backup og meta

အိပ်မရ တဲ့ညတွေကနေ သင့်ရဲ့စိတ်ကို ကယ်တင်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်မရ တဲ့ညတွေကနေ သင့်ရဲ့စိတ်ကို ကယ်တင်ပါ

    ညက မအိပ်ခဲ့ရလို့ ခေါင်းမကြည်ဘူး၊ စိတ်ရှုပ်နေတာ၊ အလုပ်မတွင်တော့ဘူး၊ စိတ်လည်းမရှည်ဘူး၊ အာရုံလည်းစိုက်မရဘူး ဆိုတာတွေက ခဏခဏကြားနေ၊ ကြုံနေရတဲ့ပြဿနာပါ။ မျက်စိကြောင်လို့ အိပ်မရ တာလား၊ အိပ်နေရင်းက နိုးနိုးနေတာလား၊ အိပ်လျက်နဲ့နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ဘဲနုံးနေတာလား၊ အလုပ်မပြီးလို့ အိပ်ရာဝင်နောက်ကျတာလား၊ အစောကြီးထရလို့လား စတဲ့ အိပ်ရေးမဝတဲ့အကြောင်းရင်းတွေက အများကြီးပဲ။

    ဘာကြောင့်ပဲဖြစ်ဖြစ်ပါ၊အိပ်မရတဲ့ညတွေဆိုတာ တာရှည်လွန်းပါတယ်( အလုပ်ရှိလို့အိပ်ချင်လျက်နဲ့မအိပ်ရတဲ့သူတွေကလွဲလို့)။ ဒါပေမယ့် အိပ်မပျော်တဲ့ပင်ပန်းမှုထက် ပိုဆိုးတဲ့ပြဿနာက အိပ်ရေးပျက်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပါပဲ။ ဘာလို့ဆို အအိပ်မမှန်ခြင်းက ဦးနှောက်နဲ့စိတ်ကျန်းမာရေးမှာ ဆက်နွှယ်မှုတွေတော်တော်ရှိနေလို့ ဖြစ်ပါတယ်။ ဥပမာ စိတ်ပင်ပန်းတာ၊ ဖိစီးတာတွေများနေရင်ကောင်းကောင်းအိပ်မပျော်တော့သလို အိပ်ရေးပျက်တာ သို့မဟုတ် တခြားအိပ်စက်ခြင်းပြဿနာတွေဖြစ်တာကြာလာရင်လည်း စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ဘဝမှာအဆင်မပြေမှုတွေရှိလာစေနိုင်တယ်လေ။

    အိပ်စက်ခြင်းပြဿနာဆိုတာ

    အိပ်စက်ခြင်းဆိုင်ရာပြဿနာတွေဆိုတာ အမျိုးမျိုးရှိပါတယ်။ တချို့ကတော့ရောဂါအခံတွေကြောင့်ဖြစ်တတ်ပါတယ်။ အဖြစ်များတာက –

    ညအိပ်မပျော်ခြင်း(Insomnia) –နေရာနဲ့အချိန်အပြောင်းအလဲ(ပြည်ပခရီးသွားနေစဉ်)ကြောင့် ကိုယ်တွင်းဇီဝနာရီကမောက်ကမဖြစ်ခြင်း၊ စိတ်ဖိစီးမှုနဲ့ပူပန်မှု၊ဟော်မုန်း၊ အစာခြေစနစ်ပြဿနာတို့ကြောင့်ဖြစ်တတ်ပါတယ်။ အိပ်မပျော်ခြင်းကနေ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအပြင် ဘဝနေထိုင်မှုမှာပါ ဆိုးကျိုးတွေဖြစ်စေနိုင်ပြီး စိတ်ဓာတ်ကျရောဂါအထိဖြစ်လာနိုင်ပါတယ်။

    အသက်ရှူမဝခြင်းကြောင့် အိပ်ရေးပျက်ခြင်း (Sleep Apnea)အိပ်ပျော်နေစဉ် ခဏခဏ အသက်ရှူခေတ္တရပ်ခြင်းကြောင့် နိုးနိုးလာတဲ့ပြဿနာပါ။အောက်ဆီဂျင်အလုံအလောက်မရတာကြောင့် ဘာကြောင့်မှန်းမသိ မကြာခဏ နိုးလာပြီး တစ်ညလုံး မအိပ်လိုက်ရတာမျိုးတွေရှိနိုင်ပါတယ်။

    အိပ်ပျော်နေလျက် လှုပ်ရှားခြင်းများ(Parasomnias) – အိပ်ပျော်နေချိန်အတွင်း ပုံမှန်မဟုတ်တဲ့ လှုပ်ရှားလုပ်ဆောင်ခြင်းများ၊ အပြုအမူများကို ဆိုလိုပါတယ်။ အိပ်ပျော်နေစဉ် လမ်းလျှောက်ခြင်း၊ သွားကြိတ်ခြင်း၊ အိပ်မက်ဆိုးမက်ခြင်း၊ အိပ်ရာထဲဆီးသွားခြင်းတို့ပါဝင်ပါတယ်။

    ခြေထောက်မငြိမ်ရောဂါ (Restless Leg Syndrome) – အိပ်နေချိန် ခြေထောက်တွေအငြိမ်မနေနိုင်ဘဲ လှုပ်ရှားနေမိတဲ့အတွက် ကိုယ်မသိလိုက်တောင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်၊ မနက်ကျအိပ်ရေးမဝဖြစ်ရတတ်ပါတယ်။ ညဘက် ဟိုလှိမ့်၊ ဒီလှိမ့်နဲ့ပြန်အိပ်မရဘူးဆိုတာမျိုးပေါ့။ ဒီလက္ခဏာဟာ လှုပ်ရှားမှုလွန်ကဲပြီးအာရုံစူးစိုက်မရတဲ့ADHD ရောဂါနဲ့ ပါကင်ဆန်(Parkinson’s disease)ရောဂါတို့လို ရောဂါအခံတွေနဲ့လည်း သက်ဆိုင်နေနိုင်ပါတယ်။

    ရုတ်တရက်အိပ်ပျော်ခြင်း(Narcolepsy) –နေ့ဘက်မှာ ရုတ်တရက်အရမ်းနုံးချိပြီးမှေးခနဲအိပ်ပျော်သွားတာလိုမျိုးပါ။ တစ်ခါတလေ ဘီလူးစီးခြင်းလို့ခေါ်တဲ့sleep paralysis အခြေအနေကိုလည်း ခံစားရနိုင်ပြီး နိုးလာရင်တောင်ကောင်းကောင်းမလှုပ်ရှားနိုင်တာဖြစ်တတ်ပါတယ်။ဖြစ်တတ်တဲ့ပြဿနာဆိုပေမယ့်လည်း အာရုံကြောရောဂါတစ်ခုခုကြောင့်လည်းဖြစ်နိုင်ခြေရှိပါတယ်။

    အအိပ်များခြင်း (overlseeping) – ပုံမှန်အိပ်ချိန်ထက်ကျော်လွန်ပြီး တစ်ညကို ၁၀ နာရီကနေ ၁၂ နာရီလောက် အိပ်မှဖြစ်တာမျိုး။ တစ်နေ့တာကိစ္စတွေ ရှိနေတာကြောင့် အိပ်ချိန်အပြည့်မရနိုင်တဲ့အခါ နေ့ဘက်မှာ နုံးချိ၊ အိပ်ငိုက်၊ခေါင်းမူးနေတာတွေ ခံစားရနိုင်ပါတယ်။ ဒီလိုဖြစ်တာကြာလာရင် ဆီးချိုသွေးချိုရောဂါအဝလွန်ခြင်း ခါးနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နှလုံးရောဂါ စတဲ့ရောဂါတွေဖြစ်လာနိုင်ပါတယ်။

    အအိပ်မမှန်ခြင်းကြောင့် ဦးနှောက်နဲ့ စိတ်ကျန်းမာရေးမှာ ဘာတွေဖြစ်လာလဲ

    • မှတ်ဉာဏ်ထိခိုက်လာတယ်။ အိပ်စက်အနားယူခြင်းမှာ ပြဿနာရှိနေတဲ့အခါ အကြောင်းအရာတွေကို မှတ်သားနိုင်စွမ်း၊ စဉ်းစားနိုင်စွမ်းအားနည်းလာစေပါတယ်။ ညဘက် အိပ်ရေးတွေပျက်တာကြာလာရင် လူက ဟိုမေ့ဒီမေ့နဲ့ပေါက်ကရတွေဖြစ်ပြီ။
    • ဆက်ဆံရေးမှာ ပြဿနာရှိလာတယ်။ အိပ်ရေးမဝတော့ စိတ်မရှည်၊ စိတ်ဆတ်လာမယ်။ စိတ်အပြောင်းအလဲမြန်လာတော့ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်မပြေဖြစ်လာနိုင်တယ်။
    • ချစ်ခင်ရသူတွေ၊ မိသားစုဝင်တွေနဲ့ ထင်မြင်ခံစားချက်တွေ ကွဲလွဲတာရှိလာမယ်။ ကိုယ်ကမှ စိတ်မကြည်ဘဲကိုး။ ကြာတော့ မျက်နှာလွှဲပြီး စကားသိပ်မပြောမိတော့တာမျိုး။
    • နေထိုင်မှုဘဝမှာ မသာယာတော့ဘူး။ ကိုယ်ပုံမှန်လုပ်နေကျအလုပ်တွေ၊ လှုပ်ရှားမှုတွေမှာ ဝင်မပါချင်တော့ဘူး။
    • စွမ်းဆောင်ရည်ကျလာမယ်။ လုပ်ဆောင်နိုင်စွမ်း၊ ဆန်းသစ်ဖန်တီးနိုင်စွမ်းတွေ ကျဆင်းလာမယ်၊ ငါမလုပ်နိုင်တော့ပါဘူးဆိုပြီး စိတ်ဓာတ်ခွန်အားလျော့တဲ့အတွေးတွေဝင်လာနိုင်ပါတယ်။
    • စိတ်စွမ်းအားတွေ လျော့ကျလာတယ်။ ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းတွေမှာလည်း အားနည်းလာနိုင်ပါတယ်။
    • ထင်ယောင်ထင်မှားတွေ ဖြစ်လာတယ်။ အအိပ်မမှန်တာကြာလာရင် တကယ်မရှိတာ၊ မဖြစ်တာတွေကို ရှိသယောင်၊ ကြားသယောင် ထင်ယောင်ထင်မှားတွေဖြစ်လာနိုင်ပါတယ်။ အဲဒီကနေ စိတ်ဝေဒနာကို ကူးပြောင်းနိုင်တဲ့အတွက် ဒီအခြေအနေက အရေးကြီးပါတယ်။
    • စိတ်ဓာတ်ကျလာမယ်။ အထက်မှာပြောခဲ့သလို အဆင်မပြေမှုတွေဖြစ်လာတဲ့အခါ စိတ်ဓာတ်ကျလာနိုင်ပါတယ်။ စိတ်ဓာတ်ကျတဲ့အတွေးတွေဝင်လာရင်းကနောက်ဆုံးမှာ အမှားတွေလုပ်မိပြီး အဆုံးစီရင်တဲ့အထိဖြစ်သွားနိုင်ပါတယ်။

    ဒီလိုမျိုး အိပ်စက်ခြင်းပြဿနာတွေကြောင့် စိတ်ကျန်းမာရေးနဲ့ဘဝမှာသက်ရောက်မှုတွေရှိနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်အိပ်စက်ခြင်းမှာ လာထိခိုက်စေတာမျိုးတွေလည်းရှိတာကြောင့် အပြန်အလှန်ဆက်နွှယ်နေတာတွေ့ရပါတယ်။

    ဘယ်လိုကုစားမလဲ

    • ညဘက်အိပ်ချိန်နဲ့ မနက်အိပ်ရာထချိန်ကို သတ်သတ်မှတ်မှတ်ထားပါ။
    • တရေးအိပ်ချိန်သိပ်မကြာပါစေနဲ့။
    • အိပ်ရာဝင်ခါနီးကို စိတ်ဖိစီးစေတဲ့အလုပ်တွေ၊ စကားများများပြောဆိုဆွေးနွေးတာတွေသိပ်မလုပ်ပါနဲ့။
    • အိပ်ခါနီးမှာဖြေလျှော့အနားယူပါ။ အသက်ရှူလေ့ကျင့်ခန်းလေးလုပ်၊ ဘုရားဝတ်ပြု၊ ခပ်ဖြည်းဖြည်းအကြောလျှော့၊ တရားထိုင် စတာမျိုးတွေပေါ့။
    • အိပ်ခန်းမှာ ညဘက်အလင်းရောင်လျှော့ထားပါ။
    • အမြဲတမ်းဂရုစိုက်ရမှာက အာဟာရပြည့်အောင်စားပါ၊ပုံမှန်စားပါ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။
    • မအိပ်ခင် အစားအများကြီးစားတာရှောင်ပါ။
    • အိပ်ရာထဲမှာ ဖုန်း/ကွန်ပျူတာ ယူမအိပ်ပါနဲ့။
    • စိတ်ဖိစီးမှုတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာပါ။ စိတ်ညစ်စရာတွေ ထိုင်တွေးမနေပါနဲ့။
    • ကဖင်းနဲ့ အရက်ဘီယာလျှော့သောက်ပါ။

    ဒီလို ကိုယ့်ဘာသာကုစားလို့မရတော့ဘူးဆိုရင် အိပ်စက်ခြင်းကိုအထောက်အကူပြုပေးနိုင်မယ့်ဆေးဝါးအကူအညီကိုလိုအပ်နိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်းဆေးဝါးသောက်သုံးရင်း အထက်ကအချက်တွေလိုက်နာမယ်ဆိုရင် အိပ်ပျော်စားဝင်ပြီး ကျန်းမာလာပါလိမ့်မယ်။ အိပ်စက်ခြင်းပြဿနာတွေအတွက် ဆရာဝန်ပေးတဲ့ ကုသမှုတွေနဲ့ဆေးဝါးတွေက အကြောင်းရင်းခံအပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement