backup og meta

အိပ်ရေးဝအောင်အိပ်ကြပါ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ရေးဝအောင်အိပ်ကြပါ

    ညဉ့်နက်တဲ့အထိ အလုပ်တွေလုပ်နေရလို့ပဲဖြစ်ဖြစ်၊ ဇာတ်လမ်းကြည့်ကောင်းလို့ပဲဖြစ်ဖြစ် ရံဖန်ရံခါ အိပ်ရေးပျက်တာမျိုးရှိတတ်ပါတယ်။ တစ်ခါတစ်လေတော့ ကိစ္စမရှိပေမဲ့ နေ့တိုင်းလိုလို အိပ်ရေးဝအောင်မအိပ်ရရင်တော့ ကျန်းမာရေးထိခိုက်လာတော့မှာပါ။ ဒါဆိုဘာလို့ အိပ်ရေးဝအောင်အိပ်ဖို့လိုတာလဲ၊ အိပ်ရေးမဝရင် ခန္ဓာကိုယ်မှာဘယ်လိုတွေထိခိုက်လာနိုင်သလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်ပါ။

    အိပ်ရေးမဝတာက ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ အိပ်ရေးကောင်းကောင်းဝအောင်မအိပ်ရတဲ့ ရက်တွေများလာရင် ပြင်ပကဗိုင်းရပ်စ်ပိုးတွေ အလွယ်တကူဝင်ရောက်ပြီး အအေးမိတုပ်ကွေးရောဂါလိုရောဂါတွေ ပိုဖြစ်ပွားနိုင်တယ်လို့ဆိုပါတယ်။ တကယ်လို့ တခြားရောဂါတစ်ခုခုကြောင့် နေထိုင်မကောင်းဖြစ်နေချိန်မှာ ကောင်းကောင်းမအိပ်စက်ရရင်လည်း ရောဂါပျောက်ကင်းဖို့အချိန်ပိုကြာသွားနိုင်ပါတယ်။

    ဘာ့ကြောင့်ဒီလိုဖြစ်ရသလဲဆိုရင် ကျွန်တော်တို့တွေအိပ်ပျော်နေချိန်မှာ ကျွန်တော်တို့ ခန္ဓာကိုယ်က cytokines လို့ခေါ်တဲ့ ပရိုတင်းတွေထုတ်လုပ်ပေးပါတယ်။ ဒီပရိုတင်းတွေက အိပ်စက်မှုကိုအားပေးပါတယ်။ တချို့ cytokine အမျိုးအစားတွေက ရောဂါဖြစ်နေချိန်၊ စိတ်ဖိစီးမှုခံစားနေရချိန်မှာ ခန္ဓာကိုယ်လိုအပ်ချက်အရပိုထွက်လာပါတယ်။ အိပ်ရေးဝအောင်မအိပ်ရင် ဒီပရိုတင်းတွေထွက်ရှိမှုနည်းသွားပါတယ်။ နောက်ပြီး အိပ်ရေးပျက်တာများရင် ပြင်ပရောဂါပိုးမွှားတွေကို တိုက်ထုတ်မယ့် ပဋိပစ္စည်းတွေ၊ ဆဲလ်တွေလည်း အရေအတွက် နည်းပါးလာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တိုတိုပြောရရင် အိပ်ရေးပျက်ခြင်းကခန္ဓာကိုယ်ခုခံအားစနစ်ကို ထိခိုက်စေတာအမှန်ပဲဖြစ်ပါတယ်။

    အိပ်ရေးမဝရင် ခုခံအားစနစ်ပဲ အန္တရာယ်ရှိနိုင်တာမဟုတ်ဘဲ အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါအမျိုးမျိုးဖြစ်နိုင်ခြေလည်း မြင့်တက်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် အိပ်ရေးပျက်တာက နာတာရှည်ရောဂါတွေနဲ့လည်း ဆက်စပ်နေတာတွေ့ရမှာပါ။ နောက်ပြီး ကျွန်တော်တို့ ခန္ဓာကိုယ် ပြင်ပကနေ ရောဂါပိုးတစ်ခုခုဝင်လာရင် ကိုယ်တွင်းအပူချိန်မြင့်တက်လာပြီး တုံ့ပြန်လေ့ရှိပါတယ်။ ဒီလိုအပူချိန်မြင့်တက်တဲ့တုံ့ပြန်မှုက အိပ်စက်ချိန်မှာဖြစ်တာဖြစ်လို့ လုံလောက်တဲ့ အိပ်စက်ချိန်မရတဲ့သူတွေက ပြင်ပရောဂါပိုးတွေကို လွယ်လွယ်နဲ့ ပြန်မတိုက်ထုတ်နိုင်တော့ပါဘူး။

    နောက်ထပ်စိုးရိမ်စရာပြဿနာတစ်ခုကတော့ တုပ်ကွေးကာကွယ်ဆေးနဲ့သက်ဆိုင်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးထိုးထားရင် ရာသီတုပ်ကွေးအများစုကို ကာကွယ်နိုင်စွမ်းရှိတာ အတော်များများသိပြီးဖြစ်မှာပါ။ ဒါပေမဲ့ ဒီလိုအစွမ်းရဖို့ ကာကွယ်ဆေးတစ်ခုတည်းလည်းအားကိုးလို့မရပါဘူး။ ဆေးထိုးထားတဲ့သူကိုယ်တိုင်ရဲ့ခုခံအားစနစ်ကောင်းဖို့လည်း လိုအပ်ပါသေးတယ်။ ဒါကြောင့်မို့ အိပ်ချိန်လုံလုံလောက်လောက်မရှိတဲ့သူဆိုရင် ကာကွယ်ဆေးထိုးထားပေမယ့်လည်း တုပ်ကွေးရောဂါဖြစ်ပွားနိုင်ပါသေးတယ်။

    ကောင်းပြီ၊ ဒါဆိုရင် ရောဂါမျိုးစုံအန္တရာယ်ကနေ ကာကွယ်ဖို့အတွက် လုံလုံလောက်လောက်အိပ်ချိန်ရဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ သိပြီဆိုတော့ အိပ်ချိန်ဘယ်လောက်လိုသလဲဆိုတာပြောပြပါမယ်။ ခန္ဓာကိုယ်ခုခံအားစနစ်ကောင်းကောင်းအလုပ်လုပ်ဖို့အတွက် အရွယ်ရောက်လူကြီးတွေက တစ်နေ့ကို ၇-၈နာရီ၊ ဆယ်ကျော်သက်တွေကဆို ၉-၁၀ နာရီနဲ့ ကျောင်းတက်ကလေးငယ်တွေကို တစ်ရက်ကို ၁၀နာရီ အိပ်စက်ဖို့ အသီးသီးလိုအပ်ပါတယ်။ တစ်ခုသတိပြောလိုတာက များများအိပ်တိုင်းလည်း ခန္ဓာကိုယ်အတွက် အကျိုးမရှိဘူးဆိုတာပါပဲ။ လိုအပ်တာထပ်အကြာကြီးပိုအိပ်ရင် လူက တက်တက်ကြွကြွမဖြစ်တော့ပဲ လေးလံထိုင်းမှိုင်းလာတတ်ပါတယ်။ အရွယ်ရောက်လူကြီးတွေက သတ်မှတ်ထားတဲ့ ၉-၁၀ နာရီထက်ပိုအိပ်ရင် အိပ်ရေးမဝသလိုခံစားရတာ၊ ငြီးစီစီဖြစ်နေတာ၊ နောက်ရက်တွေမှာ လွယ်လွယ်နဲ့အိပ်မပျော်တော့တာ စတဲ့ပြဿနာတွေ ခံစားရနိုင်ပါတယ်။

    လူတိုင်းရဲ့ ခန္ဓာကိုယ်က ဘတ်ထရီတစ်လုံးနဲ့ဆင်တူပါတယ်။ တစ်နေ့တာလှုပ်ရှားသွားလာပြီးရင် နောက်တစ်ရက်အတွက် အိပ်စက်ပြီး အားပြန်ဖြည့်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့လည်း အိပ်စက်ခြင်းက အရေးကြီးလှပါတယ်။ ဒါ့ကြောင့် ညဖက်တွေပိုပြီး လွယ်လွယ်ကူကူအိပ်ပျော်နိုင်ဖို့ နည်းလမ်းလေးတွေပါ ဖော်ပြလိုက်ရပါတယ်။

    – ညဖက်အိပ်ချိန်နီးမှ ကော်ဖီ၊ လက်ဖက်ရည်လို ကဖင်းဓာတ်ပါတဲ့သောက်စရာတွေမသောက်ပါနဲ့

    – အိပ်ချိန်နီးမှ မိုဘိုင်းဖုန်းသုံးတာ၊ တီဗီကြည့်တာတွေမလုပ်ပါနဲ့၊ မျက်လုံးကြောင်သွားနိုင်ပါတယ်

    – အခန်းကိုမီးပိတ်အိပ်တာက ဖွင့်အိပ်တာထက် ပိုလွယ်လွယ်အိပ်ပျော်စေမှာပါ။ ဒါပေမဲ့ လူတစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူးပေါ့။ မီးရောင်လေးရှိမှ အိပ်ပျော်တဲ့သူဆိုရင် မီးလုံးသေးသေးလေးထွန်းထားပြီးအိပ်နိုင်ပါတယ်

    – လေ့လာမှုတွေအရ ညဖက်မအိပ်ခင် ရေနွေးနွေးလေးနဲ့ရေချိုးပြီးမှ အိပ်စက်ရင် ပိုပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်လို့ ဆိုပါတယ်

    – အိပ်ခါနီးမှ အရက်၊ ဆေးလိပ်သောက်တာမျိုးမလုပ်ပါနဲ့။ အရက်သောက်မယ်ဆို အိပ်ချိန်နဲ့အနည်းဆုံး ၆ နာရီလောက်ခြားပြီးသောက်ထားပါ

    – အိပ်ဖို့ခုတင်ပေါ်ရောက်ပြီဆိုရင် စိတ်ကိုလျှော့ထားလိုက်ပါ၊ တောင်တောင်အီအီတွေမတွေးတော့ဘဲ ခန္ဓာကိုယ် ကကြွက်သားတွေကို ဖြည်းဖြည်းချင်း ဖြေလျှော့လိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်လိုက်ပါ။ ဒီနည်းလမ်းတွေအတိုင်းကျင့်သုံးကြည့်ပြီး အိပ်ရေး၀၀ အိပ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    ရေးသားသူ – Dr. Htoo Tint Ko Ko

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement