ကိုယ်နဲ့ သင့်တော်တဲ့ အပူအအေး ရှိပါစေ။ နောက်ပြီး မီးအလင်းအမှောင်လည်း ချိန်ထားပါ။ လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့လို့ တချို့ကလည်း မီးဖွင့်မှ၊ တချို့ကလည်း မီးပိတ်မှ အိပ်ပျော်တာပါ။ တိတ်ဆိတ်တဲ့ နေရာဖြစ်အောင်လည်း ဖန်တီးထားပါ။

    • မအိပ်ခင် စိတ်ကို အနားပေးပါ။

    တစ်နေ့တာ စိတ်ဖိစီးမှုတွေက သက်သာဖို့ မအိပ်ခင် စာအုပ်ဖတ်တာ၊ သီချင်းသံလေးတွေ နားထောင်တာ၊ ရေနွေးနွေးလေးနဲ့ ရေချိုးတာ၊ တရားထိုင်တာ၊ ယောဂကိင့်တာတွေ လုပ်လို့ရပါတယ်။

    • အိပ်ရာကို အိပ်တာကလွဲပြီး ဘာမှ မလုပ်ပါနဲ့။

    တတ်နိုငရင် အိပ်ရာပေါ်မှာ အလုပ်လုပ်တာ၊ တီဗွီကြည့်တာ၊ မုန့်စားတာတွေ မလုပ်ပါနဲ့။ အိပ်ရာကို အိပ်ဖို့အတွက်ဘဲ အကျင့်လုပ်ထားမှ အိပ်ရာထဲရောက်တာနဲ့ အိပ်ရတော့မယ်ဆိုပြီး ခန္ဓာကိုယ်က သိနေမှာပါ။

    • အိပ်မပျော်ရင် အတင်းမကြိုးစားပါနဲ့။

    တစ်ခါတစ်လေ အိပ်ရာထဲရောက်ကာမှ ဘာမှန်းမသိ ဟိုဘက်လိမ့်လိုက် ဒီဘက်လိမ့်လိုက်နဲ့ အိပ်လို့လည်း မပျော်ဘူးဆိုပြီး အတင်းဇွတ်မှိတ်မအိပ်ပါနဲ့။ ပြန်ထပြီး စိတ်ကိုလျှော့၊ အိပ်ပျော်နိုင်မယ့် အလုပ်တစ်ခုခု ထလုပ်ပါ။ ဥပမာ စာအုပ်ဖတ်တာဖြစ်ဖြစ်ပေါ့။ အိပ်မပျော်လို့ ထပြီး ဖုန်းသုံးတာကိုတော့ အားမပေးပါဘူးနော်။ ဒါက ဦးနှောက်ကို လန်းစေလို့ အိပ်ပျော်မှာ မဟုတ်ပါဘူး။

    • အတွေးတွေကို ရှင်းထုတ်ပါ။

    အိပ်ရာထဲရောက်တော့မှ ဟိုတွေး ဒီတွေးနဲ့ လူးလိမ့်နေပြီ၊ အိပ်လည်း မပျော်ဘူးဆိုရင် အတင်းကြိုးစားပြိး မအိပ်ပါနဲ့။ ထပြီး ကိုယ်စိုးရိမ်တဲ့ အကြောင်းအရာတွေကို ချရေးလိုက်ပါ။ တစ်ယောက်ယောက်ကို ရင်ဖွင့်ရသလိုမျိုး စိတ်ပေါ့ပြီး နည်းနည်းတော့ သက်သာသွားပါလိမ့်မယ်။

    • နာရီကို ထထမကြည့်ပါနဲ့။

    အိပ်ရာထဲရောက်တာ ဘယ်လောက်ကြာပြီ။ ခုထိ အိပ်မပျော်နိုင်သေးဘူးလို့ မတွေးပါနဲ့။ နာရီကိုလည်း ခဏခဏ ထမကြည့်ပါနဲ့။ ဒါက ပိုပြီး စိတ်ဖိစီးစေပါတယ်။ နောက်ပြီး အားလုံးတိတ်ဆိတ်နေတဲ့အချိန်မှာ နာရီသံ တဂျောက်ဂျောက်ကလည်း အိပ်ရေးပျက်စေပါတယ်။ ဒါကြောင့် အကြံပေးချင်တာက နာရီထားမယ့်အစား ဖုန်းမှာ alarm ပေးပြီး အိပ်ရာနဲ့ ဝေးဝေးမှာ ထားလိုက်ပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement