backup og meta

ဖုန်းလျှော့သုံးခြင်းဖြင့် ညဘက်အိပ်မပျော်တဲ့ပြဿနာကို ဖြေရှင်းကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖုန်းလျှော့သုံးခြင်းဖြင့် ညဘက်အိပ်မပျော်တဲ့ပြဿနာကို ဖြေရှင်းကြမယ်

    ဒီဘက်ခေတ်မှာ ညအိပ်မပျော်တဲ့ ပြဿနာရှိနေတဲ့ အရေအတွက်ဟာ အရင်တုန်းကထက် ပိုများလာတာ သတိထားမိကြမှာပါ။ များသောအားဖြင့် ညအိပ်မပျော်ဘူးဆိုတဲ့သူတွေထဲမှာ ဆယ်ကျော်သက်လူငယ်အရွယ်တွေ၊ အလုပ်အကိုင်မရှိသေးသူတွေ၊ ညဘက်မှာ အလုပ်လုပ်နေရသူတွေဟာ ပိုများလာတတ်ပါတယ်။ နောက်ထပ် သတိထားမိတဲ့ ပြဿနာအကြောင်းရင်းကတော့ ဖုန်းကို အလွန်အကျွံအသုံးပြုလာကြတာပါပဲ။

    နည်းပညာကလည်း တိုးတက်ပြောင်းလဲလာတော့ အရင်တုန်းကလို အင်တာနက်ဆိုင်တွေမှာ သွားတန်းစီပြီး ထိုင်စရာမလိုတော့ဘဲ ဖုန်းတစ်လုံးဝယ်ပြီး ကိုယ်အိမ်မှာပဲ မနက်ကနေ ညအထိ ထိုင်လိုက်၊ လှဲလိုက်၊ မှောက်လိုက်နဲ့ ဖုန်းသုံးနေကြတဲ့ကိစ္စပါ။ ဘယ်အရာမဆို တန်ဆေး လွန်ဘေးဆိုတာ ရှိပါတယ်။ ဖုန်းဆိုတဲ့အရာက လူတစ်ဦးနဲ့ တစ်ဦး လျင်မြန်စွာ ဆက်သွယ်စကားပြောနိုင်စေဖို့ တီထွင်ထားတဲ့ အရာဆိုပေမယ့် သူ့မျက်နှာပြင်က ထွက်လာတဲ့ အလင်းတွေကို ကြာကြာကြည့်တဲ့ သူတွေမှာ မျက်စိအမြင်အာရုံကိုလည်း ထိခိုက်စေသလို ဦးနှောက်အာရုံကြောကိုလည်း ထိုင်းမှိုင်းစေတဲ့ ပြဿနာတွေ ရှိပါတယ်။

    အဆိုးဆုံးကတော့ မနက်ကနေ ညအထိ ဖုန်းကိုတောက်လျှောက်သုံးနေတဲ့အခါ မျက်စိက ဒီအလင်းရောင်တွေကြောင့် အမြင်အာရုံဝေဝါးသလို ဖြစ်ပြီး ညမိုးချုပ်လို့ အိပ်ရမယ့်အချိန်ရောက်နေရင်တောင် မျက်လုံးက အိပ်မပျော်တော့ဘဲ ကြောင်နေတော့တာပါ။ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို လူငယ်အများစုက အိပ်မပျော်ရင် ဖုန်းကို ကောက်ကိုင်ပြီး အင်တာနက်မှာ ဘာတွေဖြစ်ပျက်နေသလဲ လျှောက်ကြည့်တော့တာပါပဲ။ ညအမှောင်ထဲမှာ ဖုန်းမျက်နှာပြင်ကနေ ထွက်လာတဲ့ အလင်းတန်းတွေဟာ မျက်စိရဲ့ အမြှေးပါးတွေကိုပါ ထိုးဖောက်သွားစေပြီး ပုံမှန်အချိန်ထက် ပိုဒုက္ခပေးနိုင်ပါတယ်။

    လေ့လာချက်အရ အသက် ၂၅ နောက်ပိုင်း လူကြီးအရွယ်မှာ ဖြစ်တတ်တဲ့ ညအိပ်မပျော်တဲ့ ပြဿနာ (Insomnia) အများစုဟာ စိတ်ဖိစီးမှု၊ ကျန်းမာရေးပြဿနာ၊ စိတ်ကျန်းမာရေးပြဿနာ၊ အလုပ်ခွင်ဖိအားတွေ၊ မိသားစုနဲ့ အချစ်ရေးပြဿနာကြောင့် ဖြစ်တာပါ။ ဆယ်ကျော်သက်တွေမှာတော့ ဖုန်းကို အလွန်အကျွံ အသုံးပြုခြင်းဟာ ညဘက်အိပ်မပျော်အောင် နှောင့်ယှက်နေတဲ့ အဓိကပြဿနာဖြစ်တယ်လို့ တွေ့ရှိရပါတယ်။

    ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ဆယ်ကျော်သက်သားသမီးတွေကို ဖုန်းအလွန်အကျွံ မသုံးစွဲဖို့နဲ့၊ ဒီလိုအသုံးပြုတဲ့အခါ နောက်ဆက်တွဲ ကြုံလာနိုင်တဲ့ ဆိုးကျိုးတွေ၊ ကျန်းမာရေးပြဿနာတွေကို အသိပေးဖို့ လိုအပ်ပါတယ်။ ဆယ်ကျော်သက်လူငယ်တွေအတွက်ကတော့ တစ်နေ့တာ ဖုန်းအသုံးပြုချိန်ကို လျှော့လိုက်ရင်၊ ညဘက်တွေမှာလည်း စောစောအိပ်မယ်ဆိုရင် ဒီလို အိပ်မပျော်ဘဲ မျက်စိကြောင်နေတဲ့ ပြဿနာက တော်တော်လေး သက်သာသွားမှာပါ။ လူကြီးအရွယ်ဆိုရင်တော့ ဖြစ်နိုင်ခြေ အကြောင်းရင်း အများကြီးရှိနိုင်တဲ့အတွက် ဆရာဝန်နဲ့ သေချာပြသပြီး ပြဿနာအရင်းခံကို အဖြေရှာဖို့ လိုအပ်ပါတယ်။

    ထပ်ဆောင်းမှာကြားလိုတာကတော့ ဆယ်ကျော်သက်အရွယ်မှာ တစ်နေ့အိပ်ချိန်ကို အနည်းဆုံး ၇နာရီရအောင် အိပ်စက်အနားယူပါ။ အိပ်ခါနီး ၂နာရီအလိုမှာ ဖုန်းအသုံးပြုခြင်းကို လုံးဝရပ်ပြီး ဖုန်းပိတ်ကာ သိမ်းထားလိုက်ပါ။ ညအမှောင်ထဲမှာ ဖုန်းမသုံးမိစေဖို့ သတိထားပါ။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ ပဲ၊ နွားနို့၊ ဂျုံစတာတွေကို ပြည့်ဝစုံလင်စွာ စားသုံးပေးပါ။ အရက်၊ ဆေးလိပ်၊ ကွမ်း၊ မူးယစ်ဆေးဝါး တတ်နိုင်သလောက် ရှောင်ပါ။ မရှောင်နိုင်ရင်လည်း လျှော့သုံးပါ။ အိပ်ချိန်ဆိုတာ လက်ရှိ လူတစ်ယောက်ရဲ့ စိတ်နဲ့ ခန္ဓါကျန်းမာရေး၊ ကိုယ်ခံအားစနစ်ကိုသာမက နောင်အနာဂတ်မှာ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မှုကိုလည်း သွားပြီး သက်ရောက်မှုရှိစေနိုင်တယ်ဆိုတာ မမေ့ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement