backup og meta

အိပ်မပျော်သော စိတ္တဇညများ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်မပျော်သော စိတ္တဇညများ

    လူအများစုမဟုတ်တောင် အတော်များများကတော့ ဘဝတကွေ့ တစ်ချိန်မဟုတ် တစ်ချိန်မှာ အိပ်၍မပျော်သော ညညသံသရာလည်တတ်ကြဖူးမှာပါ။ ကိုယ်က အိပ်ပျော်အောင် အိပ်ပစ်ချင်လေ ပိုပြီးအိပ်မပျော်လေနဲ့ ဘယ်ညာလူးလွန့်လိုက် ခေါင်းအုံးကို ထုလိုက်နဲ့ မိုးစင်စင်လင်းသွားခဲ့တဲ့ ညတွေကိုလည်း ကြုံကောင်းကြုံခဲ့ရမှာပါ။ အခု ဆောင်းပါးလေးမှာတော့ အိပ်မပျော်ခြင်းနဲ့ ပတ်သက်ပြီး လူတွေ အယူအဆမှားတတ်လေ့ရှိတဲ့ အချက်တွေကို ပြောပြသွားပါမယ်။

    ၁။ မအိပ်ခင်လေး တစ်ခွက်တစ်ဖလား ကစ်လိုက်ရင် ကောင်းကောင်းအိပ်ပျော်သတဲ့။

    မဟုတ်ပါဘူး။ သောက်လိုက်ရင် မူးမူးနဲ့ အိပ်ပျော်သွားမယ်ထင်ပေမယ့် တကယ်တမ်းကျတော့ သင့်အနေနဲ့ တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ဘဲ အိပ်တစ်ဝက်နိုးတစ်ဝက် ဂဏှာမငြိမ်ဖြစ်နေမှာဖြစ်ပြီး မနက်ကျရင်လည်း အစောကြီးနိုးနေမှာဖြစ်တာကြောင့် ကြည်ကြည်လင်လင် ရှိမှာ မဟုတ်ပါဘူး။

    ၂။ စိတ်ပိုင်းဆိုင်ရာ ကိစ္စတစ်ခုတည်းကြောင့်ပဲ အိပ်မပျော်တာ။

    မဟုတ်ပါဘူး။ စိုးရိမ်သောကတွေ၊ ပူပန်ကြောင့်ကျမှုတွေကြောင့် အိပ်မပျော်ဘူးဆိုတာလည်း မှန်တော့မှန်ပါတယ်။ ရှင်းရှင်းပြောရရင် လူတွေ အိပ်မပျော်ကြရခြင်းရဲ့ နံပါတ်တစ် အကြောင်းရင်းက စိတ်ဖိစီးမှုကြောင့်ပါ။ ဒါပေမယ့် စိုင်းထီးဆိုင် သီချင်းလေးလိုပေါ့… ကိုယ်တစ်ယောက်တည်းကြောင့်တော့ မဟုတ်ဘူးလေ။ တခြားရောဂါတွေရှိတာ၊ အိပ်ချိန်မမှန်တာ၊ သောက်နေရတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ကာလရှည် နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားနေရတာ၊ ခြေထောက်ဂဏှာမငြိမ်ဘဲ လှုပ်နေတတ်တဲ့ ရောဂါတစ်မျိုးရှိတာ ဒါမှမဟုတ် ဟောက်တတ်တာ၊ အိပ်နေရင်း ခဏတဖြုတ်ဆိုသလို အသက်ရှူရပ်သွားတတ်တာတွေကြောင့်လည်း အိပ်မပျော်တဲ့ ဝေဒနာကို ခံစားရနိုင်ပါသတဲ့။

    ၃။ အိပ်ခါနီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရင် ကောင်းကောင်းအိပ်ပျော်မယ်။

    မဟုတ်ပါဘူး။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊လမ်းလျှောက်ထွက်တာ စတဲ့ အပြုအမူတွေကို အိပ်ချိန်နဲ့ အနည်းဆုံး နှစ်နာရီ၊ သုံးနာရီလောက် ခွာပြီးလုပ်ရပါမယ်။ ဒီလို လေ့ကျင့်ခန်းတွေဟာ သင့်ခန္ဓာကိုယ်ကို ပိုမိုနိုးကြားစေတာကြောင့်ပါ။ တော်ကြာ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်လေး ဖြစ်နေပါဦးမယ်။

    ၄။ အိပ်ခါနီး တီဗွီကြည့်၊ ဖုန်းသုံးရင် မျက်လုံးညောင်းပြီး အိပ်ပျော်သွားမယ်။

    မဟုတ်ပါဘူး။ ဒီလိုမျိုး ဖန်သားပြင်က အရုပ်တွေကို ကြည့်တာဟာ သင့်ကို ပိုလို့တောင် နိုးကြားတက်ကြွလာစေတဲ့အပြင် တီဗွီ၊ ဖုန်းနဲ့ ကွန်ပြူတာတွေကလာတဲ့ ဆူညံသံတွေ၊ အလင်းတွေဟာ ဦးနှောက်ထဲမှာရှိတဲ့ မယ်လနင် (melanin)ဓာတ်ကို လျော့နည်းစေပါတယ်။ တကယ်က အိပ်ပျော်ချင်ရင် ဦးနှောက်တွင်း မယ်လတိုနင် (melatonin)ဓာတ်များအောင် လုပ်ပေးရမှာပါ။ သင်လုပ်သင့်တာတွေကတော့ သီချင်းသံငြိမ့်ငြိမ့်ညောင်းလေးတွေကို နားထောင်တာ ဒါမှမဟုတ် အိပ်ပျော်အောင် လုပ်ပေးနိုင်၊ စိတ်ကို ပြေလျော့စေနိုင်တဲ့ ဖုန်း အက်ပလီကေးရှင်းလေးတွေကို ဒေါင်းလုဒ်ဆွဲပြီး အသုံးပြုတာ စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

    ၅။ အိပ်ဆေးတွေဟာ ဘာပြဿနာမှ မရှိဘူး။

    မဟုတ်ပါဘူး။ နောက်ပိုင်းပေါ်လာတဲ့ အိပ်ဆေးတွေဟာ ပိုမိုစိတ်ချရပြီး ဘေးထွက်ဆိုးကျိုးနည်းတာ မှန်ပေမယ့် လုံးဝဥဿုံစိတ်ချရတာမျိုးတော့ မဟုတ်ပါဘူး။ အဓိက အချက်က စွဲသွားမှာပါ။ ဒါကြောင့် အိပ်ဆေးကို ကိုယ့်သဘောနဲ့ကိုယ်မသောက်ဘဲ ဆရာဝန် ဒါမှမဟုတ် နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှသာ အိပ်ဆေးတွေကို သောက်သင့်ပါတယ်။

    ၆။ အအိပ်အနေနည်းအောင် ကျင့်လို့ရတယ်။

    မဟုတ်ပါဘူး။ လူတိုင်းဟာ မွေးလာကတည်းက လိုအပ်တဲ့ အိပ်ချိန်ကို သတ်မှတ်ပြီးသားပါ။ သင့်အနေနဲ့ တစ်နေ့ကို ၇-၈ နာရီလောက် အိပ်စက်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ မှတ်ဉာဏ်တွေ အားနည်းလာတာ၊လုပ်ငန်း/ကျောင်း စွမ်းဆောင်ရည်ကျဆင်းတာ၊မတော်တဆထိခိုက်မှုတွေ ပိုများလာတာ ဒါမှမဟုတ် ရောဂါမျိုးစုံဝင်လာတာတွေပါ ဖြစ်ပေါ်လာနိုင်ပါတယ်။

    အပေါ်မှာ ဖော်ပြခဲ့တာတွေကတော့ အိပ်မပျော်ခြင်းနဲ့ ပတ်သက်လို့ လူတွေ အယူအကောက် လွဲမှားနေတဲ့အချက်တွေပါ။ အယူတိမ်းလို့ နတ်စိမ်းဖြစ်ပြီး အိပ်ရာထဲ တလိမ့်လိမ့် မဖြစ်ကြစေဖို့ အထက်ပါ အချက်တွေကို ရှောင်ကျဉ်ကြပါစို့နော်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement